Monday, September 30, 2019

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




Image may contain: one or more people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၂၉




ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး နာယကများဖြစ်ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရွှေသင်္ကန်း တော် အရည်အသွေးပိုင်းဆိုင်ရာများနှင့် ရွှေတိဂုံစေတီတော် ပြုပြင်မွမ်းမံရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခဲ့မှုများ၊ နည်း ပညာအဆင့်မြင့်မားသည့် ရွှေသင်္ကန်းတော်များ ကပ်လှူနိုင် ရေးနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်များနှင့် ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်




Image may contain: 5 people, people smiling, people standing
နေပြည်တော် စက်တင်ဘာ ၂၉




(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက် ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား(Treaty Event 2019) သို့ တက်ရောက်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ အတည်ပြုပါဝင်ရေးစာချွန်လွှာ (Instrument of Ratification) ကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂဥပဒေရေးရာဌာန အကြီးအကဲမှ တစ်ဆင့် ပေးအပ်ခဲ့သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဘက်မှ ကုလသမဂ္ဂဌာနချုပ် ဥပဒေ ရေးရာဌာန Under Secretary - Generalဖြစ်သူMr. Miguel de Serpa Soares နှင့် ယင်းဌာန၏ အပြည်ပြည် ဆိုင်ရာ စာချုပ်စာတမ်းများဌာနခွဲ၏ ခေတ္တအကြီးအကဲ Mr. David K. Nanopoulos တို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba တို့ တက်ရောက် ကြသည်။
၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ
မြန်မာနိုင်ငံသည် အဆိုပါနောက်ဆက်တွဲ အခြေပြ စာချုပ်အား အတည်ပြုသည့် ၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ်အား ပြည်တွင်းအခြေအနေများနှင့် လျော်ညီစွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် အာတီကယ် ၃(၂) အား ''ကြေညာချက်''နှင့် အာတီကယ် ၄ အား ''အဓိပ္ပာယ်ရှင်းလင်း ကြေညာချက်'' တို့ကို ထုတ်ပြန်လျက် အတည်ပြုပါဝင်ခဲ့သည်။
ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်ရေး
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးဥပဒေအသစ် ကို ပြည်တွင်း၌ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယခု အခြေပြ စာချုပ်ကို အတည်ပြုပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ ၏ အခွင့်အရေးကာကွယ်ရေးအတွက် သိသာထင်ရှားသည့် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး




Image may contain: 1 person, outdoor
နေပြည်တော် စက်တင်ဘာ ၂၉




လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့် အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက် ထားသည့် ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဓာတ်အားပေးစက်ရုံရှိ ချွတ်ယွင်းသွား သောစက်အမှတ်(၁)၏ ပြုပြင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေအား ကြည့်ရှု စစ်ဆေးရာ ဓာတ်အားပေးစက်ရုံမှူးနှင့် တာဝန်ရှိသူများက ချွတ်ယွင်းသွားသော ဓာတ်အားပေးစက်၏ အစိတ်အပိုင်းများ နှင့် လဲလှယ်ဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြ သည်။ ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဓာတ်အားပေး စက်များ ကြံ့ခိုင်ကောင်းမွန် စေရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန်၊ လျှပ်စစ်အ္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြည့်ပြည့် ၀၀ ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊ စက်ရုံ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သော ဓာတ်အားပေး စက် အစိတ်အပိုင်းများအား လဲလှယ် ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံòန်း များနှင့်အညီ စနစ်တကျလဲလှယ် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် အထူး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ဖြူးချောင်း ပေါ်တွင် တည်ဆောက်ထားပြီး ၂၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင်အမျိုး အစား နှစ်လုံးဖြင့် စုစုပေါင်းတပ်ဆင် အင်အား ၄၀ မဂ္ဂါဝပ်ရှိသော ဓာတ်အား ပေးစက်ရုံ ဖြစ်သည်။ ဩဂုတ် ၂၃ ရက်တွင် ဓာတ်အားပေးစက်အမှတ်(၁)၏ Stator Winding ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး စက်အမှတ်(၁)အား ရပ်တန့်ခဲ့ရသည်။ ချွတ်ယွင်းသွားသော စက်ပစ္စည်းအစိတ် အပိုင်းများအား ဌာနမှ ကျွမ်းကျင် ဝန်ထမ်းများ စုပေါင်း၍ စနစ်တကျ လဲလှယ်တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဓာတ်အားပေးစက် အမြန် ပြန်လည်မောင်းနှင်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန် တွင် ဓာတ်အားပေး စက်အမှတ် (၂) မှ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက် ၍ လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ် ဝန်အားပြည့် မောင်းနှင်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

အသက်ကြောင့် မခွဲခြားတို့ဘိုးဘွား စွမ်းအားတူညီ လျှောက်လှမ်းမည်


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ တိုးပွားလျက်ရှိပြီး ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းမှာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လိုအပ် နေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးသည်။ သက်ကြီးရွယ်အို ဆိုသည်မှာ အသက် ၆၀ နှင့်အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုသည်ဟု ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေတွင် ဖွင့်ဆိုထားသည်။ မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း စသည်ဖြင့် တိုးတက် ပြောင်းလဲလာခဲ့ရာ ယင်းပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ စိန်ခေါ်မှုများလည်း တစ်ပါတည်းပါလာခဲ့သည်။
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများသည် သက်ကြီးရွယ်အိုဘ၀ ဝင်ငွေ မလုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြဿနာများနှင့် လူမှုရေး အထီးကျန်မှုဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။ မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို သားသမီးမြေးမြစ်များက လေးစားတန်ဖိုးထားကာ အတူနေထိုင် ပြုစုစောင့်ရှောက်ခဲ့ကြသော်လည်း ပြောင်းလဲလာသော ခေတ်ကာလနှင့် လူမှုစီးပွားရေးအခြေအနေတို့က ဓလေ့ထုံးတမ်းအစဉ်အလာတို့ကို ပြောင်းလဲပျက်ယွင်းသွားစေခဲ့သည့်အလျောက် လူမှုကာကွယ် စောင့်ရှောက်မှုများပေးရန် လိုအပ်နေသည့် သက်ကြီးရွယ်အိုများ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။
သက်ကြီးရွယ်အိုဘ၀ ဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေရန် အတွက် နိုင်ငံတော်အစိုးရက လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုစဉ်က ပင်စင် အကျိုးခံစားခွင့်အတွက် အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကို သတ်မှတ်ခဲ့ရာ သက်ကြီးရွယ်အိုဦးရေ ၄၃၄၃၉ ဦး ခံစားခဲ့ရပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကျုံးဝင်အသက်ကို ၈၅ နှစ်သို့ လျှော့ချခဲ့ရာ လူမှုရေးပင်စင် ခံစားခွင့်ရသူဦးရေ ၁၄၀၀၀၀ အထိ ပါဝင်လာခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ ပြန်လည်ထူထောင်ပေးခြင်းနှင့် အခြား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို လည်းကောင်း၊ သက်ကြီးရွယ်အိုများကို လူမှုရေးစောင့်ရှောက်မှုပေးရာတွင် ၎င်းတို့၏ လူမှုရေးအထီးကျန်မှုများအပေါ် ဖြေလျှော့ပေးနိုင်မည့် အစီ အစဉ်များ ဆောင်ရွက်ပေးခြင်း၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်း ကိရိယာများ၊ နေ့စဉ်လှုပ်ရှားသွားလာမှုအတွက် လိုအပ်ချက်များကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်းတို့ကိုလည်းကောင်း ပြုလုပ်ပေးရန် လိုအပ် လျက်ရှိသည်။
သက်ကြီးရွယ်အိုဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့် အရေးများကိုလည်း ပြဋ္ဌာန်းထားရာ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ခံစားရနိုင်ရေးအတွက် မပျက်မကွက်ဆောင်ရွက်ပေးရန်လိုမည်ဖြစ်သည်။ ဤသည်မှာ ကုလသမဂ္ဂ ၏ ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်တွင် ပါဝင်သည့် ''၂၀၃၀ ပြည့်နှစ် တွင် အသက်၊ ကျား/မ အမျိုးအစား၊ မသန်စွမ်းသူများ၊ လူမျိုးများ၊ လူမျိုးစုများ၊ ဇာတိ၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် စီးပွားရေးအခြေအနေ စသည်တို့ အားလုံးပါဝင်သည့် လူမှုရေး၊ စီးပွားရေး၊ အခြားအခြေအနေများ စသည့် နိုင်ငံရေးကဏ္ဍအားလုံး စွမ်းရည်မြှင့်တင်ရေး''ဟူသည့်အချက်နှင့် လည်း ကိုက်ညီမည်ဖြစ်သည်။
လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် ''အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့''ကို ''အသက်ကြောင့် မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်''ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ သက်ကြီးရွယ်အိုများအား ခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လျစ်လျူရှုခြင်း၊ စွန့်ပစ်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မတရားပြုမူခြင်းတို့မှ ကာကွယ်စောင့်ရှောက်မှုပေးကာ လူမှုအသိုင်းအဝိုင်း အတွင်း လေးစားစွာ အသိအမှတ်ပြုနေရာပေးလျက် ဘ၀ခရီးကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။

Sunday, September 29, 2019

ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိ



Image may contain: one or more people
နေပြည်တော် စက်တင်ဘာ ၂၈


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့် အာဖရိကနိုင်ငံများ၏ ဆင်းရဲသောကျေးရွာများတွင် ထိခိုက်မှုပိုမိုဖြစ်ပွားနေသည်ကို မှတ်တမ်းများအရ သိရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိHilton ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်ရန်
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ခွေးရူးရောဂါသည် ကာကွယ်ဆေးဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်ပါ ကြောင်း၊ အိမ်မွေးတိရစ္ဆာန် များကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကြောင့်သေဆုံးမှုကို လျော့ပါးစေနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခွေးရူးရောဂါကူးစက်မှုဖြစ်ပွားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် ရောဂါကူးစက် ဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) တို့ ပူးပေါင်း၍ နိုင်ငံအတွက် ခွေးရူးရောဂါလျော့ကျရေးကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင် ဖြစ်လာမည့် အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အပြီးသတ်ရေးဆွဲအတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ခွေးကောင်ရေ တစ်သန်း ကာကွယ်ဆေးထိုးစီမံချက်ကို မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် Four Paws International အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိHigh Riskဒေသများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
က္ဘာလုံးဆိုင်ရာရည်မှန်းချက် အောင်မြင်မည်
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုများလျော့ပါးစေရန် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်၊ ပုဂ္ဂလိက၊ မွေးမြူရေးသမားများ၊ အထောက် အပံ့ပေးသူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ဟန်ချက်ညီညီ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှု ''သုည''အထိလျှော့ချနိုင်ရေးဆိုသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်လည်း အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ခွေးရူးရောဂါကင်းစင်ရေး အခြေခံဆောင်ရွက်ချက်များရှင်းလင်း
ထို့နောက် Four Paws Internationall မှ Director of Project Development Dr. Amir Khalil က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းမော်က ၂၀၃၀ ပြည့်နှစ် တွင် ခွေးရူးရောဂါကင်းစင်ရေးအတွက် အခြေခံဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။
ခွေးရူးရောဂါကာကွယ်ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သည့် သိပ္ပံပညာရှင် Louis Pasteur ၏ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အဖြစ် ကမ္ဘာလုံးဆိုင်ရာ ခွေးရူးရောဂါထိန်းချုပ်ရေးအဖွဲ့က စတင် သတ်မှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ ''ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့'' ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပြင်သစ်နိုင်ငံ သမ္မတဟောင်း Mr. Jacques Chirac ကွယ်လွန်သွားခဲ့သည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး




ရန်ကုန် စက်တင်ဘာ ၂၈



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်းMr. Jacques Chirac ကွယ်လွန်သွားခဲ့သည့်အတွက် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-(၁၀၂) ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနေအိမ်၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် သွားရောက် လက်မှတ်ရေးထိုးသည်။
ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်းMr. Jacques Chirac သည် ကွယ်လွန်ချိန်၌ အသက် ၈၆ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား တွေ့ဆုံ




နေပြည်တော် စက်တင်ဘာ ၂၈




(၇၄) ကြိမ်မြောက် ကုသမဂ္ဂအထွေထွေ ညီလာခံတက်ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးMr. Filippo Grandi အား စက်တင်ဘာ ၂၆ ရက်တွင် ကုလသမဂ္ဂဌာနချုပ်၌ တွေ့ဆုံခဲ့သည်။
ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး
တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား အထောက်အကူပြုရန် မြန်မာနှင့် ကုလသမဂ္ဂ(UNDP/ UNHCR) တို့ အကြား သဘောတူလက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အလေးထားပြောကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြစ်သည့် Quick Impact Projects - QIPs များကို အကောင်အထည်ဖော်ခြင်းဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံးအတွက် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုရန် အရေးကြီးကြောင်းအလေးထား ပြောကြားခဲ့သည်။
သတင်းစဉ်

တစ်နေ့ တစ်ရွက် နှစ်ရွက် တစ်နေ့ တစ်မျက်နှာ နှစ်မျက်နှာ


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



''စာဖတ်ပါ''ဟူသော တိုက်တွန်းနှိုးဆော်သံများကို မကြာခဏဆိုသလို ကြားရသည်။ အသက်အရွယ်မရွေး လူတိုင်း စာဖတ်ကြစေချင်သည်။ ယနေ့ခေတ်တွင် စာပေလွတ်လပ်ခွင့်၏ အသီးအပွင့်အဖြစ်နှင့် စာအုပ် များစွာ အပြိုင်းအရိုင်း ထွက်ပေါ်လာသည်။ စာပေတိုက်များ၊ စာအုပ် အရောင်းဆိုင်များကို သွားကြည့်လျှင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကာလနှင့် လုံး၀ကွဲပြားခြားနားနေသည်ကို သိသိသာသာပင် မြင်တွေ့ရမည်။
စာဖတ်ရန် အဘယ်ကြောင့် တိုက်တွန်းနှိုးဆော်နေရသနည်းဟု ဆိုသော် စာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်က ကြီးမား ခြင်းကြောင့်ဖြစ်သည်။ လူတစ်ဦးမှသည် လူတစ်စုတစ်ဖွဲ့၊ ယင်းမှသည် လူတိုင်းလူတိုင်း စာဖတ်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်း၏ တန်ဖိုး ကလည်း မြင့်သည်ထက်မြင့်လာသည်။ စာပေသည် အတတ်ပညာ၊ ဉာဏ် အမြော်အမြင်၊ ပိုင်းခြားဝေဖန်မှုနှင့် အသိသုတတို့၏ ပင်မအရင်းအမြစ်ကြီး ဖြစ်ရာ စာဖတ်ခြင်းက သင်ယူနေခြင်းပင်ဖြစ်သည်။ အသိပညာမြင့်မား သူတို့ဖြင့် ဖွဲ့စည်းထားသည့် လှူအဖွဲ့အစည်းသည်လည်းကောင်း၊ နိုင်ငံသည် လည်းကောင်း ကြီးပွားတိုးတက်ရန် အဓိကကျသည့် အရင်းအမြစ်နှင့် ပြည့်စုံနေမည်ဖြစ်သည်။
''စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ်ဆိုတာ အသက်နဲ့ မဆိုင်ပါ ဘူး၊ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ် လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ ကို တော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာတော့ တစ်နေ့ကို တစ်ရွက် နှစ်ရွက်လောက်၊ တစ်မျက်နှာ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်'' ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားပေး တိုက်တွန်းထားသည်။ စာမဖတ်ခြင်းအတွက် အချို့တွင် အကြောင်းပြချက် များရှိနေကြသည်။ ဖတ်စရာ စာအုပ်မရှိ၍၊ စာအုပ်များ ဈေးကြီး၍၊ အလုပ် မအား၍၊ အချိန်မပေးနိုင်၍၊ အသက်ကြီးလာ၍၊ ကျန်းမာရေး မကောင်း၍ စသည်စသည်တို့ကို အများအားဖြင့် ဆင်ခြေပေးကြပြီး စာဖတ်ရန် ပျင်းရိ ငြီးငွေ့ခြင်းဟူသည့် အဓိကအချက်ကို ဖုံးကွယ်ထားတတ်ကြသည်။
အမှန်တကယ်သာ စာဖတ်မည်ဆိုပါက သည်ခေတ်တွင် အရင်းအမြစ် များက အများအပြားရှိလာနေပြီဖြစ်သည်။ စာအုပ်တစ်အုပ်၏ တန်ဖိုး သည် တစ်လစာ ဖုန်းဘီလ်ဖိုးနှင့်နှိုင်းယှဉ်ပါက ဘာမျှမဟုတ်။ ဝယ်မဖတ် လိုပါကလည်း ငှားဖတ်ရန်နေရာများ မြို့တိုင်းလိုလိုမှာ ရှိနေသည်။ အချို့ အိ်မ်တိုင်ရာရောက် စာအငှားဝန်ဆောင်ပေးနေသည်များပင် ရှိသည်။ စာတစ်အုပ်ဖြင့် တစ်နေကုန် အချိန်ကုန်နေစရာမလို။ မိမိစိတ်ဝင်စားသည့် စာအုပ်ကို တစ်နေ့လျှင် တစ်မျက်နှာ၊ နှစ်မျက်နှာခန့်သာဖတ်။ ဖတ်လက်စ စာမျက်နှာလေးမှာ ကတ်ပြားကလေးထိုး၍ မှတ်ထား။ နောက်တစ်နေ့ နောက်တစ်နေ့ ဆက်ဖတ်သွားပါက ဤနည်းဖြင့် အချိန်ကာလကြာလာလျှင် စာအုပ်များစွာ ဖတ်ရှုပြီးဖြစ်နေလိမ့်မည်။ စာဖတ်များလာသည့်အခါ ဆင်ခြင်တွေးဆတတ်လာမှုနှင့်အတူ စိတ်နှလုံးက ပြည့်၀လာသည်။ အပြု အမူ၊ အပြောအဆို၊ အတွေးအကြံတို့တွင် သတိတမန် ဉာဏ်မြေကတုတ် အထိန်းအအုပ်တို့ဖြင့် ကောင်းရာမွန်ရာသို့သာ ဦးတည်တတ်လာသည်။
''ပညာပြည့်၀၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏''ဟူသော မဃဒေ၀လင်္ကာသစ်၏ အဆိုအမိန့်နှင့် အနက်အဓိပ္ပာယ် ထပ်တူပင် အင်္ဂလိပ်ပညာရှိကြီး ဖရန်စစ်ဘေကွန်က ၎င်း၏ Of Studies အက်ဆေး တွင် ရေးသားခဲ့သည်။ အင်း၀ခေတ် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာတွင် လည်း ''မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်''ဟူ၍ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပင် တိုက်တွန်းနှိုးဆော်ထားခဲ့ သည်။ အကြားအမြင်ဗဟုသုတ နည်းပါးသူအဖြစ်ဖြင့် တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးရင့်လာရခြင်းကို အချည်းနှီး ကြီးရင့်ခြင်းဟူ၍ ဓမ္မပဒတွင် ညွှန်ပြထားသည်။ ဗဟုသုတနည်းသူအဖြစ် အသက်ကြီးလာရခြင်းသည် နွားလားကဲ့သို့ အသားတို့သာ တိုးပွားလာပြီး ပညာမတိုးပွားဟူ၍လည်း ဆုံးမထားသည်။ မိမိကိုယ်တိုင်၊ မိမိ ပါဝင်သည့်လှူအဖွဲ့အစည်းနှင့် မိမိ နိုင်ငံ တိုးတက်ရေးတွင် လိုအပ်ချက်ဖြစ်သည့်''စာဖတ်ခြင်း''ကို နေ့စဉ် မပျက်မကွက် တစ်မျက်နှာ၊ နှစ်မျက်နှာဖြစ်စေ၊ တစ်ရွက်၊ နှစ်ရွက်ဖြစ်စေ ဖတ်ရှုနိုင်ကြပါစေကြောင်း။ ။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီတွေ့ဆုံ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေး




Image may contain: 2 people, people sitting, suit and shoes
နေပြည်တော် စက်တင်ဘာ ၂၈




နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Pham Binh Minh နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့အား စက်တင်ဘာ ၂၇ ရက်တွင် သီးခြားစီတွေ့ဆုံခဲ့သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးနှစ်ဦးအား ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့သည်။
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးများက နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာအစည်းအဝေးများတွင် အပြန်အလှန် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ ကြသည်။ သတင်းစဉ်

Saturday, September 28, 2019

နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ



နေပြည်တော် စက်တင်ဘာ ၂၇
၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ကျင်းပသည်။

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပလျက်ရှိပြီး နေပြည် တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၊ ရန်ကုန် မြို့တွင် Junction City ရှိ JCGV၊ ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၊မန္တလေးမြို့ Central Point ရှိ မင်္ဂလာရုပ်ရှင်ရုံနှင့် လားရှိုးမြို့ရှိ သီတာအေးရုပ်ရှင်ရုံတို့၌ ယခင်နှစ်များထက် ရသပိုမိုစုံလင်သည့် ရုပ်ရှင်ဇာတ်ကားကောင်းများကို မြန်မာ စကားပြောဖြင့် ပရိသတ်ကြည့်ရှုခံစား နိုင်ရန် အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရုပ်ရှင်၊ မီဒီယာစသည့် နယ်ပယ်တွင် ကူးလူးဖလှယ်မှုနက်ရှိုင်းစေ ပြီး နှစ်နိုင်ငံပြည်သူများ လူမှုရေးဆိုင်ရာ ကူးလူးဖလှယ်မှုအတွက် ပေါင်းကူး တံတား တည်ဆောက်လိုပါကြောင်း၊ မြန်မာနိုင်ငံသည် သမိုင်းကြောင်း ရှည်ကြာပြီး အနုသုခုမ စုံလင်ပါကြောင်း၊ ပိုမိုများပြားသည့် မြန်မာ့ရုပ်ရှင်လက်ရာ ကောင်းများ တရုတ်နိုင်ငံဈေးကွက်ကို ရောက်ရှိပြီး တရုတ်နိုင်ငံပြည်သူများက လည်း မြန်မာနိုင်ငံကို နားလည်မှုတိုးမြှင့် ကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို နက်ရှိုင်းစေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့အခမ်းအနား သည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည် ရေးအတွက် ရည်ရွယ်ကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ နိုင်ငံနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်သည့် နေရာတွင် အုပ်ချုပ်သည့် အစိုးရနှစ်ခု အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နေရုံဖြင့် မလုံလောက်ဘဲ အခြေခံအကျ ဆုံးဖြစ်သည့် နှစ်နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများ အချင်းချင်း ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာ ကူးလူးဆက်ဆံမှု၊ အပြန်အလှန်နားလည် မှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိမှသာ ရေရှည် ခိုင်မြဲသည့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်မည် ဖြစ်ပါကြောင်း။
ယခုရုပ်ရှင်ပွဲတော်၌ ပြသမည့် ရုပ်ရှင်ကားများသည် တရုတ်ပြည်သူ များ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးတင်ဆက် ထားသည်ဟု သိရှိရပါကြောင်း၊ ရုပ်ရှင် ပွဲတော်မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုသည် ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ရုပ်ရှင်ဇာတ်ကားကိုပြသ
ထို့နောက် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ရပ်ရွာဖွံ့ဖြိုးရေး ပြယုဂ်ဖြစ်သည့် ဆင်းရဲ မွဲတေသော တောရွာမှ ချမ်းသာကြွယ်၀ သော ရွာတစ်ခုအဖြစ် ကြိုးစားရုန်းကန် မှုများကို အဓိကဖော်ပြထားသော ဇာတ်လမ်းဖြစ်သည့် ]]တောင်ပေါ်မှာ ပွင့်တဲ့အပြုံးပန်း}} တရုတ်ရုပ်ရှင် ဇာတ်ကားကို ပြသသည်။

သတင်းစဉ်

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: one or more people, people standing and outdoor 

နေပြည်တော် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မကွေးမြို့ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်၍ စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ လွှတ်တော်ရုံး အဆောက်အအုံသစ်အား အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်ဌေး၊ ဦးသက်ခိုင်၊ ဦးအေးကျော်နှင့် Kyaw Thar Engineering & Construction Group Co,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က လွှတ်တော်ရုံး အဆောက်အအုံသစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွှတ်တော်အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများနှင့် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့အား မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ကံ့ကော်ပင် စိုက်ပျိုးပေး
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က လွှတ်တော်အဆောက်အအုံသစ် ဖွင့်ပွဲအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ လွှတ်တော်ရုံးအဆောက်အအုံသစ် မျက်နှာစာတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ လွှတ်တော်ရုံးအဆောက်အအုံ သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့နှင့်အတူ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် နတ်မောက်မြို့မှ ဆက်လက်ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
ကပြဖျော်ဖြေ
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်း ယဉ်ချေ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညစာသုံးဆောင် နေစဉ်အတွင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ သတင်းစဉ်

ကျေးလက်ဒေသများနှင့် အစဉ်အလာ ရေဘေးအန္တရာယ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်



၂၀၁၉ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာ နှစ်လအတွင်း မိုးရွာသွန်းမှု များပြား သည့်အတွက် နိုင်ငံ၏ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ သည်ကို သိရှိရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ နေရာ တို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ အိုးအိမ်များ၊ လမ်းများ၊ တံတားများ၊ လယ်ယာမြေများ ပျက်စီးခဲ့လေသည်။ မွန်ပြည်နယ်၌ နောက်ဆက်တွဲ အနေဖြင့် တောင်ပြိုမှုပါဖြစ်ပွားခဲ့ပြီး လူအများအပြား ပျက်စီးဆုံးရှုံး ခဲ့သည်အထိ ကြုံကြရပါသည်။

စက်တင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက မြို့နယ်တိုင်းလိုလိုတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး လယ်ယာမြေအချို့ ပျက်စီးခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးသည့်နောက် ချောင်းမြောင်း များ ပြည့်လျှံခြင်း၊ တောင်ကျရေကျဆင်းခြင်း၊ ဆည်တမံများ ကျိုးပေါက် ခြင်း စသည်တို့၏ အရင်းခံအကြောင်း အမျိုးမျိုးရှိ၏။

ယခုနှစ် အဖြစ်အပျက်များကို ကြည့်လျှင် မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေ ကျဆင်းမှုတို့က အဓိကဖြစ်သည်ကို တွေ့ရပါသည်။ ပုံမှန် ထက် မိုးရေချိန်ပမာဏများပြားခြင်းအပြင် သစ်ပင်သစ်တောများ ပြုန်းတီးနေခြင်းက တောင်ကျရေစီးဆင်းမှုအရှိန်ကို မဟန့်တားနိုင်၊ ဒလဟော စီးဆင်းစေလေသည်။

သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ ဆောင်ရွက်မှုများအရ ရိုးမများ တွင် သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းထားသော်လည်း ထင်း၊ မီးသွေး ထုတ်လုပ်မှုနှင့် တောင်ယာလုပ်ငန်းများ ဆက်လက်တည်ရှိနေသည်ဖြစ်ရာ သစ်တောပြုန်းတီးမှုများက ရှိနေဆဲပဲဖြစ်သည်ဟု မြင်ပါသည်။ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ယခင်သမားရိုးကျ စိုက်ပျိုးမှု မျိုးတွင် ပေါင်းမြက်နှင့် အလေ့ကျပေါက်ပင်တို့က ရှင်သန်ဆဲဖြစ်သဖြင့် တောင်ကုန်းမြေကို အတန်အသင့် ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ပေါင်းသတ်ဆေးများ သုံးစွဲစိုက်ပျိုးမှုများရှိနေမည်ဆိုလျှင်မူ ပေါင်းပင် တို့ကို အမြစ်ဖြတ်နိုင်သောကြောင့် အပင်မပေါက်နိုင်။ ထို့ကြောင့် ရေထိန်းသိမ်းနိုင်မှု မဲ့နိုင်ပြီး တောင်ကျရေစီးဆင်းမှုကို အားပေးမည်ဖြစ် လေသည်။ ထိုသို့သော ရေစီးဆင်းမှုက ရေရှည်တွင် နုန်းအနည်အနှစ်များ တင်ရှိနိုင်ပြီး ချောင်းမြောင်းများ တိမ်ကောနိုင်သည်ကို သတိပြုသင့် ပါသည်။
ချောင်းမြောင်းများ တိမ်ကောခြင်းဆိုသည်ကလည်း ရေကြီးရေ လျှံခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။ တစ်ဖန် ချောင်းမြောင်းများ၊ တမံများ၊ ရိုးများသာမက ရေစီးဆင်းသိုလှောင်နိုင်ရာ လမ်းကြောင်းများအားလုံး တိမ်ကော ပျောက်ပျက်ခြင်းများဖြစ်လာလျှင် ကုန်းမြေများပေါ်သို့ ရေလျှံတော့မည်မှာ ဓမ္မတာသာ။

ထို့ကြောင့်လည်း ရှေးရိုးစဉ်ဆက် ရိုးရာမပျက် ဆည်မြောင်းများ၊ ရိုးများ၊ တာများ၊ တမံများ၊ သစ်တောများဖြင့် ရေကို လိုအပ်လျှင် အလွယ် တကူ ရယူရန်နှင့် လိုအပ်သလို ထိန်းသိမ်းနိုင်ရန် စီမံကာကွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါမူ အစဉ်အလာထိန်းသိမ်းမှုများ အားနည်းလာပြီး သစ်ပင်သစ်တော အပြောင်ရှင်းမှုများကလည်း ရှိနေသည်။ ထို့ပြင် မြစ်၊ ချောင်း၊ ရိုးများ၏ အရေးပါမှုကို အလေးဂရုမပြုနိုင်ကြဘဲ စက်ကြီး များဖြင့်ဖို့ကာ လယ်မြေခြံမြေများ တိုးချဲ့ မှုများက များလာသည့်အတွက် ရေလမ်းကြောင်းများ ပိတ်ဆို့၊ ရေထိန်းဧရိယာများ ပျောက်ဆုံးလာနေပြီး လယ်မြေရွာမြေများ၌ ရေကြီးရေလျှံမှုများ ပိုမိုကြုံတွေ့နေရပြီဖြစ်သည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးနစ်မြုပ်မှုက ကာကွယ်ရန်အတွက် အရေးပါသော ချောင်းကော၊ မြောင်းကော နှစ်ဆယ့် ငါးခုကို ကျပ်ငွေကိုးဘီလီယံထိ သုံးစွဲကာ ပြန်လည်ပြုပြင်ရန် စီစဉ်နေ ကြောင်း သိရသည်။ ထိုသို့ အစိုးရက စီစဉ်နေချိန်တွင် ပြည်သူများကလည်း မိမိတို့ ဒေသများရှိ လယ်မြေများအတွင်းက ချောင်းမြောင်းများ၊ ရိုးများ၊ တမံများကို တတ်နိုင်သရွေ့ ဝိုင်းဝန်းထိန်းသိမ်းကြခြင်းဖြင့် မိမိတို့၏ ဒေသများကို ရေကြီးမှုဒဏ်က သက်သာစေမည်ဖြစ်ပါသည်။
ရေကြီးရေလျှံမှုပြဿနာကို ဖြေရှင်းရာတွင် သတင်းနှင့်အချက် အလက်များ မှန်မှန်ကန်ကန် သိရှိရေးကလည်း အရေးပါသည်ဖြစ်၏။ ကောလာဟလများ၊ သတင်းတုများကို အလွယ်တကူမယုံကြည်ကြဘဲ အခြေအမြစ်ရှိသည့် သတင်းမှန်များကို သတင်းပေးနိုင်ရေးကလည်း အရေးကြီးပါသည်။ ယင်းအတွက် အစိုးရနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိ သူများ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ ဒေသခံခေါင်းဆောင်များ၏ အကူအညီကလည်း အရေးကြီးပါသည်။

ယခုအခါတွင် ရေကြီးရေလျှံမှုသည် နှစ်စဉ်လိုလို ကြုံတွေ့နေရသော ပုံမှန်သဘာ၀ဘေးအန္တရာယ်ဖြစ်လာနေပြီ။ ယခုနှစ်တွင်သာမက နောင်နှစ် များအတွက် ကြိုတင်ပြင်ဆင်ကြရာတွင်လည်း အစိုးရနှင့် ပြည်သူ့ကိုယ်စား လှယ်များက စနစ်ကျနသော အစီအမံများကို ပြင်ဆင်ဆောင်ရွက်ရန်နှင့် အတူ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကို စည်းရုံးလှုံ့ဆော်ရယူကြခြင်း ဖြင့်သာ ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေး

Image may contain: 4 people, people smiling, people standing

နေပြည်တော် စက်တင်ဘာ ၂၇


ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ - ၂၀၁၉(World Tourism Day- 2019) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ တက်ရောက်အားပေးကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးစိုးဝင်းနှင့် ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဝင်များ၊ နိုင်ငံခြားသံရုံးများမှ
သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များမှ ကိုယ်စားလှယ်များ၊ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှု
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၉ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ သို့ ရောက်ရှိပြီး ဧည့်ကြိုဆောင်မြေညီထပ်၌ ခင်းကျင်းပြသထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ရှိ ခရီးစဉ်ဒေသများ၊ ဆောင်ရွက်ဆဲလူထုအခြေပြုခရီးသွား လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှုပြခန်းများနှင့် Flymya Tech ကုမ္ပဏီလီမိတက်မှ လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော ကျေးရွာ ၅၃ ရွာကို ထောက်ပံ့ပေးအပ်မည့် စက်ဘီးများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ]]ရွှေလက်ကမ်းလို့ ကြိုနေမယ်}} ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ဂုဏ်ပြု သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား‌ပြောကြားရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများသည် ခရီးသွားလုပ်ငန်း၏ အရေးပါမှု နှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ရရှိလာသည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး က္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှ စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါကြောင်း။
(၈)ကြိမ်မြောက်ဖြစ်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ က္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်သည် (၈)ကြိမ်မြောက် ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ]]အားလုံးအနာဂတ်ကောင်းမွန်ရေး၊ ခရီးသွားအလုပ်အကိုင် ဖော်ဆောင်ပေး}} (Tourism and Jobs: A better Future for All) ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဖွံ့ဖြိုးပြီး နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသည့် ကဏ္ဍပေါင်းစုံအတွက် အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်လာစေနိုင်ပြီး ပြည်သူ ပြည်သားများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားပါကြောင်း။
အကျိုးကျေးဇူးများ
၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် အပြည်ပြည် ဆိုင်ရာ ခရီးသည်ရောက်ရှိမှု ၁ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခရီးသည်ရောက်ရှိမှု ၁ ဒသမ ၃ ဘီလီယံ သာ ရှိခဲ့သည့်အတွက် ၆ ရာခိုင်နှုန်းတိုးလာပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး မှုကို ၃ ဒသမ ၇ ရာခိုင်နှုန်းခန့် တိုးတက်စေခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၎င်းနှင့် သက်ဆိုင်နေသည့် ကဏ္ဍများစွာအတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းများ မြှင့်တင်နိုင်ခြင်း၊ အလုပ်သမားများအတွက် လုပ်ငန်းစွမ်းဆောင်ရည်အသစ် များ ရရှိနိုင်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ထောက်ပံ့ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDG) ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမှုက ကြီးမားစွာအထောက် အကူပြုသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ လေ့လာ ချက်များအရ သိရှိရပါကြောင်း။
ဟန်ချက်ညီညီ ဖွံ့ဖြိုးလာမည်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကြည့်ပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ ခရီးသွားဧည့်သည်ရောက်ရှိမှုသည် ၂ ဒသမ ၈၁ သန်းဖြစ်ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၂၅ ရာခိုင်နှုန်း တိုးတက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာသည် နှင့်အမျှ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက ကျသည့် အခန်းကဏ္ဍများဖြစ်သည့် ပို့ဆောင်ဆက်သွယ်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးစီမံခန့်ခွဲမှု စသည့် အဘက်ဘက်က ဟန်ချက်ညီညီ ဖွံ့ဖြိုးလာမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိက မောင်းနှင်အားတစ်ရပ်အနေဖြင့် ခရီးသွားလုပ်ငန်းကိုသက်ဆိုင် ရာဌာနအလိုက်၊ ကဏ္ဍအလိုက် စနစ်တကျဖွံ့ဖြိုးအောင် ဆောင် ရွက်သွားကြရန် အထူးလိုအပ်ပါကြောင်း။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဥပဒေအရ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်များ၊ လိုင်စင် ကြေးဆိုင်ရာအမိန့်များကို ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများအနေဖြင့်လည်း မိမိတို့၏ နယ်မြေအတွင်းတွင် တည်ရှိသည့် ခရီးစဉ်ဒေသအသီးသီး၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး ခရီး သွားလုပ်ငန်း ပိုမိုစနစ်တကျဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်း များကို ဗဟိုကော်မတီ၏ အတည်ပြုချက်ကိုရယူပြီး ရေးဆွဲ အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
လက်ရှိခရီးစဉ်ဒေသနှင့်ပတ်သက်သည့် စီမံကိန်းများရေးဆွဲ ခြင်းသာမက တိုင်းဒေသကြီး၊ ပြည်နယ်များမှ အလားအလာ ရှိသည့် ခရီးစဉ်ဒေသအသစ်များကို ထပ်မံဖော်ထုတ်ခြင်း၊ နိုင်ငံတကာမှ နည်းပညာအကူအညီများဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်းများကို စီမံဆောင်ရွက်ခြင်းနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း အစီအစဉ်များကိုပါ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
တစ်စထက်တစ်စ တိုးတက်လာ
မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစု တို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရန်၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရန်နှင့် သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း(Community Based Tourism) ကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ခရီး သွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် တစ်စထက်တစ်စ တိုးတက်လာပြီး ယနေ့အချိန်ထိ ကျေးရွာ ပေါင်း ၄၂ ရွာနှင့် ခရီးစဉ် ၁၈ နေရာ အကောင်အထည်ဖော် ဆောင်ပြီးဖြစ်သည်ဟု သိရပါကြောင်း၊ လူထုအခြေပြုခရီးသွား လုပ်ငန်းသည် ရပ်ရွာဒေသရှိဒေသခံများ၊ လူငယ်များ၊ အမျိုး သမီးများနှင့် ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားကြသူများ အားလုံး ပါဝင်ဆောင်ရွက်နိုင်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုကြောင့် ဒေသခံများ၏ လူမှု စီးပွားဘ၀ တိုးတက်လာစေပါကြောင်း၊ ထို့ပြင် လမ်းပန်း ဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာခြင်းဆိုသည့် အကျိုးရလဒ်ကိုလည်း ရရှိလာမည်ဖြစ်သည့်အတွက် ဒေသခံများ၏ ပူးပေါင်းဆောင် ရွက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းအစီအမံများကို ပိုမိုမြှင့်တင်ရန် လိုအပ်ပါကြောင်း။
စံသတ်မှတ်ချက်များ လမ်းညွှန်စာအုပ်
မြန်မာနိုင်ငံ၏ လူထုအခြေပြုခရီးသွားလုပ်ငန်းကို နိုင်ငံ တကာအဆင့်မီစွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ် စေရန် မြန်မာနိုင်ငံ လူထုအခြေပြုခရီးသွားလုပ်ငန်း စံသတ် မှတ်ချက်များ လမ်းညွှန်စာအုပ် (Myanmar Community Based Tourism Standards) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက သက်ဆိုင်ရာ လူထုအခြေပြုခရီးသွား လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များ၊ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းအားလုံး ညှိနှိုင်းပူးပေါင်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံ လူထုအခြေပြုခရီးသွားလုပ်ငန်း စံသတ်မှတ်ချက်များ လမ်းညွှန်စာအုပ်သည် အဓိကစံသတ်မှတ် ချက် (၈)ခု၊ အသေးစိတ်စံညွှန်း စုစုပေါင်း(၁၉၉)ခုတို့နှင့် တိုင်းတာဆောင်ရွက်နိုင်ရန်အတွက် Global Sustainable Tourism Criteria ESifh ASEAN Community Based Tourism Standard လူထုအခြေပြုစံနှုန်းများကို အခြေခံပြီး ရေးဆွဲထားသောကြောင့် မိမိတို့ဒေသတွင်ရှိသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။



မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းဒေသများဖြစ်သည့် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း စသည့်ရှေးဟောင်းနယ်မြေများ ကို UNESCO World Heritage Site အဖြစ် ၂၀၁၄ ခုနှစ် တွင် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ရှေးဟောင်းယဉ်ကျေးမှု အထိမ်းအမှတ်နယ်မြေဖြစ်သည့် ပုဂံ ဒေသကိုလည်း UNESCO ၏ World Heritage Site အဖြစ် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် က္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံကို ပိုမိုသိရှိလာပြီး စိတ်ဝင်စား မှုများပြားလာကာ ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံပုံရိပ်သည်လည်း မြင့်မား လာမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း များ ရေရှည်ခိုင်မာရန်အတွက် ရောက်ရှိလာကြသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်အားလုံး ပျော်ရွှင်လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နေထိုင်စားသောက်နိုင်သည့် အခြေအနေ မျိုးများရှိနေရန် အထူးလိုအပ်ပါကြောင်း။
အထူးသတိပြု စီမံခန့်ခွဲသွားရန် လိုအပ်
နေရာဒေသအလိုက် မတူညီသည့် အခင်းအကျင်း၊ အစီအမံ များ၊ ကောင်းသတင်းများနှင့် ကျော်ကြားအောင်ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း ခရီးသွား များ အလွန်အကျွံဝင်ရောက်လာခြင်း (Mass Tourism) ၏ ဆိုးကျိုးများကို လျှော့ချရန်စံနှုန်းများ၊ စည်းမျဉ်းစည်းကမ်းများ စနစ်တကျချမှတ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးက အထူးသတိပြု စီမံခန့်ခွဲသွားရန် လိုအပ်ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး
ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်နှင့်အညီ မိမိတို့သည်နိုင်ငံ၏ ဒေသအသီးသီးတွင်ရှိသည့် ခရီးသွားအရင်း အမြစ်များကို အသုံးပြုပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေ ခြင်းဖြင့် အားလုံးအတွက် အနာဂတ်ဘ၀သာယာလှပစေရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှရရှိသည့် အခွင့်အလမ်းများကြောင့် ဒေသခံ ပြည်သူများစွာ ဝင်ငွေရရှိစေခြင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေခြင်းစသည့် အကျိုးကျေးဇူးများရရှိအောင် ဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေ ခြင်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ နိုင်ငံသူ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ဖြစ်ပေါ် ရေးနှင့် အားလုံးဘ၀ကောင်းမွန်သာယာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၁၉ အတွက် သတင်းစကား ရုပ်သံဗီဒီယိုကို ပြသသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဝင်များနှင့်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု၊ စာစီစာကုံး၊ ကျပန်းစကားပြောနှင့် ဓာတ်ပုံပြိုင်ပွဲ များတွင် ဆုရရှိကြသူများနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြည်တွင်း နိုင်ငံသားပိုင် ဟိုတယ်များမှ ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးဟိုတယ် ပထမဆုရရှိသည့် Amazing Ng-apali Resort ၊ ဒုတိယဆုရရှိသည့် Thingaha Hotel Nay Pyi Tawနှင့် တတိယဆုရရှိသည့် Eskala Hotel & Resort တို့အား လည်းကောင်း၊ နိုင်ငံခြားဖက်စပ်ဟိုတယ်များမှ ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးဟိုတယ် ပထမဆု ရရှိသည့် Sule Shangri-la Hotel Yangon ၊ ဒုတိယဆု ရရှိသည့် Novotel Yangon Max နှင့် တတိယဆုရရှိသည့် Chatrium Hotel Royal Lake Yangon တို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်တွင်းနိုင်ငံသားပိုင် ခရီးသွားကုမ္ပဏီ များမှ ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးခရီးသွား လုပ်ငန်း ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကုမ္ပဏီ များကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံခြားဖက်စပ်ခရီး သွားကုမ္ပဏီများမှ ဝန်ဆာင်မှုစွမ်းဆောင်ရည်အကောင်းဆုံး ခရီးသွားလုပ်ငန်း ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကုမ္ပဏီများကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခြေခံပညာ အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာ အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က က္ဘာ့ ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်Luxembourg Agency for Devel-opment Cooperation မှ တာဝန်ရှိသူတစ်ဦးက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ထံ လူထုအခြေပြုခရီးသွား လုပ်ငန်း စံသတ်မှတ်ချက်စာအုပ်များ ပေးအပ်သည်။
ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်
ဆက်လက်၍ Flymya Tech ကုမ္ပဏီလီမိတက် Founderဖြစ်သူ ဦးမိုက်သန်းထွန်းဝင်းက လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော ကျေးရွာများအတွက် စက်ဘီး ၃၁၈ စီးကို ကျေးရွာကိုယ်စားလှယ်များထံ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က Flymya Techကုမ္ပဏီလီမိတက်မှ ဦးမိုက်သန်းထွန်းဝင်းထံ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှု အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကပြ ဖျော်ဖြေကြသည့် ယဉ်ကျေးမှုအကအဖွဲ့ အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 3 people, people sitting and indoor

ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတ နိုင်ငံ သံအမတ်ကြီးMr. Jaroslav Dolecek အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ချက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


သတင်းစဉ်

Friday, September 27, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြား

Image may contain: 2 people, people sitting, table and indoor
မြို့တိုင်း၊ ရွာတိုင်းတွင် လူထုအခြေပြုဗဟိုဌာနများကို မရှိမဖြစ်လိုအပ်သည့် နေရာဌာနများဖြစ်အောင်ဆောင်ရွက်


နေပြည်တော် စက်တင်ဘာ ၂၆


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြား သည်။


စာကြည့်တိုက်လုပ်ငန်းကျယ်ပြန့်အောင်ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယမန်နေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ် နှင့် စက်ကိရိယာပစ္စည်းများ ၊ စာအုပ်စာစောင်များလွှဲပြောင်း ပေးအပ်ပွဲ ကျင်းပခဲ့ပါကြောင်း၊ လွှဲပြောင်းပေးအပ်ပွဲတွင် မိမိ ပြောကြားခဲ့သလို ယုံကြည်စိတ်ချစွာ လွှဲပြောင်းပေးအပ်သည်ဟု ခံယူပြီး ထိုက်တန်အောင် ကြိုးစားသွားကြရမည် ဖြစ်ပါကြောင်း၊ ယခင်ချမှတ်ထားသည့် လုပ်ငန်းယ္တရားပုံစံများအတိုင်း ဆက်လက်ပြီး လည်ပတ်နိုင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းကို ယခု ထက်မက ကျယ်ပြန့်အောင် အားထုတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။


ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ထူးခြား မှုမှာ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများသည် စာကြည့်တိုက်ဖွင့်လှစ်ခြင်းကိုသာ အဓိကထား ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေး လုပ်ငန်းပိုင်းအနေ ဖြင့် ပြည်သူနှင့်ထိတွေ့ဆက်ဆံသည့် အလုပ်များကို များစွာ မတွေ့ရဘဲ အစိုးရ၏ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်းများကို ကြော်ငြာသင်ပုန်းများ၌ ပြသထားကာ အများပြည်သူနှင့် အစိုးရ အား ဆက်စပ်ပေးသည့် သဘောကိုသာ တွေ့ရပါကြောင်း။


ပြည်သူ့စကားဝိုင်းများ ထိရောက်အောင်မြင်အောင်ဆောင်ရွက်
ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို အများပြည်သူ နှင့် ထိတွေ့ဆက်ဆံသည့် အလုပ်များ ဆောင်ရွက်နိုင်ရန် လူထု အခြေပြုဗဟိုဌာနများ ပီပီသသဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြို့တိုင်း၊ ရွာတိုင်းတွင် လူထုအခြေပြုဗဟိုဌာန များကို မရှိမဖြစ်လိုအပ်သည့် နေရာဌာနများဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အတူ ပြည်သူ့စကားဝိုင်းများသည် အောင်မြင်မှုရရှိနေပြီး ရပ်ရွာလူထု က အမှန်တကယ် စိတ်ဝင်စားသည့် အကြောင်းအရာများ ဖြစ်စေလိုပါကြောင်း၊ ယနေ့အထိ ကျင်းပပြီးစီးခဲ့သည့် စကားဝိုင်း အရေအတွက် နှစ်ထောင်ကျော်ရှိပြီး ဆက်လက်ထိရောက် အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တိုင်းဒေသကြီး၊ ပြည်နယ် ရုံးများအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု များကို ရှင်းလင်းတင်ပြသည်။
ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ရှင်းလင်းတင်ပြ
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်

လူမှုအဖွဲ့အစည်းနှင့် တန်းတူညီရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော နိုင်ငံသစ်အဖြစ် တည်ထောင်ရေးကို အားသွန်ခွန်စိုက် ကြိုးစားနေရသည့်အချိန် ဖြစ်ပါ သည်။
ဤသို့ဤနှယ် ကြိုးပမ်းရာတွင် နိုင်ငံရေးအနေအထား တည်ငြိမ်မှု ရရန်၊ စီးပွားရေးတိုးတက်မြင့်မားလာရန် စသည့်ရည်မှန်းချက်တို့နှင့်အတူ အခြေခံကျလှသော နိုင်ငံသားတိုင်း၏ တန်းတူညီမျှမှုကို တည်ဆောက်ရေး ကလည်း ရည်မှန်းချက်ကြီးတစ်ခု ဖြစ်ပါသည်။
အမှန်တော့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလကတည်းက ဦးတည် ခဲ့သော တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ၊ တန်းတူညီမျှ ဝါဒ ဖြူစင်တဲ့ မြေ ဟူသည်မှာလည်း ဤသည်ကိုပဲ ရည်òန်းခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံ သားတိုင်း တန်းတူညီမျှ အမှန်တကယ်ရစေဖို့ ဆိုသည်က အတော်ပင် မလွယ်ကူသော ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။


ပုံမှန်အားဖြင့် လူသားတို့ မွေးဖွားလာချိန်ကစသည်နှင့် တန်းတူညီမျှ မဖြစ်နိုင်သည့်ဝန်းကျင်နှင့် အာဝါသက ရှိပြီးဖြစ်နေပြီးသား။ မွေးဖွား လာသည့် ရေမြေက ဘယ်မှာနည်း။ စစ်ပွဲများကြားမှာ မွေးဖွားသည်လား၊ လူကုံထံကြေးရတတ်တို့ကြား အသိုင်းအဝိုင်း၏ ယုယပြုစုမှုများကြားမှာ ရွှေလင်ပန်းဖြင့် အချင်းဆေးလာခဲ့ကြသည်လား ဆိုသည်ကစ မတူကွဲပြား ခြင်းက ရှိနေသည်။ သို့သော်လည်း တန်းတူညီမျှမှုကို တည်ဆောက်ပေး နိုင်သည့် လူမှုအဖွဲ့အစည်းကမူ မည်သည့်နေရာကပင် ဖြစ်စေ၊ မည်သို့ပင် ဖြစ်စေ၊ မွေးဖွားလာသည့် ကလေးတိုင်းကို တူညီသော ကျန်းမာရေး အစောင့်အရှောက် ညီညီမျှမျှ ပေးနိုင်မည်ဆိုလျှင်၊ မွေးဖွားလာသည့် ကလေးတိုင်းကို ပညာသင်ကြားနိုင်သည့် တူညီသောဝန်းကျင်အနေအထား ဖန်တီးပေးနိုင်မည်ဆိုလျှင်မူ လူမှုရေး တန်းတူညီမျှမှုနှင့် နီးစပ်လာပြီဟု ဆိုရပါမည်။


လူမှုအဖွဲ့အစည်း၏ တန်းတူညီမျှမှု စံနှုန်းများကို ဖွင့်ဆိုသည့်အခါတွင် နိုင်ငံရေးအရဆိုလျှင် နိုင်ငံသားတိုင်းသည် သတ်မှတ်ထားသည့် အသက် အရွယ်အပိုင်းအခြားနှင့် ကိုက်ညီပါက မဲပေးပိုင်ခွင့်၊ ကိုယ်တိုင်ဝင်ရောက် အရွေးခံနိုင်ခွင့် စသည်တို့ကို ရည်òန်းပြောဆိုသကဲ့သို့ စီးပွားရေးအရ ဆိုလျှင်လည်း မည်သူက ပို၍အခွင့်ထူးခံရ စီးပွားရေးလုပ်ကွက်များရကာ မည်သူက ထိုလုပ်ငန်းများဆီသို့ အနားမှမသီနိုင်ဆိုတာမျိုး မဖြစ်ရေးကို ညွှန်းဆိုပါသည်။


နိုင်ငံတွင်းရှိ သယံဇာတများ၊ သဘာ၀ရင်းမြစ်များဖြစ်သည့် သစ်တော များကအစ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် တန်ဖိုးရှိသည်တို့ကို မည်သူတို့က စီမံခန့်ခွဲအသုံးပြု ရယူနေသနည်း။ ပြည်သူလူထု၏ လက်တွင်း သို့ မည်သို့မည်ပုံ ခွဲဝေရရှိနေသနည်းဆိုသည်တို့က အရေးပါသော တန်းတူ ညီမျှမှုကို တိုင်းတာနေသည့် ပြဒါးတိုင်ပဲဖြစ်ပါသည်။
တရားစီရင်ရေးစနစ်တွင်လည်း ထိုနည်းနှင်နှင်။


ငွေများတရားနိုင် စနစ်အောက်တွင် မည်သို့သော တန်းတူညီမှုမျှ မရှိနိုင်။ ရာထူးအာဏာရှိသူတို့က ဥပဒေ၏အပေါ်မှာ ရှိနေသည်ဆို ကတည်းက ညီမျှမှု ပျက်စီးယိုယွင်းနေသော လူမှုအဖွဲ့အစည်း ဖြစ်ချေ တော့မည်။
အချုပ်ကိုဆိုရလျှင် နိုင်ငံသားတို့၏ တန်းတူညီမှုဟု ဆိုသည်နှင့် ဆင်းရဲချမ်းသာမရွေး၊ အသားဖြူမည်း မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ကျားရယ်၊ မရယ်မရွေး အားလုံးတူညီမျှတသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းနှင့် ဝန်းကျင်တို့ကို ဖန်တီးပေးနိုင်မှုပေါ်တွင် လုံးလုံး လျားလျား အခြေတည်နေသည်ပဲဖြစ်၏။


မွေးဖွားလာသည့် အခြေအနေမည်သို့ပင် မတူညီကြစေကာမူ ပညာသင်ယူနိုင်ခွင့်၊ ကျန်းမာရေးအစောင့်အရှောက်ရနိုင်ခွင့်၊ စီးပွားရေး လုပ်ကိုင်နိုင်ခွင့်၊ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ပတ်သက်နိုင်ခွင့်တို့က တူညီ သည့် အခွင့်အရေးဖြစ်ဖို့လိုပါသည်။ ထိုသို့ တန်းတူညီမျှရှိဖို့ကို ယနေ့ ဝိုင်းဝန်းတည်ဆောက်နေကြသည်ပဲ ဖြစ်ပါသည်။ မိမိက ဓနအင်အား ကြီးလို့ဖြစ်စေ၊ ဗလအင်အားကြီးလို့ဖြစ်စေ လုပ်ကွက်ပိုမရနိုင်။ မဲပိုပေး ခွင့်မရနိုင်။ အာဏာကုလားထိုင်ပေါ် အခွင့်ထူးဖြင့် တက်ရောက်နေရာယူလို့ မရနိုင်။ ယင်းသို့သော ညီမျှမှုများကို ဥပဒေ၊ အခြေခံဥပဒေတို့က အာမခံ ပေးထားခြင်းသည် လည်းကောင်း၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ နှင့် လုပ်ငန်းစဉ်တို့အတိုင်း အမှန်တကယ်အကောင်ထည်ဖော်ခြင်းတို့ သည်လည်းကောင်း တန်းတူညီမျှမှု၏ အခြေခံများပင် ဖြစ်ပါသည်။
နိုင်ငံသားတိုင်း တန်းတူညီမျှရေးဆိုသည်က ဒီမိုကရေစီနိုင်ငံတော် သစ်၏ ရည်မှန်းချက်ကြီးတစ်ခုဖြစ်၏။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေ သည့် အခြေခံအကျဆုံးအရာဖြစ်သည့်အတွက် နိုင်ငံသားတို့ကိုယ်တိုင်က လည်း တက်ကြွစွာ ပါဝင်ပတ်သက်နိုင်ရန် လိုအပ်ပါသည်ဟူ၍ တင်ပြ လိုက်ရပါသည်။ ။

မြန်မာနှင့် နယူးဇီလန် နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး

Image may contain: 4 people, people sitting


ရန်ကုန် စက်တင်ဘာ ၂၆


မြန်မာနှင့် နယူးဇီလန်နိုင်ငံတို့အကြား နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုးအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့သည်။


လက်မှတ်ရေးထိုး

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးMr. Stephen Marshall ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် နယူးဇီလန်နိုင်ငံသံရုံး (ရန်ကုန်) မှ အရာထမ်းများ၊ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သဘောတူစာချုပ်ကို ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်။


အဆိုပါ သဘောတူစာချုပ်အရ ပိုမိုပြေလျော့သော ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနှင့် နယူးဇီလန်နိုင်ငံမှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်