Monday, August 5, 2019

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲအခမ်းနား(၂၀၁၉) ကျင်းပ

Image may contain: 1 person, indoor

တောင်ကြီး ဩဂုတ် ၄
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲအခမ်းနား (၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဉာဏစွမ်းအားမြင့်မားရေးအတွက် အရေးကြီး
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ အခမ်းအနားသည် မြို့ပြ၊ ကျေးလက်တောရွာများနှင့် ခက်ခဲ သောဒေသများတွင် နေထိုင်ကြသည့် မိခင်များ၊ နိုင်ငံတော် ၏ အနာဂတ်ဖြစ်သော ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ အာဟာရပြည့်၀ဖွံ့ဖြိုး ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးကြီးပါ ကြောင်း၊ ဘက်စုံအာဟာရပြည့်၀မှုသည် ပြည်သူများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက ဉာဏ စွမ်းအား ပြည့်၀မြင့်မားရေးအတွက် အရေးကြီးသော အချက်ဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျမလုပ်ဆောင်ပါက ကျန်းမာရေး၊ ပညာရေး၊ အားကစားနှင့် လူမှုစီးပွား စသည်ဖြင့် ကဏ္ဍစုံတွင် နောက်ကျကျန်ခဲ့မည်ဖြစ်ပြီး လာမည့်နှစ်များတွင် ဆိုးကျိုး များကို ခံစားရမည်ဖြစ်ကြောင်း။
အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍ ပေါင်းစုံပါဝင်သည့် ကွင်းဆက်လုပ်ငန်းကြီးဖြစ်၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ လုပ်ဆောင် ၍မရဘဲ ကဏ္ဍအလိုက်၊ လုပ်ငန်းတာဝန်များအလိုက် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဝန်ကြီးချုပ်များနှင့် လူမှုရေး ဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ လူမှုဝန်ထမ်း၊ စိုက်ပျိုးမွေးမြူရေး စသည့် ကဏ္ဍအသီးသီးတွင် တာဝန်ရှိသူများက တက်ကြွစွာ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့တို့ အပါ အဝင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံ တကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခုကဲ့သို့ အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ် များ ကာလအတွင်းသာမက အမြဲမပြတ် ဝိုင်းဝန်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲအနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် အာဟာရကျွမ်းကျင်မှုဆိုင်ရာ တို့ကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ က္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
အမှတ်တရလက်ဆောင်များ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက ငါးနှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင် - အေဆေးနှင့် သန်ချဆေးများ တိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များအား အဏု အာဟာရဆေးပြားများ တိုက်ကျွေးခဲ့ပြီး ငါးနှစ်အောက် ကလေးများ၊ မူလတန်း ကျောင်းသား ကျောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားနှင့် အားဖြည့်ဆန်များ ဖြန့်ဝေခြင်းနှင့် အမှတ်တရလက်ဆောင် များ ပေးအပ်ကြသည်။
ထို့နောက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ပြခန်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက် နေသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်

No comments:

Post a Comment