Thursday, July 11, 2019

လစ်ဗျားမြို့တော် ထရီပိုလီ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းသေဆုံးသူ ၁၀၄၈ ဦးရှိ
Image may contain: cloud, sky and outdoor
ထရီပိုလီ ဇူလိုင် ၁၀
လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း၌ သေဆုံးသူဦးရေ စုစုပေါင်းမှာ ၁၀၄၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရ သူများမှာ ၅၅၅၈ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ် အို)က ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။
ထရီပိုလီအကျပ်အတည်းသည် အချိန်ကာလအားဖြင့် လေးလအတွင်း ဝင်ရောက်လာခဲ့ပြီး သေဆုံးသူဦးရေမှာ အရပ်သား ၁၀၆ ဦးအပါအဝင် ၁၀၄၈ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၅၅၈ ဦးတွင် အရပ်သား ၂၈၉ ဦးပါဝင်ကြောင်း ဒဗလျူအိတ်ချ်အို၏ တွစ်တာစာမျက်နှာ၌ ဖော်ပြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဆေးရုံများ၏ ကုသမှုလုပ်ငန်းများ နိုင်နင်းစွာလုပ်ဆောင်နိုင်ရေးအတွက် ဆရာဝန် များနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆေးကုသရေးအဖွဲ့များသည် သုံးလအတွင်း လူနာ ၁၇၀ဝ ကျော်ကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း ပြောကြားသည်။
ထိုစဉ်အတွင်းတွင် လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ ထောက်ပံ့ရေး လုပ်ငန်းအဖွဲ့ (ယူအင်န်အက်စ်အမ်အိုင်အယ်လ်)က လစ်ဗျားတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် မျိုးနွယ်စုများအကြား တိုက်ခိုက်နေမှုများကို ချက်ချင်းအပစ်အ ခတ်ရပ်စဲရန် ဇူလိုင် ၉ ရက်တွင် တောင်းဆိုခဲ့သည်။
ပြည်သူအချို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် ပူရာဇက်မြို့မှ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း အတွက် ယူအင်န်အက်စ်အမ်အိုင် အယ်လ်အဖွဲ့မှ စိုးရိမ်မှုများစွာဖြစ်ရကြောင်း အဆိုပါအဖွဲ့က ပြောကြား သည်။
မူရာဇက်မြို့သည် မြို့တော်ထရီပိုလီ၏တောင်ဘက် ကီလိုမီတာ ၇၈၀ အကွာတွင်ရှိပြီး ယင်းမြို့တွင် ဇူလိုင် ၈ ရက်က မျိုးနွယ်စုဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူအချို့သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ဖြစ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ခါလီဖာဟက်ဖ်တာဦးဆောင်သည့် လစ်ဗျားအရှေ့ပိုင်းတပ်ဖွဲ့များက ဧပြီလအစောပိုင်းတွင် စစ်ရေးတိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ကာ မြို့တော်ထရီပိုလီအား သိမ်းယူရန် ကြိုးပမ်းခဲ့သည်။ မြို့တော်ထရီပိုလီသည် ကုလသမဂ္ဂထောက်ပံ့မှုပြုထားသည့် လစ်ဗျားအစိုးရ အခြေပြုရာမြို့ ဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment