Monday, August 26, 2019

မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ်(၂၀)ပြည့် အခမ်းအနားကျင်းပ



Image may contain: 8 people, people standing and people sitting

ရန်ကုန် ဩဂုတ် ၂၅




လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့်ဘေးဒဏ်များ ခံနိုင်သည့် အဆောက်အအုံဒီဇိုင်းများ ပါဝင်သော မြန်မာနိုင်ငံ အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းဥပဒေကို သက်ဆိုင်ရာပညာရှင်များနှင့် နည်းပညာ ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ရေးဆွဲ လျက်ရှိရာ ယခုဆိုလျှင် တရားဝင် ထုတ်ပြန်ရန် ဆောင်ရွက်နေပြီ ဖြစ် ပါကြောင်း ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အသင်းချုပ်ရုံး Function Hall ၌ ကျင်းပသည့် မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ်(၂၀)ပြည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံသည် သဘာ၀ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် နှစ်စဉ် နှစ်တိုင်း လှူအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးလျက်ရှိပါကြောင်း၊ ယခုနှစ် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအတော် များများ ရေကြီးရေလျှံခြင်း၊ မြေပြို တောင်ပြိုခြင်းများဖြစ်ခဲ့ပြီး အသက် အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးမှု များ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် နောက်ထပ်ဘေးအန္တရာယ် တစ်ခု ဖြစ် သည့် ငလျင်ဘေးအန္တရာယ်ကြောင့် လည်း အဆောက်အအုံ၊ လမ်းတံတား၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ ပျက်စီးဆုံးရှုံးသည်ကို လည်း မှတ်တမ်းများအရ သိရှိနိုင် ပါကြောင်း။
အလားတူ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပမှ တက္ကသိုလ်အဖွဲ့အစည်းများနှင့် ငလျင်လှုပ်ခတ်မှုကို စောင့်ကြည့်လေ့လာ သည့် စခန်းများကိုလည်း မြန်မာနိုင်ငံ အတွင်း ငလျင်လှုပ်နိုင်ခြေများသည့် နေရာများတွင် တပ်ဆင်ပြီး အမြဲမပြတ် စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငလျင်မလှုပ်မီ ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် ကြိုတင်ဆောင်ရွက်ထားသင့်သည်များ၊ ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဘေးကင်းစေရန် ပြုမူနေထိုင်ရမည့် နည်းလမ်းများနှင့် ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့်အရာများ စသည်ဖြင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်အပါအဝင် သဘာ၀ဘေးအ္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လျှော့ချရန်အတွက် မြန်မာနိုင်ငံ ငလျင် ကော်မတီက ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်သွားပါမည်ဟု ဆန္ဒပြုရင်း နှစ်ပေါင်း (၂၀)သက်တမ်းရှိပြီဖြစ်သည့် မြန်မာနိုင်ငံ ငလျင်ကော်မတီအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ Patron ဒေါက်တာ ဦးသိန်းက ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်မှုနှင့် ငလျင်ဆိုင်ရာ နည်းပညာ ရှင်များ၏ ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဖွဲ့စည်းရာတွင် ပူးပေါင်း ပါဝင်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ငလျင် ကော်မတီမှ ငလျင်ဆိုင်ရာ သုတေသန လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Video Clip ဖြင့် ပြသ သည်။
ဆက်လက်၍ အခမ်းအနား အစီ အစဉ်အတိုင်း ပညာရှင်များ၊ တက်ရောက် လာသူများက ငလျင်ဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာခေါင်းစဉ် အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီသည် ၁၉၉၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ သဘာ၀ဘေးအန္တရာယ်များ လျော့ပါး သက်သာစေရေးအတွက် ငလျင်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် နှစ်(၂၀)ပြည့်ခဲ့ပြီဖြစ်သည်။ ယနေ့အခမ်း အနားသည် ငလျင်ဆိုင်ရာ သုတေသန လုပ်ငန်းများကို အစိုးရဌာနဆိုင်ရာများ နှင့် ပညာရှင်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် သဘာ၀ဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ ပညာရှင်များ ပါဝင်ဆွေးနွေးခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment