Sunday, September 29, 2019

တစ်နေ့ တစ်ရွက် နှစ်ရွက် တစ်နေ့ တစ်မျက်နှာ နှစ်မျက်နှာ


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



''စာဖတ်ပါ''ဟူသော တိုက်တွန်းနှိုးဆော်သံများကို မကြာခဏဆိုသလို ကြားရသည်။ အသက်အရွယ်မရွေး လူတိုင်း စာဖတ်ကြစေချင်သည်။ ယနေ့ခေတ်တွင် စာပေလွတ်လပ်ခွင့်၏ အသီးအပွင့်အဖြစ်နှင့် စာအုပ် များစွာ အပြိုင်းအရိုင်း ထွက်ပေါ်လာသည်။ စာပေတိုက်များ၊ စာအုပ် အရောင်းဆိုင်များကို သွားကြည့်လျှင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကာလနှင့် လုံး၀ကွဲပြားခြားနားနေသည်ကို သိသိသာသာပင် မြင်တွေ့ရမည်။
စာဖတ်ရန် အဘယ်ကြောင့် တိုက်တွန်းနှိုးဆော်နေရသနည်းဟု ဆိုသော် စာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်က ကြီးမား ခြင်းကြောင့်ဖြစ်သည်။ လူတစ်ဦးမှသည် လူတစ်စုတစ်ဖွဲ့၊ ယင်းမှသည် လူတိုင်းလူတိုင်း စာဖတ်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်း၏ တန်ဖိုး ကလည်း မြင့်သည်ထက်မြင့်လာသည်။ စာပေသည် အတတ်ပညာ၊ ဉာဏ် အမြော်အမြင်၊ ပိုင်းခြားဝေဖန်မှုနှင့် အသိသုတတို့၏ ပင်မအရင်းအမြစ်ကြီး ဖြစ်ရာ စာဖတ်ခြင်းက သင်ယူနေခြင်းပင်ဖြစ်သည်။ အသိပညာမြင့်မား သူတို့ဖြင့် ဖွဲ့စည်းထားသည့် လှူအဖွဲ့အစည်းသည်လည်းကောင်း၊ နိုင်ငံသည် လည်းကောင်း ကြီးပွားတိုးတက်ရန် အဓိကကျသည့် အရင်းအမြစ်နှင့် ပြည့်စုံနေမည်ဖြစ်သည်။
''စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ်ဆိုတာ အသက်နဲ့ မဆိုင်ပါ ဘူး၊ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ် လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ ကို တော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာတော့ တစ်နေ့ကို တစ်ရွက် နှစ်ရွက်လောက်၊ တစ်မျက်နှာ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်'' ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားပေး တိုက်တွန်းထားသည်။ စာမဖတ်ခြင်းအတွက် အချို့တွင် အကြောင်းပြချက် များရှိနေကြသည်။ ဖတ်စရာ စာအုပ်မရှိ၍၊ စာအုပ်များ ဈေးကြီး၍၊ အလုပ် မအား၍၊ အချိန်မပေးနိုင်၍၊ အသက်ကြီးလာ၍၊ ကျန်းမာရေး မကောင်း၍ စသည်စသည်တို့ကို အများအားဖြင့် ဆင်ခြေပေးကြပြီး စာဖတ်ရန် ပျင်းရိ ငြီးငွေ့ခြင်းဟူသည့် အဓိကအချက်ကို ဖုံးကွယ်ထားတတ်ကြသည်။
အမှန်တကယ်သာ စာဖတ်မည်ဆိုပါက သည်ခေတ်တွင် အရင်းအမြစ် များက အများအပြားရှိလာနေပြီဖြစ်သည်။ စာအုပ်တစ်အုပ်၏ တန်ဖိုး သည် တစ်လစာ ဖုန်းဘီလ်ဖိုးနှင့်နှိုင်းယှဉ်ပါက ဘာမျှမဟုတ်။ ဝယ်မဖတ် လိုပါကလည်း ငှားဖတ်ရန်နေရာများ မြို့တိုင်းလိုလိုမှာ ရှိနေသည်။ အချို့ အိ်မ်တိုင်ရာရောက် စာအငှားဝန်ဆောင်ပေးနေသည်များပင် ရှိသည်။ စာတစ်အုပ်ဖြင့် တစ်နေကုန် အချိန်ကုန်နေစရာမလို။ မိမိစိတ်ဝင်စားသည့် စာအုပ်ကို တစ်နေ့လျှင် တစ်မျက်နှာ၊ နှစ်မျက်နှာခန့်သာဖတ်။ ဖတ်လက်စ စာမျက်နှာလေးမှာ ကတ်ပြားကလေးထိုး၍ မှတ်ထား။ နောက်တစ်နေ့ နောက်တစ်နေ့ ဆက်ဖတ်သွားပါက ဤနည်းဖြင့် အချိန်ကာလကြာလာလျှင် စာအုပ်များစွာ ဖတ်ရှုပြီးဖြစ်နေလိမ့်မည်။ စာဖတ်များလာသည့်အခါ ဆင်ခြင်တွေးဆတတ်လာမှုနှင့်အတူ စိတ်နှလုံးက ပြည့်၀လာသည်။ အပြု အမူ၊ အပြောအဆို၊ အတွေးအကြံတို့တွင် သတိတမန် ဉာဏ်မြေကတုတ် အထိန်းအအုပ်တို့ဖြင့် ကောင်းရာမွန်ရာသို့သာ ဦးတည်တတ်လာသည်။
''ပညာပြည့်၀၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏''ဟူသော မဃဒေ၀လင်္ကာသစ်၏ အဆိုအမိန့်နှင့် အနက်အဓိပ္ပာယ် ထပ်တူပင် အင်္ဂလိပ်ပညာရှိကြီး ဖရန်စစ်ဘေကွန်က ၎င်း၏ Of Studies အက်ဆေး တွင် ရေးသားခဲ့သည်။ အင်း၀ခေတ် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာတွင် လည်း ''မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်''ဟူ၍ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပင် တိုက်တွန်းနှိုးဆော်ထားခဲ့ သည်။ အကြားအမြင်ဗဟုသုတ နည်းပါးသူအဖြစ်ဖြင့် တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးရင့်လာရခြင်းကို အချည်းနှီး ကြီးရင့်ခြင်းဟူ၍ ဓမ္မပဒတွင် ညွှန်ပြထားသည်။ ဗဟုသုတနည်းသူအဖြစ် အသက်ကြီးလာရခြင်းသည် နွားလားကဲ့သို့ အသားတို့သာ တိုးပွားလာပြီး ပညာမတိုးပွားဟူ၍လည်း ဆုံးမထားသည်။ မိမိကိုယ်တိုင်၊ မိမိ ပါဝင်သည့်လှူအဖွဲ့အစည်းနှင့် မိမိ နိုင်ငံ တိုးတက်ရေးတွင် လိုအပ်ချက်ဖြစ်သည့်''စာဖတ်ခြင်း''ကို နေ့စဉ် မပျက်မကွက် တစ်မျက်နှာ၊ နှစ်မျက်နှာဖြစ်စေ၊ တစ်ရွက်၊ နှစ်ရွက်ဖြစ်စေ ဖတ်ရှုနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment