Sunday, August 4, 2019

ပြည်သူကိုထောက်ထားအလုပ်အကျွေးပြု

No photo description available.
ဒီမိုကရေစီစနစ်သည် အများပြည်သူသဘောဆန္ဒဖြင့် နိုင်ငံကိုတည်ဆောက် နေခြင်းဖြစ်သည်။ အများပြည်သူ ရွေးချယ်ပေးသော အစိုးရတစ်ရပ်က အများပြည်သူကိုယ်စား အုပ်ချုပ်စီမံခန့်ခွဲနေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် အများပြည်သူသာလျှင် အဓိကဖြစ်သည်။ ဒီမိုကရေစီတွင် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်သည့်အတွက် ပြည်သူကိုဗဟိုပြု ရမည်ဖြစ်သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ ကိုဗဟိုပြု၍ ပြည်သူကိုငဲ့ညှာထောက်ထားပြီး အလုပ်အကျွေးပြုကြရ မည်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဩဂုတ်လ ၂ ရက်နေ့က မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ(ပြည်သူ့၊ အမျိုးသား နှင့်တိုင်းဒေသကြီး)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား မန္တလေးကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံပြီး လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက "ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာတွင် မိမိတို့လိုလားသည့် အုပ်ချုပ်ရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှုရှိသည့်အုပ်ချုပ်ရေးဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး အခွင့်အလမ်း၊ အဆင့်အတန်းနှင့် တရားဥပဒေအရာတွင် ညီမျှရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ် သည့် အုပ်ချုပ်ရေးမဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု၏ ဘ၀လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုပေးနိုင်သည့် အုပ်ချုပ်ရေးယန္တရား ဖြစ်စေလိုပါကြောင်း"မှာကြားသည်။
ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်တို့ အပြန်အလှန်ထိန်းကျောင်း၍ ယှဉ်တွဲ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ် သည်။ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက် တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကျွေးပြုရမည်ဖြစ်သည်။
ပြည်သူနှင့်ဆက်ဆံသည့်အခါ ပြည်သူကို မျက်နှာမူရသည့် ဌာန ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူကို ဗဟိုပြုပြီး ကောင်းကောင်း မွန်မွန်ဆက်ဆံရန်၊ ပြည်သူကို ပြည်သူလို ဆက်ဆံကြရန်၊ မိမိတို့၏တာဝန် ကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတကြီး၏ လမ်းòန်ချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရာတွင် မိမိ၏လုပ်ဆောင်မှု တန်ဖိုးမည်မျှရှိသည်ကို မှတ်ကျောက်တင်ခံနိုင်ရမည်ဖြစ်သည်။
ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းသည် မိမိ၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ မိမိတို့ဖြတ်သန်းခဲ့သည့် ခေတ်ကာလအခြေ အနေနှင့်လိုက်လျောညီထွေစွာဖြင့် သမိုင်းပေးတာဝန်ကို မည်မျှတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဆိုသည်ကို နောင်မျိုးဆက်များက အဆုံးအဖြတ်ပေးမည်ဖြစ်၍ ပြည်သူကတာဝန်ပေးထားသော ပုဂ္ဂိုလ်များ သာမက အရာထမ်း၊ အမှုထမ်းအားလုံးတို့က ပြည်သူသာ အမိ၊ ပြည်သူသာ အဖစိတ်ထား ထား၍ ပြည်သူကိုဗဟိုပြုကာ အလုပ်အကျွေးပြုကြရမည်ဖြစ် သည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များ နှင့်အညီ ပြည်သူလူထုက တာဝန်ပေးအပ်ထားသော၊ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့လစာရိက္ခာများကို ရယူခံစားနေကြသော ပြည်သူလူထုကိုယ်စား ပြုသူများ၊ ပြည်သူ့ဝန်ထမ်းများက ပြည်သူကို လေးလေးစားစား အလုပ် အကျွေးပြုရင်း အချုပ်အခြာအာဏာသည် ပြည်သူလူထုထံတွင်ရှိသည် ဟူသည့် ပန်းတိုင်သို့ရောက်အောင် ဆက်လက်တက်လှမ်းပြီး ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်ပါ ကြောင်း။

No comments:

Post a Comment