Saturday, September 28, 2019

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: one or more people, people standing and outdoor 

နေပြည်တော် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မကွေးမြို့ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်၍ စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ လွှတ်တော်ရုံး အဆောက်အအုံသစ်အား အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်ဌေး၊ ဦးသက်ခိုင်၊ ဦးအေးကျော်နှင့် Kyaw Thar Engineering & Construction Group Co,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က လွှတ်တော်ရုံး အဆောက်အအုံသစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွှတ်တော်အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများနှင့် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့အား မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ကံ့ကော်ပင် စိုက်ပျိုးပေး
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က လွှတ်တော်အဆောက်အအုံသစ် ဖွင့်ပွဲအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ လွှတ်တော်ရုံးအဆောက်အအုံသစ် မျက်နှာစာတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ လွှတ်တော်ရုံးအဆောက်အအုံ သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့နှင့်အတူ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် နတ်မောက်မြို့မှ ဆက်လက်ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
ကပြဖျော်ဖြေ
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်း ယဉ်ချေ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညစာသုံးဆောင် နေစဉ်အတွင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment