Friday, July 5, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြဖို့
======================

ဒီမိုကရေစီစနစ်အုတ်မြစ်ခိုင်မာရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူတို့ဘ၀ လုံခြုံချောင်ချိစွာ နေထိုင်ရှင်သန်ရေး အစရှိသည့် ရည်မှန်းချက်များကို ဦးတည်၍ ပြောင်းလဲချိန်တန်ပြီဟူ၍ ကြွေးကြော်ကာ ပြည်သူ့ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များ ပြည်သူတို့ နှင့်အတူ ရုန်းကန်လှုပ်ရှား ဆောင်ရွက်လာခဲ့ကြသည်မှာ နှစ်အတော်အတန် ရခဲ့ပြီဖြစ်သည်။


အောင်မြင်ခဲ့သည်များ ရှိသလို၊ အစဉ်အဆက်ကပါလာသည့် အရှုပ် အထွေးများကို မရှင်းနိုင်ဘဲ ဒရောသောပါး သွားနေရသည်တို့ကလည်း မနည်းလှ။ အဓိကကျ အရေးပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကဲ့သို့သော လုပ်ငန်းကြီးများအတွက် လွှတ်တော်များနှင့် ပြည်သူ့ကိုယ်စားလှယ်များက စည်းဝေးဆွေးနွေးနေကြသည်များကိုလည်း သတင်းများအရ သိရပါသည်။


သည်လိုဆောင်ရွက်နေကြသည့်ကြားထဲတွင် ပိုမိုထိထိရောက်ရောက် ကိုင်တွယ်ထိန်းကွပ်ရန်လိုအပ်လာသည့် ရာဇဝတ်ပြစ်မှုများကလည်း ကျေးလက်ဒေသများရော မြို့ကြီးများပေါ်တွင်ပါ ထင်ထင်ရှားရှားရှိနေပါ သည်။ လွယ်လွယ်ထိန်းကွပ်နိုင်မည်ဟု ပြည်သူတို့ယူဆခဲ့ကြသော လမ်းဘေးဈေးဆိုင် ပြဿနာများ၊ ကျူးကျော်အိမ်ရာ တိုးပွားလာမှု ပြဿနာများမှသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အကြီးစား များ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ၊ သက်ကြီးမရှောင် သက်ငယ် မရှောင် လိင်မှုဆိုင်ရာ အဓမ္မမှုများ၊ လူမှုအဖွဲ့အစည်းအဖို့ ယုံကြည်ရန်ပင် ခက်ခဲလှသည့် ကလေးသူငယ်မုဒိမ်းမှုများ အစရှိသော ရာဇဝတ် အမျိုးမျိုး က အလျှိုအလျှို ထိန်းမနိုင်သိမ်းမရဟု ဆိုရမတတ်ဖြစ်လာ ခဲ့သည်။
ခါးသီးသော သင်ခန်းစာများကို မျိုချလာရသည့်အခါ ရဲရင့်ပြတ်သား သည့် ခြေလှမ်းများကို လိုအပ်လာတတ်ပါသည်။


မြန်မာ့လွတ်လပ်ရေးရခါနီးချိန် ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်း အနေဖြင့် ၅ ဧပြီ ၁၉၄၇ ညနေ ၆ နာရီ ၃၃ မိနစ်အချိန်က အသံလွှင့်ဌာနမှ မြန်မာပြည်သူသို့ မိန့်ခွန်းဟောပြောခဲ့ဖူးသည်။ ထိုမိန့်ခွန်းပါ-
ယနေ့ညတော့ ဖဆပလရဲ့ ရှေ့ဆုံးတန်း ခေါင်းဆောင်တွေဟာ လမ်းနှစ်ခွကို ရောက်ပြီဆိုတာ ပြောချင်တယ်။ တစ်လမ်းက တစ်အိမ်လုံး အထိ လောင်စပြုနေတဲ့ မီးကို နိုင်နိုင်နင်းနင်းငြိမ်းရမည့် လမ်းဖြစ်တယ်။ တခြားတစ်လမ်းကတော့ အိမ်ကြီးလည်း လောင်ချင်သလို လောင်ပါစေ တော့ဆိုပြီး အိမ်ပေါ်က ဆင်းပေးတဲ့လမ်းဖြစ်တယ်။


ဒီလမ်းနှစ်ခုအတွက် ဘယ်လမ်းကို ကျွန်တော်တို့ခေါင်းဆောင်တွေ လိုက်ကြမယ်ဆိုတာ အနှေးနဲ့အမြန် ကျွန်တော်တို့ သန္နိဋ္ဌာန်ချကြရလိမ့် မယ်။ ယခုလို တစ်ပြည်လုံးအထိ ကူးစက်ပြီး မီးဟုန်းဟုန်းတောက်ဖို့ အရှိန်ယူနေတဲ့အခါမျိုးမှာ တွေဝေမိန်းမောခြင်း၊ ချီတုံချတုံ ဖြစ်ခြင်း၊ မှန်တယ်ထင်ရာကို မလုပ်ရဲခြင်းထက် ပိုပြီးမှားတဲ့အမှားမျိုးဟာ ရှိနိုင် တော့မယ် မဟုတ်ဘူး။


ဗိုလ်ချုပ်အောင်ဆန်းဟုဆိုလျှင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး၏ ဖခင်ကြီးအဖြစ် သတ်မှတ်ကြည်ညိုခဲ့ကြသော မြန်မာ ပြည်သူလူထုအဖို့ ယခုလို ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ကာလ များတွင် ပိုမိုသတိတရ လွမ်းတသသ ဖြစ်ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရာတွင် မည်မျှလောက် ရင့်ကျက် မြော်မြင်ဉာဏ်ကြီးသည်ကို ထပ်မံ၍ အချိုပေါ် သကာမလောင်းလို။ သို့သော် သူ၏ ဂိုဏ်းဂဏကင်းမဲ့မှု၊ သူ့လူ ကိုယ့်လူရယ် မဟုတ်ဘဲ နိုင်ငံ အတွက် လိုအပ်လျှင် လိုအပ်သလို ဆန်ရင်းနာနာဖွပ် တွန်းတိုက်ဦးဆောင် ခဲ့ပုံမျိုးက တွေးမိတိုင်း ကျေးဇူးကြီးလှချည့်ဟု၊ ကြည်ညိုထိုက်လှသည်ဟု မြင်ပါသည်။


ယနေ့ မြန်မာနိုင်ငံအတွင်းက ရာဇဝတ်မှုများတွင် ပြစ်မှုကျူးလွန်သည့် တရားခံများကို ထိထိရောက်ရောက် အပြစ်ပေးနိုင်၊ ကိုင်တွယ်နိုင်သော တရားဥပဒေစိုးမိုးရေး အခြေခံထိန်းကွပ်မှုကို အင်တိုက်အားတိုက် ဆောင်ရွက်ကြခြင်းဖြင့် အမျိုးသားခေါင်းဆောင်ကြီး မျှော်လင့်ခဲ့သော လမ်းမှန်ပေါ်သို့ အင်အားပြည့်ပြည့် တက်ရောက်နိုင်ကြမည်ဟု ယုံကြည်ပါ ကြောင်း။ ။

No comments:

Post a Comment