Thursday, August 8, 2019

အာဆီယံအသိုက်အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြု
=======================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ(၅၂) နှစ်မြောက် အာဆီယံနေ့တွင် ပေးပို့သည့်သဝဏ်လွှာ
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ (၅၂)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ အာဆီယံအသင်းကြီးသည် တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု၊ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ သာယာ၀ပြောမှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စသည်တို့ဖြင့် ပြီးပြည့်စုံ သည့် ဒေသကြီးတစ်ခုအတွင်း အတူတကွ ပေါင်းစည်း နေထိုင်ကြရန်နှင့် မိမိတို့၏ ပဓာနကျသည့် အကျိုးစီးပွားများ၊ စံနမူနာကောင်းများနှင့် ရည်မှန်းချက် များကို မြှင့်တင်ကြရန်အတွက် တူညီဆန္ဒအပေါ် အခြေတည်ဖွဲ့စည်းထားသော ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်းနှင့် အာဆီယံပြည်သူတစ်ရပ်လုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မိမိတို့ ယနေ့တွေ့မြင်နေရသည့် အာဆီယံအသင်းကြီးသည် လွယ်လွယ် နှင့် ဖြစ်ထွန်းလာခဲ့ခြင်းမဟုတ်သည်ကို အာဆီယံနှစ်ပတ်လည်နေ့ အထိမ်း အမှတ်ကျင်းပသည့် ယခုလိုအချိန်သမယတွင် သတိချပ်ကြရန် လိုအပ်ပါ သည်။ အသင်းစတင်ဖွဲ့စည်းစဉ်အချိန်တွင် အောင်မြင်သည့် အဖွဲ့အစည်း တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ပါမည်လော၊ ၎င်း၏ ရည်မှန်းချက်ပန်းတိုင် များနှင့် ကတိကဝတ်များကို လက်တွေ့ ဖော်ဆောင်ပေးနိုင်ပါမည်လောဟု အာဆီယံ အပေါ် သံသယများရှိခဲ့ကြပါသည်။ သို့သော်လည်း စတင် တည်ထောင်ခဲ့သည့် ၁၉၆၇ ခုနှစ်၊ ဩဂုတ် လ(၈)ရက်နေ့မှစတင်၍ အာဆီယံအသင်းကြီးသည် စည်းမျဉ်းကို အခြေခံသည့် ဒေသဆိုင် ရာအဖွဲ့အစည်းတစ်ခုအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲလာနိုင်ခဲ့သကဲ့သို့ အာဆီယံပဋိ ညာဉ်စာတမ်း တွင် ပြဋ္ဌာန်းထားသည့် ရည်မှန်းချက်များ၊ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ရပ်တည်နိုင်ခဲ့သည်ကိုလည်း ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ အာဆီယံမဏ္ဍိုင်ကြီးသုံးရပ်၏ စုပေါင်း အင်အား သည်လည်း အာဆီယံကို နိုင်ငံရေးအရ သဟဇာတဖြစ်ပြီး စီပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူမှုရှိသည့် ပြည်သူကိုဗဟိုပြု၊ ပြည်သူကိုမျက်နှာမူသော အသိုက်အဝန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာရေးကို ထပ်လောင်း အားဖြည့်ပေးလျက်ရှိပါသည်။
ယနေ့အာဆီယံသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တည်ထောင်ခဲ့သည့် အာဆီယံအသိုက် အဝန်းကြီးကို ပြည့်၀စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဦးတည်လျှောက်လှမ်းလျက်ရှိပါသည်။ ထိုသို့ ဦးတည်လျှောက်လှမ်းရာတွင် အမြဲတမ်း ဖြစ်ပေါ်ပြောင်းလဲနေသည့် ဒေသတွင်းအနေအထား၌ အာဆီယံ၏ အရေးပါအခရာကျမှုနှင့် စည်းလုံး ညီညွတ်မှုတို့ကို ဆက်လက်ထိန်းသိမ်းလျက် အာဆီယံဆွေးနွေးဖက်နိုင်ငံများ အပြင် ပါဝင်ပတ်သက်သူအားလုံးနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် သွားရန် မိမိတို့အနေဖြင့် ကတိကဝတ်ပြုထားပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကဏ္ဍအသီးသီးတွင် ရလဒ်ကောင်းများ အထင် အရှားတွေ့မြင်နေရသည့် အတွက်လည်း နှစ်ထောင်းအားရ ဖြစ်မိပါသည်။ အာဆီယံ၏ ညှိနှိုင်း အဖြေ ရှာခြင်းနှင့် တူညီဆန္ဒအပေါ် အခြေခံခြင်းတို့သည် ယနေ့အာဆီယံအဖြစ် တည်ရှိလာအောင် ဆောင်ကြဉ်းပေးနိုင်ရုံသာမက အခြားပြင်ပနိုင်ငံများ၏ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း ပြောကြားလိုပါသည်။ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဆက်ဆံရေးကို ကြည့်မည်ဆိုလျှင် ဆွေးနွေး ဖက်နိုင်ငံအများစုနှင့် မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့သည်ကို တွေ့မြင်ရ မည်ဖြစ်ပါသည်။ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင် ရာတွင် မိမိတို့အကြား ပိုမိုနီးကပ်စေမည်ဟု ယုံကြည်ပါသည်။
အာဆီယံနှင့်ထိတွေ့ဆက်ဆံရန် ပိုမိုစိတ်အားထက်သန်
အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(TAC)သည်လည်း ဒေသတွင်း ရှိ နိုင်ငံများအချင်းချင်း ထိတွေ့ဆက်ဆံရေးကို များစွာအထောက်အကူဖြစ်စေပါသည်။ TAC တွင် ပါဝင်လက် မှတ်ရေးထိုးသည့် နိုင်ငံအရေအတွက် တိုးတက်များပြားလာခြင်း သည်လည်း နိုင်ငံတကာ အသိုင်း အဝိုင်းအနေဖြင့် အာဆီယံနှင့်ထိတွေ့ ဆက်ဆံရန် ပိုမိုစိတ်အားထက်သန်ကြသည်ကို ထင်ဟပ်ပြ သနေခြင်းဖြစ်ပါ သည်။ အာဆီယံ မဟုတ်သည့် တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် ထူထောင်ထားသည့် အာဆီယံ ကော်မတီများ၊ အာဆီယံ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများမှ အာဆီယံဆိုင်ရာ သံအမတ်ကြီးများအနေဖြင့် အာဆီယံနှင့် ပြင်ပကမ္ဘာအကြား ပေါင်းကူးဆက်ဆံရေးတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ကြရန်လည်း တိုက်တွန်းလိုပါသည်။
တစ်ဖက်တွင်လည်း အာဆီယံအနေဖြင့် စီးပွားရေးပေါင်းစည်းမှု ပိုမို အားကောင်းရေးအတွက် အလေးအနက်ထား လျက်ရှိရာ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်များ ပြည့်၀စွာရရှိရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါ သည်။ နိုင်ငံတကာကုန် သွယ်ရေး ပြန်လည်ဦးမော့လာစေရေးနှင့် အာဆီယံစီးပွားရေး တောင့်တင်းခိုင်မာမှု ပိုမိုအားကောင်း လာစေရေးအတွက် ဒေသတွင်း စီးပွားရေး မိတ်ဖက်ပြုမှုအစီအစဉ်(RCEP)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါသည်။
အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အောင်မြင်ဖြစ်ထွန်း
အလားတူ အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အောင်မြင်ဖြစ်ထွန်း သည်ကိုလည်း မြင်တွေ့လိုပါသည်။ မြို့တော်များအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးရှိ မြို့ကြီး (၂)မြို့၊ (၃)မြို့စီတို့သည် ခေတ်မီ၍ ရေရှည်ခိုင်မြဲသည့် မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် နေရာတစ်ခု ဖြစ်လာရန် အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက်ကို ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ၎င်း၏ အဓိကရည် ရွယ်ချက်မှာ နည်းပညာကို အဓိကမောင်းနှင်အားအဖြစ်အသုံးချပြီး အာဆီယံပြည်သူ အားလုံး၏ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါသည်။ ထို့ကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားအလာ ကောင်းများကို အတူတကွ ရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း၊ အလေ့အကျင့်ကောင်းများ အချင်းချင်း မျှဝေရာတွင် လည်းကောင်း၊ အဆင့်မြင့်မြို့တော်များ ဖွံ့ဖြိုးရေးအတွက် သီးခြားလုပ်ငန်းစဉ်များ ချမှတ်ရေးနှင့် အာဆီယံအတွက် ထူးခြားကောင်းမွန် သည့် အဆင့်မြင့်မြို့တော်များ ပေါ်ထွန်းရေးအတွက် မူဘောင် များရေးဆွဲရာတွင် လည်းကောင်း အာဆီယံအတွင်းရှိ အဆင့်မြင့်မြို့ တော်များ အကြား ကွန်ရက် ချိတ်ဆက်ခြင်းက အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များကို အာဆီယံအဆင့်မြင့်မြို့တော်များ ကွန်ရက်အဖွဲ့ဝင် မြို့များအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါသည်။
အခြားအရေးပါသည့် ကဏ္ဍတစ်ခုမှာ ၂၀၁၉ ခုနှစ်ကို အာဆီယံ ယဉ်ကျေးမှုနှစ်အဖြစ် သတ်မှတ် ထားခြင်းဖြစ်ပါသည်။ အာဆီယံနိုင်ငံအချင်းချင်း ကြားတွင်လည်းကောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် လည်းကောင်း ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် အာဆီယံ၏ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေ အနှစ်များကို ကမ္ဘာသိအောင် တင်ပြခြင်းဖြင့် အာဆီယံ၏ စည်းလုံးမှုအသံကို မြှင့်တင်ပေးရန် ရည်ရွယ်ဆောင် ရွက်နေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အာဆီယံ အစားအစာပွဲတော်၊ ဈေးရောင်းပွဲတော် အစရှိသည့် အခမ်းအနားများကို မန္တလေးနှင့် ရန်ကုန်မြို့များတွင် အသီးသီးကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်များသည် အာဆီယံ၏ ထူးခြားကောင်းမွန်မှုများနှင့် အရောင်အသွေးစုံလင် သည့် ယဉ်ကျေးမှုများကို ပြည်သူလူထုအပါအဝင် ကမ္ဘာကိုတင်ပြခြင်းဖြစ်သည့် အတွက် တက်ကြွစွာ ပါဝင်ဆင်နွှဲကြရန် တစ်ဦးချင်းစီကို တိုက်တွန်းလိုပါသည်။ ထို့အပြင် မကြာမီတည်ထောင်မည့် အာဆီယံ အသင်းအဖွဲ့များ ကွန်ရက်သည် လည်း အာဆီယံအသိုက်အဝန်းနှင့် ပတ်သက်သည့် ပြည်သူလူထု၏ အသိ အမြင်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပြည်သူများအားလုံး ပါဝင်မှုရှိသည်ဆိုသည့် ခံစားချက်ကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။
ယနေ့ မိမိတို့ရရှိပိုင်ဆိုင်ထားသည့် အောင်မြင်မှုရလဒ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက် အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ်များတွင် အာဆီယံ၏ အရေးပါအခရာ ကျမှု၊ စည်းလုံးညီညွတ်မှုနှင့် ပြင်ပမိတ် ဖက်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းကို ဆက်လက်ထိန်းသိမ်းမှုတို့၏ အရေးပါပုံကို ထပ်လောင်းအတည်ပြုခဲ့သည့် အပြင် ကဏ္ဍပေါင်းစုံတွင် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲမှုရှိစေရေးအတွက် "စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးမိတ် ဖက်ပြုမှုဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ မျှော်မှန်းချက်"တစ်ရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းကြီး တစ်ရပ်အဖြစ် ပေါ်ထွန်း
အာဆီယံအသင်းကြီးကို စတင်တည်ထောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ အနေဖြင့် ဗန်ကောက်ကြေညာစာတမ်းတွင် ဖော်ပြထားသည့်အတိုင်း ၎င်းတို့၏ အမြော်အမြင်ကြီးမားသည့် မျှော်မှန်းချက်များနှင့်အတူ အာဆီယံကို အားကောင်းခိုင်မာပြီး အောင်မြင်ကြွယ်၀သည့် ဒေသဆိုင်ရာအဖွဲ့အစည်းကြီး တစ်ရပ်အဖြစ် ပေါ်ထွန်းလာ စေရန်အတွက် လမ်းကြောင်းများ ချမှတ်ပေးခဲ့ပါသည်။ အဆိုပါ မျှော်မှန်းချက်များကို အာဆီယံပဋိညာဉ် စာတမ်းတွင်လည်း ထပ်မံထည့်သွင်းဖော်ပြထားပါသည်။
အာဆီယံ၏အနာဂတ်ကို မည်သို့ပုံဖော်မည် နည်းဆိုသည်မှာ ယနေ့ မိမိတို့တစ်တွေ၏ လက်ထဲတွင်ရှိပါသည်။ အာဆီယံအသိုက်အဝန်း တည်ထောင် ရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်သွားရန် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြု ပါကြောင်း အခွင့်အခါသင့်ခိုက် ပြောကြားလိုပါသည်။ ပြည်သူများအနေဖြင့် လည်း ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ၀ပြော ရေးအတွက် မိမိတို့နှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက် ကြပါရန် တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment