Monday, August 5, 2019

သစ်ထုတ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် တောတွင်းပင် ထောင်ကျန်များ ထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက်

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၄
သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ် တော်ဝင်ခန်းမ၌ ကျင်းပသည့် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ပြန်လည်စိုက်ပျိုး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉-၂၀၂၀ ပြည့်နှစ် သစ်ထုတ်ရာသီတွင် မြန်မာ့သစ်လုပ်ငန်း အနေဖြင့် သစ်တောဉီးစီးဌာနမှ သတ်မှတ်ပေးထားသော ကျွန်းနှင့်သစ်မာ နှစ်စဉ်တောထွက် ပမာဏ၏ ၅၀ရာခိုင် နှုန်းလျှော့ချပြီးသစ်ထုတ်မှုနှင့်ကုန်ကျစရိတ် ကိုက်ညီစေ ရန်သာ သစ်ထုတ်သွားမည်ဖြစ်ကြောင်း၊ သဘာ၀တော များမှသစ်ထုတ်မှုကို တတ်နိုင်သမျှ လျှော့ချဆောင်ရွက် သည်ဖြစ်ပြီး စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးများရှိ နှစ်(၃၀)နှင့် အထက် သက်ကြီးသစ်တောစိုက်ခင်းများမှ သစ်များကိုသစ်တောဦးစီးဌာန၏ ပင်ထောင်ရိုက်ခွင့်ပြု ထားသည့်အတိုင်း ခုတ်လှဲသွားမည်ဖြစ်ကြောင်း၊ လမ်း ဘေးဝဲ၊ယာနှင့် တစ်အုပ်တစ်မစိုက်ခင်းများမှ ကျွန်းနှင့် သစ်မာပင်ကြပ်များကို အမြန်ဆုံးပြီးစီးအောင် ခုတ်လှဲ၊ ဆောင်ရွက်ရန်နှင့် ခုတ်လှဲ ထွက်ရှိလာသည့် ကျွန်းနှင့် သစ်မာပင်ကြပ် မျော၊တိုင်၊သစ်လုံးများကို အမြန်ဆုံး ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ သစ်ထုတ်ခြင်း ကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် တောတွင်းပင် ထောင်ကျန်များ ထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက် ရန်၊ သစ်ထုတ်လမ်းများမှတစ်ဆင့် တရားမဝင်သစ်ခိုး ထုတ်ခြင်းမရှိအောင် သစ်ထုတ်လမ်းဟောင်းများကို လုပ်ငန်းဆောင်ရွက်ပြီးပါက စနစ်တကျဖျက်သိမ်းရန်နှင့် သစ်ထုတ်ပြီးဒေသများအတွင်း ခုတ်လှဲသည့် အပင်၏သုံးဆကို သဘာ၀တော တန်ဖိုးမြှင့်သစ်တောစိုက်ခင်း အဖြစ် ပြန်လည်စိုက်ပျိုးရန်လိုအပ်ကြောင်း။
ဆင်စခန်းများ တိုးချဲ့ဖွင့်လှစ်
နိုင်ငံတော်၏မူဝါဒအရ သစ်ထုတ်ခြင်းများလျှော့ချခဲ့ ရာ သစ်ထုတ်ရေးဆင်များနှင့် ဆင်ဝန်ထမ်းမိသားစုများ ရေရှည်အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ပြည်သူ လူထုအား အသိပညာပေး အပန်းဖြေနိုင်ရန်အတွက် ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွား လုပ်ငန်းစခန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရန်၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးတွင် လိုအပ်သော ကုသခြင်း၊ ကာကွယ်ခြင်း၊ သုတေသနပြုလုပ်မှုများအတွက် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ဆင်စားကျက်များနှင့် နေရင်းဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားရန်မှာကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သစ်ထုတ်ရေးတာဝန်ခံများက ၂၀၁၈-၂၀၁၉ ခုနှစ် သစ်ထုတ်လုပ်နိုင်မှု၊ သစ်ဆိပ်သို့ ရောက်ရှိ/သိုလှောင် ရောင်းချနိုင်မှုနှင့် သစ်ဆိပ်လက် ကျန်ပမာဏ၊ သဘာ၀ တောတန်ဖိုးမြှင့်စိုက်ခင်း စိုက်ပျိုးနိုင်မှု၊ ထုတ်လုပ်ရေး အတွက် ယာဉ်၊ ယန္တရားနှင့် စက်သုံးဆီသုံးစွဲမှုများ၊ ၂၀၁၉-၂၀၂၀ပြည့်နှစ် သစ်ထုတ်ရာသီတွင် ဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှစ်စဉ် တောထွက် ပမာဏ သတ်မှတ်ခြင်းနှင့် သဘာ၀တောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းများနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ရှူထောင့်မှ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
အလုပ်အကိုင်ဖန်တီးပေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာ ယာစက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းရှိ Yangon Gems and Jewellery Sales Center ၌ ကျောက်စိမ်းနှင့် ကျောက်မျက်အချောထည် ထုတ်လုပ် ရောင်းချနေမှု၊ ဈေးကွက်ရရှိမှုနှင့် အလုပ်အကိုင်ဖန်တီးပေး နိုင်မှုများနှင့်စပ်လျဉ်း၍ သိလိုသည်များကို ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment