Thursday, August 8, 2019

ယထာဘူတကျကျ ရှုမြင်သုံးသပ်
Image may contain: text
မြန်မာနိုင်ငံသည် ကမ္ဘာ့ပြည်သူများ၊ ကမ္ဘာ့နိုင်ငံများ အများစုလိုလား နှစ်သက်ပြီး အသိအမှတ်ပြုသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်လျက်ရှိသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ သက်တမ်းမရှည် သေးသော်လည်း ဒီမိုကရေစီစံနှုန်းပြည့်မီရေး၊ ရင့်ကျက်ခိုင်မာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် ပြည်သူကိုဗဟိုပြု၊ ပြည်သူ့ အကျိုးစီးပွားကိုရှေးရှုပြီး အလေးထားအကောင်အထည်ဖော်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်လျက်ရှိရာတွင် ပြည်သူ့အစိုးရ နိုင်ငံ့ တာဝန်ယူသည့်အချိန်မှစ၍ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ကြုံတွေ့ လာရသည်။ ယင်းကိုအကြောင်းပြု၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ အဖွဲ့ အစည်းများ အပါအဝင် ဖိအားပေးမှုအမျိုးမျိုးနှင့် ကြုံတွေ့လာရသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်း နေစဉ်ကာလအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စသည် နိုင်ငံ၏အရေးကိစ္စများအနက် စိန်ခေါ်မှု တစ်ခုဟု ခံယူထားသည်။ အခြားနိုင်ငံများအနေဖြင့်လည်း အလားတူ အရေးကိစ္စများ ကြုံတွေ့လျက်ရှိသည်။
သို့သော် နိုင်ငံတကာတွင် အရေးအမျိုးမျိုးရှိသည့်အနက် မြန်မာ နိုင်ငံမှ ရခိုင်ပြည်နယ်အရေးမှာ ကမ္ဘာက ပိုမိုအာရုံစိုက်သော အရေးဖြစ် နေသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို မနှေးအမြန်အကောင်အထည်ဖော်နေသည်။ ဒီမို ကရေစီအသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ရင်း နိုင်ငံအတွင်းရှိ လူ့အသိုက်အဝန်းအားလုံး၏ အရေးကိစ္စများကို သဘာ၀ကျမျှတစွာ ဆောင်ရွက်ပေးရာတွင် က္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏အသွင် ကူးပြောင်းမှုဖြစ်စဉ်တွင် ပါဝင်ကူညီမည့်အစား ရခိုင်ပြည်နယ်ဖြစ်စဉ် ကိုသာ တစိုက်မတ်မတ် ပုံဖော်အပြစ်ရှာနေသည်မှာ အံ့ဩစရာဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission – FFM) မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်မျိုးတစ်ဖုံအပြစ်ရှာထားသော အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြန်သည်။ မြန်မာအစိုးရအနေဖြင့် အဆိုပါမစ်ရှင်၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေ အမြစ်မရှိသော စွပ်စွဲချက်များကိုအခြေခံ၍ အဆိုပါမစ်ရှင်ကို စတင်ဖွဲ့စည်း စဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
လူ့အခွင့်အရေးကောင်စီက အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ် သည်။ အဆိုပါအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကိုသော်လည်း ကောင်း၊ ၎င်း၏အစီအရင်ခံစာကိုသော်လည်းကောင်း အသိအမှတ်ပြုမည် မဟုတ်ချေ။ ထိုမစ်ရှင်အဖွဲ့၏အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ရှုမြင်သုံးသပ်ထားသလို မြန်မာပြည်သူများအားလုံးကလည်း လက်ခံကြမည်မဟုတ်ချေ။
ရခိုင်ပြည်နယ်ရှိစိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားသည်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတ ဖြစ်ရေးကို ဆောင်ရွက်ပေးခြင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံစိတ်ချ ရေး၊ သာယာ၀ပြောသော ပတ်ဝန်းကျင်ဖန်တီးပေးရေးတို့သည်သာ လတ်တလော ဦးစားပေးရမည့် ရည်မှန်းချက်နှင့် တာဝန်များဖြစ်သည်ကို မှန်ကန်သောအတွေးအမြင်ရှိသူတိုင်း နားလည် လက်ခံပြီး လက်တွဲပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားသော ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်တွေ့အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီ စံနှုန်းများနှင့် အညီ တိုးတက်ဖြစ်ထွန်းလာစေရေး မှန်ကန်သောစိတ်ရင်း စေတနာရှိမည်ဆိုပါက ရခိုင်ပြည်နယ် အရေး ကိစ္စသာမက မြန်မာ တစ်နိုင်လုံး ဖွံ့ဖြိုးတိုးတက်လာမည့် အရေးကိစ္စများကို ယထာဘူတကျကျ ရှုမြင်ပြီး ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း။ ။

No comments:

Post a Comment