Tuesday, August 6, 2019

ရုပ်ရှင်နှင့် ကလေးသူငယ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်



ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာ အသီးသီးတို့သည် လူမှုအဆောက်အအုံပေါ် ဩဇာလွှမ်းမိုးမှုများစွာရှိ၏။ သည်လိုထဲမှာမှ အနုပညာပါဝင်သော ဝတ္ထု၊ ကဗျာ၊ သီချင်း၊ ဂီတ၊ ပြဇာတ်၊ သဘင်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်း စသည်တို့ကပို၍ ဩဇာသက်ရောက်၏။ အထူးသဖြင့် လူငယ်နှင့် ကလေး သူငယ်များအပေါ်တွင် ပိုမိုလွှမ်းမိုးနိုင်စွမ်းရှိ၏။


ထို့ကြောင့်ပင် က္ဘာအရပ်ရပ်ရှိ နိုင်ငံကြီးများ အထူးသဖြင့် ဒီမို ကရေစီအသားကျပြီး တိုးတက်ထွန်းကားနေသော နိုင်ငံကြီးများသည် အထက်ပါ မီဒီယာများက ထုတ်လွှင့်ပြသမှုတို့ကို စနစ်တကျ စိစစ်ကန့်သတ် လေ့ရှိပါသည်။ အဓိကအားဖြင့်မူ ကလေးသူငယ်များအပေါ် ဩဇာလွှမ်းမိုး မှုကြီးမားသော ရုပ်ရှင်၊ ရုပ်မြင်သံကြားတို့ကို စနစ်တကျ စိစစ်ကန့်သတ် ပေး၏။ စနစ်တကျဟုဆိုရခြင်းမှာ အနုပညာလွတ်လပ်ခွင့်ကို မထိပါးသကဲ့ သို့ ကြည့်ရှုသူတို့၏ အခွင့်အရေးကိုလည်း မျှတစေခြင်းကို ဆိုလိုခြင်းဖြစ်၏။
အဓိကအားဖြင့်မူ ကလေးသူငယ်တို့ကို အကာအကွယ်ပေးနိုင်ရေး အလေးထားခြင်းဟု ဆိုရမည်ထင်ပါသည်။ ထို့ကြောင့် သတင်းများ၊ သတင်းဓာတ်ပုံများနှင့် ရုပ်ရှင်၊ ရုပ်မြင်သံကြားတို့တွင် အကန့်အသတ်များ ဖြင့်သာ ပြသနိုင်ရန် အစီအမံအကွပ်အကဲများ ထားရှိခြင်းဖြစ်ပါသည်။ သတင်းနှင့် သတင်းဓာတ်ပုံများက သတင်းသမားကျင့်ဝတ်များဖြင့် ထိန်းသိမ်းထားလေ့ရှိပြီး ရုပ်ရှင်နယ်ပယ်တွင်မူ အများကြည့်ရှုရန် သီးခြား သတ်မှတ်ထားသည့် ကန့်သတ်မှုများဖြင့် ပိုင်းခြားထားလေ့ရှိသည်။


အချို့သော ပြကွက်များသည် ကလေးသူငယ်များ၊ လူငယ်များ အတွက် မသင့်လျော်ဟူသည့်သဘောဖြင့် သည်လိုစနစ်တကျ သတ်မှတ် ကန့်သတ်ရခြင်းဖြစ်ပါသည်။ စက်ဆုပ်ရွံရှာဖွယ်ရာပြကွက်များ၊ အလွန် ရက်စက်ကြမ်းကြုတ်လွန်းသော ပြကွက်များ၊ စာရိတ္တဆိုင်ရာ ပြဿနာရှိ သော ညစ်ညမ်းပြကွက်များ၊ သွေးသံရဲရဲဖြင့် လွန်လွန်ကျူးကျူးပြကွက် များအားကြည့်ခြင်းဖြင့် ထိတ်လန့်တုန်လှုပ်စေခြင်း၊ ကြောက်လန့်အသည်း ငယ်စေခြင်း အစရှိသည်တို့ ကို ကြည့်ရှုသူတို့၏ အသက်အလိုက် အကန့် အသတ်များ ပြုလုပ်ထား၏။


ဥပမာအားဖြင့် X rated (အိတ်ခ်စ် သတ်မှတ်ချက်)၊ R rated (အာရ်သတ်မှတ်ချက်)၊ PG13 (ပီဂျီ ၁၃ သတ်မှတ်ချက်) အစရှိသည်ဖြင့်။
PG13 (ပီဂျီ ၁၃ သတ်မှတ်ချက်) ဆိုလျှင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်များကို မိဘထိန်းကွပ်မှုမပါဘဲ ကြည့်ခွင့်မပြု။ X rated (အိတ်ခ်စ် သတ်မှတ်ချက်) ဆိုလျှင် အသက် ၁၈ နှစ်အောက် မကြည့်ရ။ R rated(အာရ်သတ်မှတ်ချက်)ဆိုလျှင် အသက် ၁၇ နှစ်အောက် မိဘ မပါဘဲ ကြည့်ရှုခွင့်မပြုရန် ကန့်သတ်ထားခြင်း စသည်တို့ဖြစ်၏။


ထိုကန့်သတ်ချက်များကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ကာ ထိထိ ရောက်ရောက် အရေးယူလေ့ရှိ၏။ လွတ်လပ်မှုတွင် စံပြုလေ့ရှိသော အမေရိကန်နိုင်ငံလို နိုင်ငံတွင်ပင် ထိုအကန့်အသတ်များကို လိုက်နာရ၏။ ဆဲဆိုသော စကားလုံးများကို အများပြည်သူကြည့် ရုပ်မြင်သံကြားတွင် အသံကိုဖျောက်ကာ ဖော်ပြရသည်။ အထက်တွင်ဆိုခဲ့သည့် သတ်မှတ်ချက် များအတိုင်း လိုက်နာရ၏။
တိုးတက်ဖွံ့ဖြိုးသည့် လူမှုအဆောက်အအုံ၊ ယဉ်ကျေးသည့် လူမှုဝန်း ကျင်တို့ကို တည်ဆောက်ကြရာတွင် ငယ်ရွယ်သူတို့၏ သဘာ၀ကို အလေးမူ ကာ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးရန်မှာ နိုင်ငံရေးစနစ်တွင် လည်းကောင်း၊ လူမှုအဖွဲ့အစည်းအတွင်း ရှိသူများအားလုံးတွင်လည်းကောင်း တာဝန်ရှိပေသည်။
စိတ်ထားနုနယ်သူများအဖို့၊ အသည်းငယ်တတ်သူများအဖို့ ရင့်ကျက် မှုအချိန်သို့ မရောက်မီကာလတွင် လူမှုအဖွဲ့အစည်းက ဝိုင်းဝန်းကာကွယ် ပေးကြရန် လိုအပ်ပါမည်။


မြန်မာ့ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတို့တွင်လည်း သည်လိုစနစ်တကျ ကန့်သတ်မှုများ လိုအပ်မည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းများတွင် ကန့်သတ်ထား သည့် သတ်မှတ်ချက်များကို တွေ့ရပါသည်။


သို့သော်လည်း အချို့သော ရုပ်ရှင်ရုံများတွင် ကန့်သတ်တားမြစ် သတ်မှတ်ချက်များပါဝင်သည့် ရုပ်ရှင်အချို့ကို နမူနာကားအဖြစ် အလွယ် တကူပြသနေသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် ကလေးများ နှစ်သက်သဘောကျမည့် ရုပ်ရှင်ဇာတ်ကားများ မပြသမီပြသခြင်းဖြစ် သည့်အတွက် အထူးသတိပြုရန်လိုပါမည်။


စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေများ၊ သတ်မှတ်တားမြစ်မှုများ ဟူသည် လူမှုအဆောက်အအုံကို ပိုမိုတိုးတက်ရေး၊ လူများစု၏ အခွင့် အရေးကို ရရှိစေရေး၊ လူအများ နစ်နာထိခိုက်နိုင်မှုများက ကာကွယ်ပေး နိုင်ရေးတို့အတွက် အရေးကြီးသည်ဖြစ်ရာ ဤသို့သော အခြင်းအကြောင်း အရာကိစ္စများကိုလည်း စနစ်တကျဖြစ်စေရေး သတိပြုကြရန် လိုပါမည်ဟု နှိုးဆော်လိုက်ရပါသတည်း။ ။


No comments:

Post a Comment