Thursday, August 22, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မန္တလေးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနက်တွင်းတူးဖော်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




နေပြည်တော် ဩဂုတ် ၂၁ 



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့ သည် ယမန်နေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ ညှိနှိုင်း တောင်းဆိုလာမှုအရ ဇွန်လမှစတင်၍ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီရယူကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြပ်မတ်ဆောင်ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသော ကျေးရွာခြောက်ရွာအတွက် ရေနက်တွင်းတူးဖော်ခြင်းလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရေရှည်တည်တံ့ရေး ဝိုင်းဝန်းထိန်းသိမ်း
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့ ဝက်လူးကျေးရွာတွင် ရေနက်တွင်း အနက်ပေ ၁၀၂၀ တူးဖော်လျက်ရှိသည့် လုပ်ငန်းခွင်သို့လည်းကောင်း၊ တောပြား ကျေးရွာ၌ ရေနက်တွင်း အနက်ပေ ၈၆၀ တူးဖော်ပြီး ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တစ်လုံးနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ကြာကန်ကျေးရွာအုပ်စု ကြို့ပင်အင်းကျေးရွာတွင် တည်ဆောက် ပြီးစီးခဲ့သည့် အနက်ပေ ၇၄၀ ရေနက် တွင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တစ်လုံးနှင့် ရေစက်ရုံသို့ လည်းကောင်း၊ မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာကျေးလက်ကျန်းမာရေး ဌာနခွဲတွင် တည်ဆောက်ပြီးစီးခဲ့သည့် အနက်ပေ ၅၄၀ ရေနက်တွင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တစ်လုံးနှင့် ရေစက်ရုံများသို့ လည်းကောင်း ရောက်ရှိခဲ့ပြီး တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေလှောင်ကန်မှ တစ်ဆင့် Gravity စနစ်ဖြင့် ကျေးရွာတွင်း အိမ်ခြေများအရောက် ပိုက်လိုင်းများ သွယ်တန်းတပ်ဆင် အသုံးပြုနိုင်ရေး၊ ဒီဇယ်အင်ဂျင် (အစား) လျှပ်စစ်မီးရရှိသော နေရာများတွင် လျှပ်စစ်မော်တာစနစ်ဖြင့် ရေတင်ယူသုံးစွဲ နိုင်ရေး၊ ကျေးရွာများအလိုက် ရေပေးဝေ ရေးကော်မတီဖွဲ့စည်း၍ စနစ်တကျဖြန့်ဝေ ပေးနိုင်ရေး၊ စဉ်ဆက်မပြတ် အသုံးပြုနိုင် စေရန်နှင့် ရေရှည်တည်တံ့စေရေးတို့ အတွက် ရပ်ရွာမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြား ခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်တူးဖော်ပေးမည်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့်မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် မဖြစ်မနေရေနက် တွင်း တူးဖော်ပေးသင့်သည့် နေရာဒေသ များတွင် အမှန်တကယ်လိုအပ်ချက် ရှိနေ သော သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ညှိနှိုင်း တောင်းဆိုလာမှုအပေါ် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေအရ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပေနက်တွင်း တူးစက်အကူအညီဖြင့် ဆက်လက်တူးဖော်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment