Monday, August 5, 2019

စာပေမှရသောအသိဖြင့် ဘ၀မြှင့်တင်


Image may contain: text
မြန်မာစာပေသည် အခြားစာပေများနှင့်မတူ မိမိတို့၏ဘ၀မြင့်မားတိုးတက် ရေးအတွက် အသိအမြင် ဗဟုသုတများစွာပေးစွမ်းနိုင်သည့် ခွန်အားများ ပြည့်လျှံနေပါသည်။ စာပေဟုဆိုရာ၌ ရသစာပေဖြစ်စေ၊ သုတစာပေ ဖြစ်စေ၊ သုတရသစာပေဖြစ်စေ တန်ဖိုးရှိသောစာပေများကို ဆိုလိုပါ သည်။ ထိုစာပေများကို ဖတ်မှတ်၊ လေ့လာ၊ ဆည်းပူးမှတ်သားခြင်းဖြင့် အသိအမြင်ဗဟုသုတများ တစ်စတစ်စတိုးပွားစေပါသည်။
ပုဂံခေတ် ရာဇကုမာရ်ကျောက်စာ(ယနေ့ထက်တိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် တည်ရှိသော မြစေတီကျောက်စာ)တွင် မြန်မာ စာပေသည် "ကျေးဇူးတရားသိတတ်ခြင်း" မှစခဲ့သည်ဟု မြန်မာပညာရှိ စာရေးဆရာကြီး ဦးဖေမောင်တင်၏ ပြောကြားချက်အရလည်းကောင်း၊ အနုပညာစာပေမှာ "ပေါင်းလှာဝပ်စင်း ယဉ်ကျေးခြင်း" ဟု မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ ရေးသားဖော်ပြချက်အရလည်းကောင်း မြန်မာစာပေ၏ တန်ဖိုးကြီးမားပုံကို သိရှိရပါသည်။
မြန်မာစာပေ၏ မြစ်ဖျားခံရာ အစဦးကတည်းက မြန်မာစာပေကို ဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် ကျေးဇူးတရားသိတတ်ခြင်း၊ အလုံးစုံ ယဉ်ကျေးခြင်းကို ဆောင်ကြဉ်းစေနိုင်သော အမြုတေကို ဆောင်ထား သည်ဖြစ်၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများအနေဖြင့် အဖိုးတန်သော မြန်မာ စာပေကို ဆည်းပူးလေ့လာခွင့်ရရှိသည့် မြန်မာလူမျိုးဖြစ်ရသည်ကို ဂုဏ်ယူ၍မဆုံး၊ အခွင့်အလမ်းများပြည့်လျှံ၍မဆုံးဖြစ်ကြရသည်ဟု ခံယူ ကြရမည်ဖြစ်ပါသည်။
ထိုသို့ အခွင့်အလမ်းများပြည့်လျှံနေသော်လည်း မျက်မှောက်ကာလ တွင် စာဖတ်မှုစွမ်းအားများ နည်းပါးလာကြခြင်းကြောင့်ဟု ဆိုရမည် ကဲ့သို့ပင် ကျေးဇူးတရားများကို သိတတ်မှုနည်းပါးလာခြင်း၊ လိမ္မာ ယဉ်ကျေးခြင်းတို့ ပါးလျားလာခြင်းတို့ကို မြင်တွေ့လာရသည်။ ထို့ကြောင့် မြန်မာတို့၏ ရှေးအစဉ်အဆက် စာပေယဉ်ကျေးမှုအစဉ်အလာများကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် တန်ဖိုးရှိသော မြန်မာ စာပေများကို ဖတ်မှတ်ကြပါဟု တိုက်တွန်းလိုပါသည်။
ကျွန်ုပ်တို့မြန်မာလူမျိုးများသည် မြန်မာစာပေကိုတန်ဖိုးထားမှု နည်းပါးလာခြင်း၊ စာဖတ်ခြင်းအလေ့အထပါးလျားလာခြင်းတို့၏ အကျိုးဆက် အနေဖြင့် ယဉ်ကျေးလိမ္မာခြင်းနှင့် အသိပညာဗဟုသုတများခြင်းတို့ လျော့နည်းလာသဖြင့် အသိအလိမ္မာနှင့် ဆင်ခြင်တုံတရားနည်းပါးပြီး မဖြစ်သင့်သည်များနှင့် စိတ်မချမ်းမြေ့ဖွယ်ရာများ ပေါ်ပေါက်လာသည်ဟု ဆိုရမလိုဖြစ်နေပါသည်။ ထို့ကြောင့် ကလေးစာပေ၊ လူငယ်စာပေ၊ စာဖတ် ဝိုင်းများကို နေရာအနှံ့တွင် ကျင်းပပေးခြင်းအားဖြင့် အသိအမြင်ဗဟုသုတ များတိုးပွားလာရေးအတွက် ဆောင်ကြဉ်းပေးမှုများကို လက်ကမ်းကြိုဆို ကြရမည်ဖြစ်သည်။ စာပေမှတစ်ဆင့် မိမိတို့၏ဘ၀ကို ဧကန်မုချမြှင့်တင် ပေးနိုင်သည်ဖြစ်၍ ခေတ်စားနေသော မိမိတို့၏လက်ကိုင်ဖုန်းမှတစ်ဆင့် လေ့လာခြင်းတို့အပြင် စာအုပ်စာပေများကို အချိန်ပေး၍ လေ့လာ ဖတ်ရှုကြရန်လည်း တိုက်တွန်းလိုပါသည်။
လူတစ်ယောက်အနေဖြင့် ကောင်းမွန်သော နှလုံးသွင်းဆင်ခြင်ခြင်း ရှိ၊ မရှိဟူသည့် အရင်းခံအကြောင်းမှာ စာကောင်းပေကောင်းများ ဖတ်ရှုခြင်း၊ မဖတ်ရှုခြင်း၊ ပညာရှိတို့အား ချဉ်းကပ်ခြင်း၊ မချဉ်းကပ်ခြင်းအပေါ်တွင် မူတည်နေသဖြင့် ပညာရှိတို့နှင့် အကြောင်းမတိုက်ဆိုင်ဟုဆိုလျှင်ပင် စာကောင်းပေကောင်းများကို စွဲစွဲမြဲမြဲဖတ်ရှုခြင်းအလေ့အထကို ပြန်လည် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တန်ဖိုးရှိသော မြန်မာစာပေမှတစ်ဆင့် တန်ဖိုးကြီးမား သော လူ့ဘ၀၊ တန်ဖိုးမြင့်မားသော လူ့ဘောင်လောကကိုဆောင်ကြဉ်းပေး နိုင်သည်ဖြစ်၍ တန်ဖိုးရှိသော မြန်မာစာပေပြန့်ပွားရေးကို ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရင်း မြန်မာလူမျိုးတိုင်း မြန်မာစာပေကိုတန်ဖိုးထားပြီး ဖတ်မှတ်လေ့လာဆည်းပူးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ် ပါသည်။ ။

No comments:

Post a Comment