Monday, September 30, 2019

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်




Image may contain: 5 people, people smiling, people standing
နေပြည်တော် စက်တင်ဘာ ၂၉




(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက် ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား(Treaty Event 2019) သို့ တက်ရောက်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ အတည်ပြုပါဝင်ရေးစာချွန်လွှာ (Instrument of Ratification) ကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂဥပဒေရေးရာဌာန အကြီးအကဲမှ တစ်ဆင့် ပေးအပ်ခဲ့သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဘက်မှ ကုလသမဂ္ဂဌာနချုပ် ဥပဒေ ရေးရာဌာန Under Secretary - Generalဖြစ်သူMr. Miguel de Serpa Soares နှင့် ယင်းဌာန၏ အပြည်ပြည် ဆိုင်ရာ စာချုပ်စာတမ်းများဌာနခွဲ၏ ခေတ္တအကြီးအကဲ Mr. David K. Nanopoulos တို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba တို့ တက်ရောက် ကြသည်။
၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ
မြန်မာနိုင်ငံသည် အဆိုပါနောက်ဆက်တွဲ အခြေပြ စာချုပ်အား အတည်ပြုသည့် ၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ်အား ပြည်တွင်းအခြေအနေများနှင့် လျော်ညီစွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် အာတီကယ် ၃(၂) အား ''ကြေညာချက်''နှင့် အာတီကယ် ၄ အား ''အဓိပ္ပာယ်ရှင်းလင်း ကြေညာချက်'' တို့ကို ထုတ်ပြန်လျက် အတည်ပြုပါဝင်ခဲ့သည်။
ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်ရေး
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးဥပဒေအသစ် ကို ပြည်တွင်း၌ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယခု အခြေပြ စာချုပ်ကို အတည်ပြုပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ ၏ အခွင့်အရေးကာကွယ်ရေးအတွက် သိသာထင်ရှားသည့် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment