Friday, July 12, 2019

ပါကစ္စတန်၌ ရထားတိုက်မှုဖြစ်ပွား ၁၃ ဦး သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရရှိ
No photo description available.
အစ္စလာမာဘတ် ဇူလိုင် ၁၁
ပါကစ္စတန်နိုင်ငံ အရှေ့ဘက် ရာဟိမ်ယာခန်မြို့တွင် ယနေ့ အစောပိုင်းက ရထားနှစ်စင်းတိုက်မိခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြထားသည်။
အာကဘာအက်စ်ပရက်စ် ဟု အမည်ပေးထားသည့် ခရီးသည်တင် ရထားတစ်စင်းသည် အရှေ့ လာဟိုးမြို့မှ နိုင်ငံ၏ အနောက်တောင်ဘက် ကွက်တာမြို့သို့ ဦးတည် ထွက်ခွာလာစဉ် ပန်ဂျပ်ပြည်နယ် ရာဟိမ်ယာခန်မြို့ရှိ ဝါလ်ဟာဘူတာအနီး၌ ကုန်တင်ရထားတစ်စင်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ရထားတိုက်မှုကြောင့် ခရီးသည်တင် ရထား၏ ရထားတွဲအများအပြား လမ်းချော်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်သား များသည် ရထားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ် ပွားရာနေရာသို့ အမြန်သွားရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။ ဒဏ်ရာ ရရှိသူများအနက် ၁၂ ဦး၏ ဒဏ်ရာသည် ပြင်းထန်သော ကြောင့် သေဆုံးသူဦးရေလည်း နောက်ထပ်တိုးလာဖွယ် ရှိကြောင်း ဒေသဆိုင်ရာ ဆရာဝန်များက ပြောကြားသည်။
ရထားတိုက်မှုကြောင့် ခရီးသည်တင်ရထား၏ လူစီး တွဲသုံးတွဲနှင့် အင်ဂျင်စက်လည်း လုံးဝပျက်စီးသွားကြောင်း သိရသည်။ ဒေသဆိုင်ရာအစိုးရသည် ရထားအဝင်အထွက် ခရီးစဉ်များကို ရထားလမ်းရှင်းလင်းမှု မပြီးမချင်း ရပ်ဆိုင်း ထားကြောင်း သိရသည်။
တစ်ဆက်တည်းမှာပင် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်က ရထားနှစ်စင်းတိုက်မိမှုဖြစ်စဉ်ကြောင့် တန်ဖိုးရှိသည့်အသက်များ ဆုံးရှုံးခဲ့မှုအပေါ် ဝမ်းနည်း ကြေကွဲမိပါကြောင်း ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ ပါကစ္စတန် တာဝန်ရှိသူများသည် အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ

No comments:

Post a Comment