Saturday, August 3, 2019

နိုင်ငံစီးပွား ဖွံ့ဖြိုးရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


တရားမဝင်ကုန်သွယ်မှုက နိုင်ငံ၏စီးပွားရေးကို အဟန့်အတားဖြစ်စေသည်။ နိုင်ငံအတွက် ရသင့်ရထိုက်သည့်အခွန်အခများလည်း နစ်နာဆုံးရှုံးရပြီး ဝန်ထမ်းများအတွင်း အကျင့်ပျက်မှု၊ အဂတိလိုက်စားမှုတို့ ကူးစက်ပြန့်ပွား လာနိုင်သည်။ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။ လူမှုအသိုင်းအဝိုင်း ကိုလည်း ဆုံးရှုံးနစ်နာစေသည်။ ဈေးကွက်များအတွင်း တရားမဝင် ရောက်ရှိလာသည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်းရှိအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများရပ်တည်မှုကို ခက်ခဲစေပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေ သည်။ ထို့ပြင် နိုင်ငံအတွင်း လာရောက်လုပ်ကိုင်မည့် ပြည်ပမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လက်တွန့်သွားစေသည်။


နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံအချို့နှင့် ပြုလုပ်နေသည့် တရားမဝင် ကုန်သွယ်မှုများတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ လည်း ပါဝင်ပတ်သက်နေတတ်သည်။ တရားမဝင်ကုန်သွယ်မှု သို့မဟုတ် မှောင်ခိုရောင်းဝယ်မှုများတွင် မူးယစ်ဆေးဝါး၊ လူ၊ တောရိုင်းတိရ္ဆာန် အစိတ်အပိုင်းများ၊ ကျောက်မျက်ရတနာ၊ သစ်၊ သတ္တုနှင့် အခြားတရားမဝင် ပစ္စည်းများကို တရားမဝင်လမ်းကြောင်း အသီးသီးတို့မှတစ်ဆင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ တရားမဝင်သစ်မှောင်ခိုများကြောင့် မြန်မာနိုင်ငံသစ်တောများ၏ ၁၉ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရာ တန်ဖိုးအားဖြင့် နှစ်စဉ်ဒေါ်လာသန်းရာနှင့်ချီ၍ ရှိသည်ဟု သတင်းအချို့က ဆိုသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ကျောက်စိမ်းတင်ပို့မှု များ၏ ၂၀ ရာခိုင်နှုန်းသည်သာ တရားဝင်ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းမှာ တရားမဝင်တင်ပို့မှုများဖြစ်သည်ဟု သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ် ခြင်းနှင့် လူမှောင်ခို ကုန်ကူးခြင်းကဲ့သို့သော အကျိုးအမြတ်များပြားလှသည့် မှောင်ခိုရောင်းဝယ်မှုများတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ ပတ်သက်နေမှုမှာ ပြောစရာပင်မလိုသော ကိစ္စများဖြစ်သည်။


တရားမဝင်ကုန်သွယ်မှုများမှ အရည်အသွေးနိမ့်ကုန်ပစ္စည်းများ၊ ဆေးဝါးအတု သို့မဟုတ် မှတ်ပုံတင်မထားသည့် တရားမဝင်ဆေးဝါးများ၊ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စသည်တို့က လမ်းကြောင်း အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် တိမ်းရှောင်ကျော်ဖြတ်ကာ ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိလာကြသည့်အပြင် အာလူး၊ ကြက်သွန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီး၀လံ၊ ပန်းများစသည့် ကုန်စိမ်းများပင် ဝင်ရောက်လာ ကြသည့်အတွက် ပြည်တွင်းမှ အသေးစား စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အထိနာကြသည်။
တရားမဝင်ကုန်သွယ်မှု၏ ၉၇ ရာခိုင်နှုန်းမှာ အရှေ့ဘက်အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံများဘက်နှင့် ဆက်စပ်လုပ်ကိုင်နေ ကြခြင်းဖြစ်သည်။ သွင်းကုန်၊ ပို့ကုန်များနှင့်စပ်လျဉ်း၍ ၎င်းနှစ်နိုင်ငံဘက်မှ စာရင်းများနှင့် မြန်မာနိုင်ငံဘက်မှ စာရင်းများကို နှိုင်းယှဉ်ရာတွင် သွင်းကုန်ကွာခြားချက် ဒေါ်လာ ၅၃၃၉ သန်း၊ ပို့ကုန်ကွာခြားချက် ဒေါ်လာ ၁၀၉၇၅ သန်းရှိကြောင်းနှင့် နိုင်ငံအတွက်တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလီယံ ကျော် နစ်နာနေရသည်ဟု သိရသည်။ တရားမဝင်ကုန်သွယ်မှုများကို မထိန်းချုပ်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေများလည်း မြင့်မား နေသည်။


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် လုပ်ငန်းတာဝန် ၁၃ ရပ် ချမှတ်ကာ အဖွဲ့ဝင် ၄၀ ဖြင့် ဖွဲ့စည်းထားပြီဖြစ်သည်။ နယ်စပ်ဒေသ များနှင့် ထိစပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင်လည်း အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖမ်းဆီးအရေးယူမှု ၆၆၉ ကြိမ် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ တရားဝင်ကုန်သွယ်မှုများ ခိုင်မာအားကောင်းပြီး တရားမဝင်ကုန်သွယ်မှုများ ပပျောက်ဖို့လိုသည့်အလျောက် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက် ရာတွင် အဂတိတရားလေးပါးတို့ကို ရှောင်ရှားကာ ထိထိရောက်ရောက် ထက်ထက်မြက်မြက်ဖြင့် ထမ်းရွက်နိုင်ကြပါစေကြောင်း။ ။


No comments:

Post a Comment