ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို အီရန်စစ်ရေယာဉ်များက ဟန့်တားရန် ကြိုးပမ်းခဲ့

ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းအား အီရန်စစ်ရေယာဉ် များက လမ်းကြောင်းပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ ကြောင်း၊ သို့သော် ၎င်းတို့အား ဗြိတိန်စစ်ရေယာဉ်တစ်စင်း က မောင်းထုတ်ခဲ့ကြောင်း၊ ပင်လယ်ကွေ့ဒေသတွင်း၌ အီရန်နှင့် တင်းမာမှုများ သိသာထင်ရှားစွာ ဖြစ်ပွားခဲ့ ကြောင်း ဗြိတိန်အစိုးရက ပြောကြားသည်။
ယင်းလုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ငြင်းဆိုခဲ့သော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ဂျီဘရော်လ်တာ ကျွန်းရှိ ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့က အီရန်နိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စင်းအား ဖမ်းဆီးထိန်းသိမ်းခဲ့မှု ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နှစ်နိုင်ငံ တို့အား အကြီးအကျယ်နောင်တရစေမည်ဟု အီရန်က သတိပေးခဲ့သည်။
အီရန်နိုင်ငံက အဏုမြူဆိုင်ရာ လုပ်ဆောင်မှုများ မြှင့်တင်လုပ်ဆောင်နေခြင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖိအားပေးမှုများ မြှင့်တင်သည့်အနေဖြင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ကြောင်း ကြေညာခဲ့ပြီးနောက်တွင် ဟော်မုဇ်ရေလက်ကြား၌ ဇူလိုင် ၁၀ ရက်က အခြေအနေတင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ကာကွယ်ရေး သတင်းရင်းမြစ်များ၏ အစောပိုင်းပြောကြားချက်ကို ကိုးကား၍ စီအင်န်အင်န် သတင်းဌာနက ကနဦးဖော်ပြရာတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ လက်နက်တပ်ဆင်ထားသည့် ရေယာဉ် များက ရေနံတင်သင်္ဘောကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး ၎င်းတို့ကို ဗြိတိန်တော်ဝင်ရေတပ်မှ ဖရီးဂိတ်စစ်ရေယာဉ် က မောင်းထုတ်ခဲ့သည်ဟု ဖော်ပြသည်။
ဗြိတစ်ဟာရီတိတ်ချ်အမည်ရှိ ဧရာမရေနံတင်သင်္ဘော အား အီရန်စစ်ရေယာဉ်များက ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းရေနံတင်သင်္ဘောကြီးမှာ ဗြိတိန် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဘီပီကုမ္ပဏီမှ ပိုင်ဆိုင် ပြီး အလျား ၂၇၄ မီတာရှည်လျားကာ ရေနံစည်တစ်သန်း တင်ဆောင်နိုင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားသည်။
အေအက်ဖ်ပီ
No comments:
Post a Comment