Friday, July 5, 2019

လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 2 people, people sitting, people standing and indoor
နေပြည်တော် ဇူလိုင် ၄
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယင်းလွှတ်တော်အစည်းအဝေးများ တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး လွှတ်တော်အသီးသီးတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ဥပဒေကြမ်း နှင့် အခြားသောလွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်အလိုက် လိုအပ်ချက်များကို ဆွေးနွေး ညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆောင်ရွက်ပေးစေလို
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယ အကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးများကို ပထမအကြိမ်မှ (၁၂)ကြိမ်မြောက် အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်၍ အတွေ့အကြုံ များစွာ ရရှိခဲ့ကြောင်း၊ ယခင်အတွေ့အကြုံများအရ လိုအပ်ချက်များအပေါ် ဖြည့်စွက်၍ ယခုကျင်းပ မည့် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန် ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော် မတီအလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက် ၍ ပြည်ထောင်စု လွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment