Wednesday, August 28, 2019

ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: one or more people, people sitting and indoor
နေပြည်တော် ဩဂုတ် ၂၇




ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး အတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာဟာရပြည့်၀သော အသားထုတ်လုပ်မှုတွင် ပါဝင်သည့် ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များ အလိုက် ဥပဒေများပြဋ္ဌာန်း၍ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အပြည်ပြည်ဆိုင်ရာ နှင့် အာဆီယံဒေသတွင်းမှ ချမှတ်ထားသည့် ငါးလုပ်ငန်းဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အစီအစဉ်များ ရှင်းလင်း
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က EU နှင့် GIZ တို့ ပူးပေါင်းဆောင်ရွက် သောMYSAP စီမံကိန်းအောက်တွင် National Aqua-culture Development Plan -NADP ကို ရေးဆွဲ ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနများ အနေဖြင့် ဒေသနှင့်ကိုက်ညီစွာ အကောင်အထည်ဖော်ဆောင်နိုင် ရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာန တာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်း များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးရိက္ခာဖူလုံရေးတို့အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ငါး/ပုစွန် သားဖောက်စခန်းများမှ ငါးပုစွန်မျိုးကောင်း၊ မျိုးသန့်များအား သားဖောက်ထုတ်လုပ် ခြင်း၊ တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံများမှ သားဖောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းပညာကူညီပံ့ပိုးပေးခြင်း၊ အခြေခံငါးဆေးထိုး သားဖောက်သင်တန်းများအား စာတွေ့ လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ရေချိုငါးမျိုးစိတ် များကဲ့သို့ သားဖောက်ထုတ်လုပ်ရန် အလားအလာရှိသည့် ရေငန်ငါးမျိုးစိတ်များကို စမ်းသပ်သားဖောက်ပြီး အသားတိုး မွေးမြူထုတ်လုပ်ခြင်း၊ အစားအစာ ဘေးအန္တရာယ် ကင်းစင်ရေး ဆိုင်ရာ မွေးမြူရေးကျင့်စဉ် GAqP စနစ်နှင့်အညီ မွေးမြူ ထုတ်လုပ်နိုင်ရေး အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။
ရေထွက်ကုန် ၁၀ မျိုး တင်ပို့ခွင့်ရရှိ
ထို့အပြင် သယံဇာတထိန်းသိမ်းရေးအတွက် ဇီ၀မျိုးစုံမျိုးကွဲ များ၏ ဂေဟစနစ်နှင့် ၎င်းဂေဟစနစ်တည်ရှိရာ နေရာများ ဖော်ထုတ်ခြင်း၊ ဒေသခံများကိုယ်တိုင် စီမံခန့်ခွဲသော အဏ္ဏဝါ ရေပြင်နှင့် ရေချိုငါးမဖမ်းရဇုန်များ တည်ထောင်ပေးခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လုနီးသော ငါးမျိုးစိတ်များ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ EU အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဈေးကွက်သို့ မွေးမြူရေး ရေထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် အမျိုးသားဓာတ်ကြွင်း စောင့်ကြည့်စစ်ဆေးမှုအစီအမံကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၉ ခုနှစ် မေ ၁ ရက်မှစ၍ မြန်မာ့မွေးမြူရေး ရေထွက်ကုန် ၁၀ မျိုးကို EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment