Saturday, August 3, 2019

ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများပါ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိ

Image may contain: 2 people

နေပြည်တော် ဩဂုတ် ၂
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော် ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ မေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း ၁ ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်သည်။
အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း ရာတွင် ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်၏ အတည်ပြု ချက်ရယူသည်။
တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ "ဂျပန်-ကိုရီးယား စက်မှုလက်မှုလုပ်ငန်းများ မြန်မာပြည်သို့ လာရောက်ရင်းနှီး မြှုပ်နှံမည့် အစီအစဉ် ရှိ၊ မရှိ" မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရန် ရင်းနှီးမြှုပ်နှံ မှုဖြေလျှော့ခြင်း၊ တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံ မှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဇွန်လတွင်လည်း ကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာမည် ဖြစ်ကြောင်း။
ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာရေး အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် မြန်မာရင်းနှီးမြှုပ်နှံမှုညီလာခံ၌ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ ထို့အတူ ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းသို့ ပိုမို စီးဝင်လာနိုင်ရေးအတွက် ကိုရီးယားရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ရင်းနှီး မြှုပ်နှံသူများသာမက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများပါ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အလားအလာ ကောင်းများရှိကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ "မိုင်းပန်မြို့ရှိ မြို့နယ်ဦးစီးဌာနဆိုင်ရာရုံးအသီးသီးတွင် တာဝန်ထမ်း ဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ နှစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှမ်းပြည်နယ်အတွင်းရှိ မြို့ပေါင်း (၅၅)မြို့တွင် ဌာနပေါင်းစုံဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေ စေရန်အတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်လျက် ရှိရာ မိုင်းပန်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် မြေနေရာရရှိထားခြင်းမရှိသေး ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ဌာနပိုင် အမည်ပေါက် မြေနေရာရရှိရေးကို ဦးစားပေးဆောင်ရွက်ရ မည်ဖြစ်ပြီး မြေနေရာရရှိပြီးမှသာ ရန်ပုံငွေတောင်းခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ဗလမင်းထင်တံတားအား (၂၄)နာရီ
ဖြတ်သန်းခွင့်ပြုနိုင်ခြင်းမရှိပါကြောင်းနှင့်
လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များအား
ဖြုတ်သိမ်းရန် လတ်တလောအစီအစဉ် မရှိ
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ "ဗလ မင်းထင်တံတားပေါ် ပြည်သူများ ဖြတ်သန်းသွားလာချိန်ကို (၂၄)နာရီ ပိတ်ချိန်မရှိခွင့်ပြုပေးရန်နှင့် မလိုအပ်သော စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထားသော ဗလမင်းထင် (ဧရာ၀တီမြစ်ကူး) တံတားသည် ကချင် ပြည်နယ်သို့ လာရောက်သော နိုင်ငံခြားသားများ ကန့်သတ် နယ်မြေများသို့ ကျော်လွန်သွားရောက်ခြင်းမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ တရားမဝင်ကုန်ပစ္စည်းများ သွင်း၊ ထုတ် သယ်ဆောင်ခြင်းမရှိရေး၊ တရားဝင် သွင်းကုန်၊ ထုတ်ကုန် ပစ္စည်းများအား ခွင့်ပြုချက်နှင့် ညီညွတ်မှု ရှိ၊ မရှိ၊ မူးယစ် ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ဓာတုဗေဒဆိုင်ရာကုန်ပစ္စည်းများ သွင်း၊ ထုတ်သယ်ဆောင် ခြင်းမရှိစေရေး၊ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များ အား လူကုန်ကူးမှုဖြစ်စဉ်အန္တရာယ်မှ ကာကွယ်တားဆီး နိုင်ရေးနှင့် ဗလမင်းထင်တံတားသည် မြန်မာ- တရုတ်- အိန္ဒိယ ကုန်စည်စီးဆင်းမှုလမ်းကြောင်းပေါ်တွင် တည်ရှိ သည့်အတွက် တံတားလုံခြုံရေးကို စိစစ်ကြပ်မတ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖြတ်သန်းသွားလာချိန် ကန့်သတ်ထားခြင်းနှင့် စစ်ဆေးရေးဂိတ်ထားရှိခြင်းဖြစ်ပါ ကြောင်း။
ထို့ကြောင့် လတ်တလော နယ်မြေအခြေအနေအရ အဖျက်အမှောင့် ဆောင်ရွက်လိုသူများမှ တံတားအား မိုင်းထောင်ဖောက်ခွဲခြင်း၊ တံတားမှဖြတ်သန်း၍ မြို့တွင်း၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး အတွက် လိုအပ်သော စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက် နိုင်ရန် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များအား မဖြစ်မနေ ထားရှိရမည်ဖြစ်သဖြင့် ဗလမင်းထင်တံတားအား (၂၄)နာရီ ဖြတ်သန်းခွင့်ပြုနိုင်ခြင်းမရှိပါကြောင်းနှင့် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များအား ဖြုတ်သိမ်းရန် လတ်တလော အစီအစဉ်မရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ သွားလာ ရေးအဆင်ပြေရန် အချိန်သတ်မှတ်ချက်ဖြင့် ဆောင်ရွက် ပေးနိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ ပြီး အကြောင်းပြန်ကြားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ "တပ်ပိုင် မြေဧရိယာမဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည် စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီ အစဉ် ရှိ၊ မရှိ" မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လည်း ကောင်း၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ "ပြည်(န၀ဒေး) တောင်ကုတ်လမ်းမကြီးအား (BOT) စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး စာချုပ်ပါ အချက်အလက်များ အား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှုရှိ၊ မရှိနှင့် ထိုလမ်းမ ကြီးအား ကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း"၊ မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ "မတူပီ-မင်းတပ်လမ်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ"နှင့် ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ "မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အန္တရာယ်ရှိတံတား ဖြစ်သော ဆွမ်ဗီယန်တံတားနှင့် ဖုန်အင်တံတားတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိုးမိုးသူ၏ "ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် နိုင်စေရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုတင်သွင်းသည်။
မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူက ပြည်ထောင်စုအစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်လိုခြင်း၏ အဓိကအကြောင်းအရင်းမှာ အခြေခံ အဆောက်အဦများ အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်ရေး လိုအပ်နေခြင်းကြောင့်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီများသို့ ရောက်ရှိ စေရန်နှင့် ၃ လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ် မျှတရန်ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်ဒါခေါ်ယူရေးနှင့် ပတ်သက်သည့် ချမှတ်ထားသော မူဝါဒသည် ပြည့်စုံသည့် မူဝါဒတစ်ရပ်ဖြစ်သော်လည်း အချို့ဒေသများတွင် တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်းဖြင့် လုပ်ငန်းများ ကြာမြင့်နှောင့်နှေးလျက်ရှိသောကြောင့် မူဝါဒဖော်ဆောင် မှုပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းချက်များ ဖြစ်ပေါ်နေပါ ကြောင်း၊ ပြောင်းလဲခဲ့သည့် ဘဏ္ဍာရေးနှစ်နှင့်အညီ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအား ပထမ ၃ လပတ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်မှသာ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း၏ အနှစ်သာရ အား ပြည့်ပြည့်၀၀ ခံစားရမည်ဖြစ်ကြောင်း အဆိုတင်သွင်း ရာ ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်က ထောက်ခံ ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူသည့် အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါ က အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော "၂၀၁၉ ခုနှစ် အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကြမ်း" တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဩဂုတ် ၆ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment