Thursday, August 22, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများအတွက် ရေယာဉ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်




Image may contain: one or more people, people sitting and indoor
နေပြည်တော် ဩဂုတ် ၂၁



အမျိုးသား သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယ သမ္မတဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ဒေသများ အတွက် ရေယာဉ်တစ်စင်း ပေးအပ် လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ကြောင့် ယနေ့ကမ္ဘာတွင် သဘာ၀ဘေး အန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့ခံစားနေ ကြရပါကြောင်း၊ ဘေးအန္တရာယ် လျော့ပါး စေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ဘေးတွေ့စဉ် ဝိုင်းဝန်းကူညီ ကယ်ဆယ် စောင့်ရှောက်ခြင်းနှင့် သဘာ၀ဘေး ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင် ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိရာ အသေအပျောက် အပျက်အစီး နည်းပါးစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက် ရှိနေကြပါကြောင်း။
သဘာ၀ဘေးအန္တရာယ် ရင်ဆိုင် ကြုံတွေ့ကြရသည့်အခါ ဘေးအန္တရာယ် ဇုန်အတွင်းရှိ လူနှင့် တိရ္ဆာန်များ ပြင်းထန်စွာ ထိခိုက်ခံစားနေကြရသည့် ကာလအတွင်း အန္တရာယ် ဇုန်ပြင်ပမှ လာရောက်ကူညီ ကယ်ဆယ်စောင့် ရှောက်မှုများသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အခြားကမ္ဘာ့ နိုင်ငံများနည်းတူ နှစ်စဉ်သဘာ၀ဘေး အန္တရာယ် ကို ရင်ဆိုင်ကျော်လွှားနေရ သည့် ကာလတွင် အစိုးရသာမက ပြည်သူ များ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့ အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက် သည့်အလေ့အထ ပိုမိုအားကောင်းလာ သည်နှင့်အမျှ ဘေးအန္တရာယ်ခံစားရသူ များအတွက် ပိုမိုကောင်းမွန်သည့် ကူညီ စောင့်ရှောက်မှုများ ပေးနိုင်လာသည်ကို တွေ့ရှိရပါကြောင်း။
မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်တွင် နယ်လှည့်ကျန်းမာရေး ကူညီစောင့် ရှောက်မှုပေးနိုင်ရေးအတွက် ရေယာဉ် တစ်စင်း လှူဒါန်းသည့်အတွက် ကူညီ ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို အားတက်ဖွယ်ဖြစ်ပြီး စွမ်းဆောင်ရည် မြင့်မားသည့် အဆင့်တစ်ရပ်သို့ တက်လှမ်းလာနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း။
သဘာ၀ဘေးဒဏ်သင့် ပြည်သူများ ကို ပဲ့ချိတ်စက်လှေများ၊ ဖိုင်ဘာလှေ များဖြင့် ကယ်ဆယ်ပြီး သက်ဆိုင်ရာ ဆေးရုံသို့ မပို့ဆောင်မီကာလအတွင်း ရေယာဉ်ပေါ်တွင် လုံခြုံစိတ်ချစွာ ကျန်းမာ ရေးပြုစုစောင့်ရှောက်ကုသမှု အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် သဘာ၀ဘေးခံစားနေကြရသူ များကိုယ်စား၊ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြု ပါကြောင်း။
ယခုလှူဒါန်းလာသည့် ရေယာဉ်ပေါ် တွင် လိုအပ်သည့် ဆေးဝါး၊ ကျန်းမာရေး ဝန်ထမ်းနှင့် အခြားဖြည့်ဆည်းပေးရန် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာ ဌာနများအနေဖြင့် ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း။
သဘာ၀ဘေးအန္တရာယ် ရင်ဆိုင် ကြုံတွေ့လာချိန်တွင် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် Tint Tint Myanmar Group Of Companies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ရေယာဉ်လှူဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ Tint Tint Myanmar Group Of Compa-nies ဥက္ကဋ္ဌက ရေယာဉ်ဆိုင်ရာ စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ဒုတိယသမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ရေယာဉ်ကို၂၀၁၇ ခုနှစ်တွင် ပြည်တွင်း၌ တည်ဆောက်ခဲ့ပြီး အလျား ၁၀၅ ပေ၊ အနံ ၁၈ ပေနှင့် အနက် ၆ ပေ ရှိကာ Nissan RH (10) 200063 E (410)BHP အင်ဂျင်အမျိုးအစားကို အသုံးပြုထားကြောင်း၊ ရေယာဉ်ပေါ်တွင် အရေးပေါ် ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ အောက်ဆီဂျင်ဘူးများ၊ အရေးပေါ် ကယ်ဆယ်ရေးဆေးပစ္စည်းများ ပါရှိပြီး လူနာခုတင် ခြောက်လုံးမှ ၁၀ လုံးအထိ တပ်ဆင်၍Mobile Clinic အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment