Wednesday, August 21, 2019

နိုင်ငံရေးသမားစစ်စစ် ဆိုသည်မှာ



မြန်မာ့အလင်းအယ်ဒီတာအာဘော် 





ဒီမိုကရေစီအသားကျနေသော နိုင်ငံများတွင် နိုင်ငံရေးသမားများ တွင်ကျယ်လေ့ရှိသည်။ အာဏာရသူများ လုပ်ပိုင်ခွင့်ရှိသူများဟူသည် နိုင်ငံရေးသမားများသာဖြစ်ချေသည်။ ဤကဲ့သို့ နိုင်ငံရေးသမားတို့၏ အခန်းကဏ္ဍက ကြီးမားအားကောင်းလာသည့်အခါ နိုင်ငံရေးကို နိုင်ငံရေးနှင့် တူအောင်လုပ်သည့် နိုင်ငံရေးသမားစစ်စစ်များရှိသကဲ့သို့ နိုင်ငံရေးသမားအယောင်ဆောင် အခွင့်အရေးသမားများ၊ နိုင်ငံရေးသမား အတုအယောင်များ၊ နိုင်ငံရေးမျက်နှာဖုံးစွပ်ကာ ကိုယ်ကျိုးရှာသူများ ကလည်း ရှိလာသည်။
သည်လို အနေအထားများကို အကြောင်းပြု၍ နိုင်ငံရေးသမား များကို သရော်ကြသူများ၊ နိုင်ငံရေးသမားဆိုလျှင် လူလိမ်များအဖြစ် ပုံဖော်ကြခြင်းများက ထင်သာမြင်သာဖြစ်နေသည်။ အမှန်က အများ ပြည်သူနှင့် ပတ်သက်လုပ်ကိုင်ရသည့်သူများ အားလုံးသည် သည်လို သရော်ခံရသည်များ ရှိတတ်သည်ချည်း။ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ရုပ်ရှင်သရုပ်ဆောင် အစရှိသည့် သက်မွေးဝမ်းကျောင်း နယ်ပယ်စုံက သူများနှင့် ပတ်သက်သည့် ပြက်လုံးများ၊ လှောင်ပြောင်သရော်သည့် ဟာသများက အများအပြားရှိသည်သာ ဖြစ်ချေ၏။
မည်သို့ဆိုစေ၊ နိုင်ငံရေးသမားဆိုသည်က သရော်လှောင်ပြောင်မှုများ၊ ဟာသပြက်လုံးများကြားက အရေထူထူဖြင့် နိုင်ငံ့အရေး၊ အများပြည်သူ အရေးကို ကိုယ်ကျိုးထက်ဦးစားပေးကာ ဆောင်ရွက်ရသူများ ဖြစ်ရ ပါသည်။
ဒီမိုကရေစီ မရင့်ကျက်သေးသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံ အဖို့မူ နိုင်ငံရေးသမားဟူသည် အနစ်နာခံရဆုံး သူရဲကောင်းများဟု မြင်သူများရှိသကဲ့သို့ နိုင်ငံရေးသမားဆိုလျှင် လှောင်ပြောင်ထိခိုက်ကာ ဆိုချင် ပြောချင်သူများကလည်း ရှိနေသည်မှာ မဆန်းလှ။
ပြည်သှူကိုယ်စားလှယ်စစ်စစ် နိုင်ငံရေးသမားအစိုးရဆိုသည်ကို နှစ်ကာလရှည်ကြာ မကြုံဆုံရဖူးသည့်၊ ဖွံ့ဖြိုးတိုးတက်မှု အလွန်နိမ့်ကျ နေသည့် ဆင်းရဲနွမ်းပါးလှသော နိုင်ငံတစ်ခုအဖို့မူ နိုင်ငံရေးသမား စစ်စစ်များ ပိုမိုလိုအပ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ နိုင်ငံ့အရေး၊ ပြည်သူ့ အရေးကို ကိုယ်ကျိုးစီးပွားထက် ပိုအလေးထားသည့် နိုင်ငံရေးသမားစစ်စစ် များကို ဆိုလိုပါ၏။
နိုင်ငံရေးသမားစစ်စစ်ဟူသည် ပြည်သူလူထုကို အခြေပြုရသည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားကာ ပြည်သူနှင့်အတူနေ၊ ပြည်သူနှင့်အတူ စံစားခံစားရသူများဖြစ်၏။ ပြည်သှူအကျိုးအတွက်၊ နိုင်ငံ၏ရေရှည်အကျိုးစီးပွားအတွက် အမြော်အမြင်ကြီးကြီး၊ ပညာဉာဏ် ကြီးကြီးဖြင့် ဦးဆောင်စီမံမှုများ ရေးဆွဲချမှတ်နိုင်သူ၊ စဉ်းစားတွေးခေါ် နိုင်သူ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူ၊ အရည်အချင်းပြည့်၀သူ၊ ရင့်ကျက်သူဖြစ်ရန် လိုပါသည်။
ထို့ပြင် နိုင်ငံရေးသမားစစ်စစ်ဟူသည် ပြည်သူလူထု၏ အားပေး ထောက်ခံမှုအပေါ် ရပ်တည်ရသူများဖြစ်သော်လည်း ပြည်သူလူထုကို လိမ်ညာ မဲဆွယ်သူများမဟုတ်။ မဖြစ်နိုင်သည်များကို ဆွယ်တရားဟောကာ မဲလိုချင်သူများမဟုတ်။ အပေါ်ယံ လူပြိန်းကြိုက် မီးရှူးမီးပန်းများ လွှတ်တင်ရင်း မဲတောင်းသူမဟုတ်။
နိုင်ငံရေးသမားစစ်စစ်များသည် လူထုအကျိုးကို အာရုံစိုက်၍ အလုပ်ကို အင်တိုက်အားတိုက် လုပ်ကြသူများသာ ဖြစ်လေသည်။ ရွေးကောက်ပွဲ မဲရရေးဆိုသည်ကို အာရုံထဲထည့်ထားသူများမဟုတ်။
အမြော်အမြင်ကြီး ရင့်ကျက်လှသည့် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော နိုင်ငံရေးသမားများဆိုလျှင် ဆန့်ကျင်ဘက်အဖွဲ့အစည်းမှ ဖြစ်သည်ဆိုဦးတော့ နိုင်ငံ့အရေး၊ ပြည်သှူအရေးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဆိုပါက အတူလက်တွဲအလုပ်လုပ်ကိုင်ရန် ဝန်မလေး ခဲ့သည်မှာ သမိုင်းဖြစ်ပါသည်။
မြန်မာနိုင်ငံက ဆင်းရဲနွံတွင်းမှ ရုန်းထွက်ရန် ကြိုးပမ်းရမည့် တာဝန်ကြီးများ၊ နိမ့်ကျနေသော ပညာရေးစနစ်ကို မြှင့်တင်ရန်၊ ပြည်သှူ ကျန်းမာရေးစနစ်များ အားကောင်းလာရန်၊ အဂတိတရားများ၊ လာဘ်ပေး လာဘ်ယူများကြောင့် ပျက်စီးယိုယွင်းလာခဲ့သော ယန္တရား တစ်ခုလုံးကို ပြန်လည်တည့်မတ်ရန်၊ တိုင်းရင်းသားလူမျိုးစုများနှင့် နားလည်မှုရယူကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် အစရှိသော လေးလံ ကြီးမားလှသည့် တာဝန်ကြီးများက ထုနှင့်ထည်နှင့် ရှိနေသည်ဖြစ် သောကြောင့် အရည်အချင်းပြည့်ကာ အမြော်အမြင်ကြီး၊ ကိုယ်ကျိုး မဖက်သည့် နိုင်ငံရေးသမားစစ်စစ်များ အများအပြားပင် လိုအပ်နေသည် မှာ အမှန်ပါပင်။
အရေအတွက်အားဖြင့် မနည်းပါးလှသော နိုင်ငံရေးပါတီများရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားစစ်စစ်များ အများအပြား ပေါ်ထွန်းပါစေ သတည်း။ ။

No comments:

Post a Comment