Sunday, August 25, 2019

တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပ




ရန်ကုန် ဩဂုတ် ၂၄



ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း (၁၀၀) ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံတော် အဆင့်ကျင်းပနိုင်ရန် ရာပြည့်သဘင် ကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးစီးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရာပြည့်သဘင်အခမ်းအနား များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ နိုင်ငံတော်အဆင့် ကျင်းပသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား များ ကျင်းပရာတွင် ရန်ကုန်တက္ကသိုလ် ၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့်အညီ အများက တန်ဖိုးထားလေးစားပြီး နိုင်ငံတကာအဆင့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်အဖြစ် အဆင့်ပြန်လည် မြှင့်တင်နိုင်ရေး ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း။
အလှူရှင်များ၏ ပူးပေါင်းပါဝင်မှု
ရန်ကုန်တက္ကသိုလ်၏ သမိုင်း ကြောင်းကို ကြည့်ပါက အောင်မြင်ခဲ့သည့် သမိုင်းကြောင်း အစဉ်အလာများ ရှိသကဲ့သို့ သင်ခန်းစာရယူရမည့် သမိုင်းကြောင်းများလည်း ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အထောက်အကူပြုပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုသည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြား သင်ယူလေ့ကျင့်ပေးခြင်းကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့ အဆင့် ၁၃၀၇၂ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့ အဆင့် ၇၂၂၁ ဖြစ်လာသည်အထိ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်၏ အခြေခံအဆောက်အအုံ များ ဖြည့်ဆည်းမွမ်းမံပြင်ဆင်ရေး၊ ပညာရေးမြှင့်တင်မှု အစီအစဉ်များ ဖြည့်ဆည်းရေး ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး လုပ်ငန်းတစ်ခုအဖြစ် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်ရန် အလှူရှင်များ၏ ပူးပေါင်း ပါဝင်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သဖြင့် တန်ဖိုးထား ဝမ်းမြောက်မိပါကြောင်း ပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ လှူဒါန်းသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန် တက္ကသိုလ်၏ ယခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်(၁၀၀)ပြည့် အခမ်းအနားများကို တစ်နှစ်ပတ်လုံး ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အဘက်ဘက်က ပြန်လည်ပြုပြင်မွမ်းမံ ရန် ကော်မတီများကို ဖွဲ့စည်းပြီးဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ရာပြည့် သဘင်ပွဲတော်ကို မိမိတို့တာဝန်ရှိသူများ ကသာ ဦးစီးဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ကျောင်းတော်ကြီးတွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် နှစ်(၁၀၀)ပြည့် အခမ်းအနားဖြစ်လာစေရန် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆွေးနွေးတင်ပြ
ယင်းနောက် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ဓမ္မာရုံမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဥမ္မာကျော်က ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းရှင်များ၊ ကျောင်းသူ ကျောင်းသားဟောင်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များမှ လှူဒါန်းသည့် အလှူ ငွေများကို လက်ခံရယူကြရာ အလှူရှင် စုစုပေါင်း ၃၂ ဦးမှ အလှူငွေကျပ် ၁၀၅၆ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment