Saturday, August 3, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသားနှင့် တိုင်းဒေသကြီး)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

Image may contain: 1 person, child

မန္တလေး ဩဂုတ် ၂
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသားနှင့် တိုင်းဒေသ ကြီး)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား မန္တလေးကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံပြီး လမ်းòန်အမှာစကားပြောကြားသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ဒီမိုကရေစီကို ပြင်းပြင်းပြပြ လိုလားကြပါကြောင်း၊ ထို့အတူ တိုင်းရင်းသားလူမျိုးစု အားလုံးကလည်း ဖက်ဒရယ်စနစ်ကို တည်ထောင်ချင်ကြပါ ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ထောင်မည်ဆိုသည့် မူဝါဒကို ချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းသန္နိဋ္ဌာန် အောင်မြင် ရန်အတွက် မိမိတို့အားလုံး တက်ညီလက်ညီ၊ တစ်လှေ တည်းစီး တစ်ခရီးတည်းသွား၊ ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
လောကပါလတရားများထွန်းကား
ဒီမိုကရေစီစနစ်တွင် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား လူမျိုးများအားလုံး၏ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုနှင့် ဘ၀အာမခံမှုများ ရှိပါကြောင်း၊ ထို့ပြင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများ လည်း ထွန်းကားပါကြောင်း၊ ယင်းသည် ဒီမိုကရေစီနိုင်ငံ များ၏ အလေ့အကျင့်များ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အားလုံး စုပေါင်းထားသည့်နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ စုပေါင်း ပါဝင်သဖြင့် ပြည်ထောင်စုဟု ပြောရပါကြောင်း၊ ပြည်ထောင်စုဟု ပြောမည် ဆိုပါက ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်နိုင်ငံတွင် နိုင်ငံ၏အချုပ်အခြာအာဏာသည် တိုင်းဒေသကြီး၊ ပြည်နယ်များအထိ ဖြန့်ခွဲ သွားပြီး တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ ထုံးစံများ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်ရန် ပြုစုပျိုးထောင်ခြင်း၊ အဆင့်မြှင့်တင် ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်၊ သာတူ ညီမျှခွင့် စသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့်မူကို ကိုင်စွဲထားပါကြောင်း။
ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးမဖြစ်ရန်လို
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာတွင် မိမိတို့လိုလား သည့် အုပ်ချုပ်ရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှုရှိသည့် အုပ်ချုပ်ရေးဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး အခွင့်အလမ်း၊ အဆင့် အတန်းနှင့် တရားဥပဒေအရာတွင် ညီမျှမှုရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးမဖြစ်ရန်လိုကြောင်း၊ ပြည်သူ လူထု၏ ဘ၀လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုပေးနိုင်သည့် အုပ်ချုပ်ရေးယ္တရားဖြစ်စေ လိုပါကြောင်း။
ပြည်သူကို ဗဟိုပြု
ဒီမိုကရေစီတွင် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်သည့်အတွက် ပြည်သူကိုဗဟိုပြုရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူ နှင့်ဆက်ဆံသည့်အခါ ပြည်သူကိုအလုပ်အကျွေးပြုသည့် သဘောမျိုးဖြင့် ဆက်ဆံစေလိုပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပြည်သူက မိမိတို့ကို လုပ်ပိုင်ခွင့်ပေးထားခြင်းသာဖြစ်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှု ပေးသည့်အခါတွင် တာဝန်ကျေစေလိုပါကြောင်း၊ ပြည်သူကို အလုပ်အကျွေး ပြုသည့်အခါတွင် လေးလေးစားစားရှိရန်လိုပါကြောင်း၊ အချုပ်အခြာအာဏာ သည် ပြည်သူ့ထံတွင်ရှိသည်ဆိုသည့် ပန်းတိုင်ရောက်အောင် မိမိတို့ ဆက်လက် သွားကြရမည်ဖြစ်ပါကြောင်း။
ဥပဒေပြုရေးမဏ္ဍိုင်တွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများရှိပါကြောင်း၊ ဥပဒေများသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုး ရှိ၊ မရှိ၊ ဒေသ၏ အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို လေ့လာသုံးသပ်ကြရန် လိုပါကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်အတွက် ဥပဒေတစ်ခုပြုမည် ဆိုပါက မိမိတို့၏ဥပဒေပြုခွင့်ဘောင်အတွင်း ဝင်၊ မဝင် ဂရုစိုက်ကြရန်လိုပါ ကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်၍မရပါ ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အခြေခံဖြစ်ပါ ကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ပိုင်ခွင့်များ၊ ဥပဒေ၊ နည်းဥပဒေများကိုလည်း ကျေကျေညက်ညက် သိရှိနားလည်ထားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိအောင် ဥပဒေပြုရေးမဏ္ဍိုင်က ထိန်းကျောင်း ရန်လည်း လိုအပ်ပါကြောင်း။
မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်း
အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်း၍ ယှဉ်တွဲညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေပြု ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့တွင် မဏ္ဍိုင်တစ်ခု က တစ်ခုကို ဝင်ရောက်စွက်ဖက်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကြုံတောင့်ကြုံခဲ သမိုင်းပေးတာဝန် ကို ထမ်းဆောင်ခွင့်ရသည့်ကာလတွင် အဆိုပါမဏ္ဍိုင်ကြီးသုံးရပ်မှ ပုဂ္ဂိုလ်များ အပြင် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များကလည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်လိုသဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံတော် နှင့် နိုင်ငံသားများအကျိုးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုကြောင်း။
တရားစီရင်ရေးမဏ္ဍိုင်သည်လည်း ဘက်လိုက်မှုကင်းသည့် တရားစီရင် ရေးဖြစ်စေလိုပါကြောင်း၊ တရားစီရင်ရေးတွင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ တည်ဆဲဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ စသည့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘက်မလိုက်သည့် တရားစီရင်ရေးတွင် အခြေခံမူများရှိပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ဥပဒေနှင့်အညီဖြစ်ရန် လိုအပ်ပါကြောင်း၊ မည်သူမျှ ရာထူး ဌာန၊ ဆင်းရဲချမ်းသာ၊ ငွေကြေးဓနဥစ္စာ၊ လူတန်းစားခွဲခြားမှုမရှိစေဘဲ ဥပဒေ ရှေ့မှောက်တွင် အညီအမျှဖြစ်စေရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိစေရန်နှင့် ဥပဒေအထက်တွင် မည်သူမျှမရှိစေရန် လိုအပ်ကြောင်း။
တရားမျှတမှုသည် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်
တရားမျှတမှုသည် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ တရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးနိုင်ပါက ဒီမိုကရေစီစနစ် ခိုင်မာလာမည် ဖြစ်ပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းဖြစ်စေရေး တည်ဆောက် ကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်ကစ၍ ပြောင်းလဲရန်လိုအပ်ပြီး ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းအားလုံး မိမိတို့၏အတွေးအခေါ် အလေ့ အထများပါ ပြောင်းလဲရန်လိုအပ်ပါကြောင်း။
ပြောင်းလဲမှုသည် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာ၀ပြောမှုနှင့် ဆက်စပ်နေပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံ အတွက် မိတ်ကောင်းဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ခြိမ်းခြောက်မှုမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသူ နိုင်ငံသားများ၏ သားစဉ်မြေးဆက် ငြိမ်းချမ်းသာယာ၀ပြောစေရေးအတွက် အခွင့်အခါကောင်း ဖြစ်ပါကြောင်း။
ပြည်သူနှင့်ဆက်ဆံသည့်အခါ ပြည်သူကို မျက်နှာမူရသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးအနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရန်၊ ချိုချိုသာသာပြောဆိုရန်၊ ပြည်သူကို ပြည်သူလို ဆက်ဆံကြရန်၊ မိမိတို့၏တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် လူ့ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ လူတစ်ယောက်၏ တန်ဖိုးဆိုသည်မှာ မိမိဖြတ်သန်းလာသည့် ခေတ်ကာလ အခြေအနေ၏ သမိုင်းပေးတာဝန် မည်မျှကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဆိုသည် ကို နောင်မျိုးဆက်များက ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ကြွရောက်လာကြသည့် အရာထမ်း၊ အမှုထမ်း တာဝန်ရှိသူများကလည်း လက်အောက် အဆင့်ဆင့်သို့ လမ်းòန်ချပြပြီး တည့်မတ်ပေးစေလိုပါကြောင်း၊ ယင်းကိစ္စကို မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်သူကို ငဲ့ညှာထောက်ထားပြီး အလုပ်အကျွေးပြုရန် အလေး အနက်မှာကြားလိုပါကြောင်းနှင့် ပြည်သူ၏အခက်အခဲကို ဦးစားပေးဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ ဆောင်ရွက်နေမှု၊
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကိုလည်း ကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဥပဒေပြု ရေးနှင့် လွှတ်တော်ရေးရာလုပ်ငန်းစဉ်များ ဆောင်ရွက်မှုကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းက တရားလွှတ် တော်ရေးရာလုပ်ငန်းများနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တရားရုံးများအနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်၍ လူ့အခွင့် အရေးကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရဲအချုပ်၊ တရားရုံးအချုပ်၊ ရဲဘက်စခန်းနှင့် အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးပေးစေ လိုပါကြောင်း၊ အမှုများကို မှန်မှန်နှင့် မြန်မြန်စစ်ဆေးပေးရန် လိုအပ်ပါကြောင်း၊ သက်သေစရိတ်များအား နိုင်ငံတော်မှ ကျခံပေးထားသည်ဖြစ်၍ မှန်မှန်ကန်ကန် ပေးစေလိုပါကြောင်း၊ ဘဏ္ဍာသိမ်းသက်သေခံပစ္စည်းများကိုလည်း နိုင်ငံတော် ၏ ဘဏ္ဍာငွေဆုံးရှုံးမှု မရှိစေရေးအတွက် လျင်မြန်စွာ စီမံခန့်ခွဲစေလိုပါ ကြောင်း။
လမ်းညွှန်မှာကြား
တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များတွင် အဆိုများတင်သွင်း သည့်အခါ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီး နှင့်ပြည်နယ်အတွက် အကျိုး ရှိ၊ မရှိ စဉ်းစားသုံးသပ်ရန် လိုအပ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများကလည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားသုံးသပ်၍ အမှန်တကယ်လုပ်ဆောင်ပေးနိုင်မှသာ ကတိပြုရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း မှန်ကန်ရန်လိုအပ်ပါကြောင်း၊ မြေယာ ကိစ္စရပ်များတွင် ဌာနဆိုင်ရာများအနေဖြင့် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက် ပေးရန်နှင့် ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်မှန်များ ပြန်လည်ရရှိစေရေး နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရသည် မူဝါဒနှင့်လမ်းညွှန်မှုများကိုပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက လုပ်ငန်းများအောင်မြင်အောင် အဓိကအကောင်အထည်ဖော် စီမံခန့်ခွဲရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၏ လုပ်ငန်းဆောင် ရွက်မှု၊ မြန်ဆန်မှု၊ မှန်ကန်မှု၊ ကောင်းမွန်မှုတို့သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ် နေပါကြောင်း၊ နိုင်ငံသားအားလုံးတွင် စွမ်းဆောင်ရည်နှင့် အလှတရားများ ကိုယ်စီရှိပြီးဖြစ်ပါကြောင်း၊ ယင်းတို့အား တိုင်းပြည်တည်ဆောက်ရေးတွင် အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေသည့် လူနာများ၏ အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် လူနာများလိုအပ် သည့် ဆေးဝါးနှင့်အာဟာရများအတွက် အသုံးပြုရန် ငွေကျပ် ၁၀ သိန်းကို မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးနှင့် ကင်ဆာရောဂါဗေဒ ဌာနမှူး ပါမောက္ခဒေါက်တာအောင်ဆန်းဦးတို့ထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ သို့ရောက်ရှိပြီး ဝန်ထမ်းများအား ပွင့်လင်းမြင်သာစွာ မဲဖောက်၍ အိမ်ခန်းနေရာ ချထားပေးနေမှုကို ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းသို့ရောက်ရှိပြီး စက်မှုဥယျာဉ်မြို့တော်အတွင်း စက်ရုံများတည်ဆောက် ပြီးစီးမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။
သတင်းစဉ်

No comments:

Post a Comment