Monday, August 5, 2019

မြန်မာနိုင်ငံပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် နိုဝင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် သဘောတူ


Image may contain: 2 people, people standing
နေပြည်တော် ဩဂုတ် ၄
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ၏ (၈)ကြိမ် မြောက် ဝန်ကြီးများအဆင့် ကြားဖြတ် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ဩဂုတ် ၂ ရက်မှ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဆောင်ရွက်ရန် သဘောတူ
အဆိုပါ အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး
သဘောတူစာချုပ်၏ ဈေးကွက်ဖွင့်လှစ်ရေးဆွေးနွေးညှိနှိုင်းမှု (Market Access Negotiation) အား ၁၀၀ ရာခိုင်နှုန်းနှင့် စာချုပ်၏ အဓိကအရေးပါ သည့် အခန်းများ၏ စာသားညှိနှိုင်းမှု (Text-based Negotiation)ကို နိုဝင်ဘာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်သဘောတူခဲ့ကြသည်။
အဖွင့်အမှာစကားပြောကြား
အဆိုပါ အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟူချွန်ဟွာ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သဘာပတိအဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူလျက်ရှိသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီး Jurin Laksanawisit က ဆောင်ရွက်ခဲ့သည်။
RCEP သည် ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၄၂ ရာခိုင်နှုန်းရှိသည့်အတွက် ကမ္ဘာ့ အကြီးမားဆုံး လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူစာချုပ် ဖြစ်လာမည် ဖြစ်ရာ အဆိုပါစာချုပ်ဆွေးနွေးညှိနှိုင်းမှုများ၏ တိုးတက်မှုအခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက်ရှိကြသည်။
လမ်းညွှန်ချက်များ ချမှတ်
၂၀၁၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များက RCEP ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဝါဒလမ်းòန်ချက်များကို ချမှတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ရာ ယနေ့အထိ ထိပ်သီးအစည်းအဝေး (၂)ကြိမ်၊ RCEP ဝန်ကြီး များအစည်းအဝေး ခြောက်ကြိမ်၊ RCEP ဝန်ကြီးများ ကြားဖြတ်အစည်းအဝေး (၈)ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့များ အစည်းအဝေး (၂၇)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
RCEP ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များထက် ပိုမိုခေတ်မီပြီးပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံက RCEP တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော ဈေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် အဆိုပါ စာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်းပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမို တိုးတက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်

No comments:

Post a Comment