Saturday, August 3, 2019

ငွေကြေးဖောင်းပွမှုနှုန်းကို "လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ"အဖြစ်ပြုစု၍ ထုတ်ပြန်ပေးလျက်ရှိ


Image may contain: 1 person, closeup
နေပြည်တော် ဩဂုတ် ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ငါးခုမေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း ၏ နိုင်ငံတော်၏ငွေကြေးကဏ္ဍအခြေအနေ ပွင့်လင်းမြင်သာစေရေးအတွက် နိုင်ငံတော်၏ အရန်နိုင်ငံခြားသုံးငွေ (Foreign Exchange Reserve)၊ အရန်ရွှေပမာဏ (Gold Reserve) နှင့် ငွေကြေးဖောင်းပွမှု ညွှန်းကိန်း (Inflation Index) တို့ကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက နိုင်ငံတကာခေါ်ဝေါ်သုံးစွဲမှုနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၅၈) တွင် ဖော်ပြချက်များအရ နိုင်ငံခြား သီးသန့်သုံးငွေ (Foreign Exchange Reserves) တွင် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းပါဝင်ပါကြောင်း၊ ပထမအပိုင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင် ဘဏ်များ၏ လက်ဝယ်တွင် ငွေသားအဖြစ်လည်းကောင်း၊ ပြည်ပရှိ ၎င်းတို့၏အဆက်အသွယ်ဘဏ်များရှိ ဘဏ်စာရင်း တွင်လည်းကောင်း ထားရှိသည့် နိုင်ငံခြားငွေပိုင်ဆိုင်မှု စုစုပေါင်းဖြစ်ပါကြောင်း၊ ဒုတိယပိုင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပိုင်ဆိုင်သည့် နိုင်ငံခြားငွေအဖြစ် အသိ အမှတ်ပြုခံရသည့်ရွှေ (Monetary Gold Holding) ဖြစ်ပါကြောင်း၊ ၎င်းတို့ နှစ်ရပ်ပေါင်းကို နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေ (Foreign Exchange Reserves) ဟုခေါ်ပါကြောင်း။
နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့်ငွေ ပြောင်းလဲမှုအခြေအနေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သုံးလတစ်ကြိမ် ထုတ်ပြန်
နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့်ငွေ ပြောင်းလဲမှု အခြေအနေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သုံးလ တစ်ကြိမ် ထုတ်ပြန်သည့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်း (Quarterly Financial Statistics Bulletin) တွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ အဆိုပါ Bulletin တွင် စီးပွားရေး၊ ငွေကြေးနှင့် ငွေရေး ကြေးရေးဆိုင်ရာအချက်အလက်များစွာပါဝင်ပြီး စာအုပ် အဖြစ်ထုတ်ဝေခြင်းဖြင့်လည်ကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website တွင်ဖော်ပြခြင်းဖြင့်လည်းကောင်း အများပြည်သူသိရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါ ကြောင်း။
ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က "လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေ အနေ"အဖြစ်ပြုစု၍ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ၎င်းတို့၏ Website ဖြစ်သည့် www.mmsis.gov.mm တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါကြောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Bulletin တွင် လည်း သုံးလပတ်အလိုက်ဖော်ပြသည့် ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများကို စားသုံးသူဆနှုန်းကိန်းဖြင့် ဖော်ပြထား ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၏ ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့ မြို့မရဲစခန်းအဆောက်အဦကို အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲဝန်ထမ်းအိမ်ရာကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြင်ဆင်ဆောက်လုပ် ပေးမည်ကို သိရှိလိုခြင်းမေးခွန်း၊ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်အိအိပြုံး၏ မှုခင်းသတင်း ပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံ ချိတ်ဆက်၍ ကြီးကြပ်ကွပ်ကဲနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဦးကိုကိုနိုင်၏ မြန်မာနိုင်ငံအတွင်းရှိ မြို့ပြနှင့် ဝေးကွာပြီး အချက်အချာကျသည့် ကျေးရွာများတွင် နယ်မြေမီးသတ်စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဘောလခဲမြို့မရဲစခန်းအတွက် လိုအပ်လျက်ရှိသည့် ရဲစခန်း(အချုပ်ပါ) နှစ်ထပ် တစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်လျာထားမှုကို ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ အတည်ပြုချက်ရရှိရန် ပေးပို့တင်ပြထားပြီး ဖြစ်သဖြင့် ဦးစားပေးအစီအစဉ်အလိုက် နောက်လာမည့် ဘဏ္ဍာရေးနှစ်များ၏ ငွေလုံးငွေရင်း(မူလ) အသုံးစရိတ် တွင် ထည့်သွင်းလျာထားတင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း။
ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းအတွက် လိုအပ်လျက်ရှိသည့် ခြောက်ခန်းတွဲ နှစ်ထပ် တစ်လုံးနှင့် လူ ၃၀ ဆံ့ လူပျိုဆောင်တစ်ဆောင်တို့ကို ၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တစ်ထပ် တစ်လုံး ဆောက်လုပ်ရန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ် တွင် လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။
မှုခင်းပရဟိတအဖွဲ့နှင့်စပ်လျဉ်း၍ မှုခင်းပရဟိတအဖွဲ့ အမည်ဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ အရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည်ကို သိရသော် လည်း မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက် မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တရားဝင်မှတ်ပုံတင်ထားပါကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်းအမည်ကို အမှန်တရားချစ်မြတ်နိုးသူများအသင်း(အမှန်တရားကူညီမှုအဖွဲ့)ဟု အမည် ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြ ထားရှိပါကြောင်း၊ အသင်းအဖွဲ့များဥပဒေကို ယခင်က ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ခံစီမံခန့်ခွဲခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါဌာနသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်း ဖွဲ့စည်းခဲ့ပြီး အသင်းအဖွဲ့များဆိုင်ရာကိစ္စရပ်များကို အဆိုပါ ဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းသည် မြန်မာ နိုင်ငံမှုခင်းသတင်းထောက်များအသင်းအမည်ဖြင့် တရားဝင် မှတ်ပုံတင်ခွင့်လျှောက်ထားရယူထားရှိပြီး အမှန်တရား ချစ်မြတ်နိုးသူများအသင်း (အမှန်တရားကူညီမှုအဖွဲ့)ဟု အမည်ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြထားရှိသော်လည်း "မှုခင်းကူညီမှုနှင့် ပရဟိတအဖွဲ့" အမည်ဖြင့် ပြောင်းလဲရန် အကြောင်းကြားထားခြင်းမရှိပါ ကြောင်းနှင့် အဆိုပါအသင်းအဖွဲ့သည် သီးခြားအဖွဲ့အစည်း တစ်ရပ်ဖြစ်၍ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်မည်ဖြစ် ပါကြောင်း။
နယ်မြေမီးသတ်စခန်း ၇၀၃ စခန်းအနက် ဖွင့်လှစ်ရန် ကျန်ရှိနေသည့် စခန်း ၃၀၁ စခန်း တို့ကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ပြနှင့်ဝေးကွာပြီး အချက်အချာကျသည့်ကျေးရွာများ တွင် နယ်မြေမီးသတ်စခန်းများဖွင့်လှစ်ရာတွင် ကျေးရွာ အုပ်စုရှိ အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့ အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ရှိမှု၊ ဈေးများတည်ရှိမှု၊ ၁၀ နှစ်အတွင်း မီးလောင်မှု အကြိမ်အရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ် ဝင်၊ ထွက်နိုင်သည့်လမ်းများ စသည့် အချက်များအပေါ် မူတည်၍ ဦးစားပေးအဆင့်သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံခွင့်ပြုထားပြီး ဖြစ်သည့် နယ်မြေမီးသတ်စခန်း ၇၀၃ စခန်းအနက် ဖွင့်လှစ် ရန် ကျန်ရှိနေသည့် စခန်း ၃၀၁ စခန်းတို့ကို ဖွင့်လှစ်နိုင် ရေးအတွက် မြေနေရာရရှိရေး၊ အဆောက်အဦဆောက်လုပ် နိုင်ရေးနှင့် မီးသတ်ယာဉ်၊ စက်ပစ္စည်းကိရိယာများဖြည့်တင်း နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးများက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် ဧရာ၀တီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဒေါ်အိအိပြုံး တို့က ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဒေါက်တာတင်တင်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က အသစ်ထည့်ပြီး အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားသည့် အခန်း ၂၊ အပိုဒ် ၃ (ဆ) ရှိ ကျေးလက်ဒေသနေပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်း တိုးတက်ကောင်း မွန်ရေး၊ ကျေးရွာတွင် လမ်း၊ ကုန်ထုတ်လမ်းနှင် တံတား များ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးနှင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆိုသည့်အပိုဒ်ကို ပြန်လည်ထည့်သွင်း လိုပါကြောင်း၊ ဦးစီးဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ အခန်း ၄၊ အပိုဒ်ခွဲ ၉ (ဃ) (၅) တွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ထားသည့် တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုကုန်ထုတ် လုပ်ငန်းများအတွက် နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ရေးအပိုဒ်တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဈေးကွက်ရရှိ နိုင်ရန် စီစဉ်ဆောင်ရွက်ရေးဟု ဖြည့်စွက်လိုပါကြောင်း၊ အဆိုပါအပိုဒ်တွင် တန်ဖိုးမြှင့်ပစ္စည်းများ ဖော်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ရေးဟူ၍လည်း ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။
ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်အိအိပြုံးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ အခန်း ၃၊ ပုဒ်မ (၅)(င) တွင် ကျေးလက်နေပြည်သူ များနှင့် အမျိုးသမီးများအလုပ်အကိုင်ဆိုသည်ကို ဖြည့်စွက် လိုပါကြောင်း၊ အခန်း ၄၊ ပုဒ်မ(၇)(ခ) တွင် ကျေးလက်နေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း သည့် နှစ်စဉ်၊ နှစ်ရှည်၊ နှစ်တို စီမံကိန်းများကို ကျေးလက်နေ ပြည်သူများနှင့်ရေးဆွဲ၍ ဗဟိုကြီးကြပ်ရေးကော်မတီသို့ တင်ပြရမည်ဟု ဖြည့်စွက်လိုပါကြောင်း၊ အခန်း ၅ ဦးစီးဌာန ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ပုဒ်မ ၈ (ဃ)(၄) တွင် ကျေးလက်နေပြည်သူများနှင့် အမျိုးသမီးများ အလုပ် အကိုင်ရရှိရေးဟုဖြည့်စွက်လိုပြီး (ဃ)(၅) တွင် ကျေးလက် ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးခြင်းဟု ထပ်မံဖြည့်စွက် လိုပါကြောင်း၊ (ဃ)(၇) တွင် ကျေးလက်နေပြည်သူများမှ ဒေသဖွံ့ဖြိုးရေးထိခိုက်နိုင်သည်ဟု ယူဆသော အရက်ပုန်း ဆိုင်၊ လောင်းကစားလုပ်ငန်းများကို တင်ပြလာပါက ထိရောက်သောအရေးယူမှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်အကူအညီပေးခြင်းဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း (၆) ကျေးလက်နေ ပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်တွင် ပုဒ်မ ၁၀ (င) တွင် လည်းကောင်း၊ ပယ်ဖျက်ထားသည့်ပုဒ်မနေရာတွင်လည်း ကောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက် နိုင်သည့် အရက်ပုန်းဆိုင်နှင့် လောင်းကစားလုပ်ငန်းများကို တားဆီးခြင်းနှင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ တင်ပြခြင်းဟု ဖြည့်စွက်လိုပါကြောင်း၊ ပုဒ်မ ၁၁ တွင် (က) မိမိ၏ကျေးရွာတိုးတက်ရေးလုပ်ငန်းအလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများသို့ တင်ပြခွင့် ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း ၉၊ ပုဒ်မ (၂၅)(ဂ)တွင် မြေယာပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ စနစ်တကျသတ်မှတ်ရေးနှင့် ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးနိုင်ရေးဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း ၁၃၊ ပုဒ်မ (၄၇) တွင် ဦးစီးဌာနမှ မည်သူကိုမဆို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပစ္စည်း သို့မဟုတ် ငွေကြေးကို အလွဲသုံးစားပြုလျှင် ထိုသူကို ဥပဒေအရ အရေးယူရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
မင်းမင်းဇော်(သတင်းစဉ်)

No comments:

Post a Comment