Thursday, July 4, 2019

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 2 people, people standing
နေပြည်တော် ဇူလိုင် ၃
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အမှာစကား ပြောကြား
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ် များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြော ကြားရာ၌ ပညာရေးဝန်ကြီးဌာနမှအပ်နှံသည့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခြင်းလုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက အဓိက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနနှင့်အတူ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေ သူလုပ်ငန်းရှင်များအသင်းနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက် လျက်ရှိပါ ကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများကို အချိန်မီ ကောင်းမွန် မှန်ကန်စွာ၊ အရည်အသွေးပြည့်ဝစွာ ရိုက်နှိပ် ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင် ရွက်ခဲ့သလို လာမည့်ပညာသင်နှစ်များအတွက် ပို၍ကောင်းမွန်စွာ၊ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း သွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပိုမိုကောင်းမွန်ရန် ကြိုးပမ်းသွားမည်
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သင်ရိုးညွှန်းတမ်း အသစ်ပါ အတန်းများအတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပြုစုခြင်းလုပ်ငန်းနှင့် အတည်ပြုသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း။
ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များမှာ နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရ သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတူ တကွ ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း။
ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဖြန့်ချိရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိ စေရန် ကျောင်းသား ကျောင်းသူ အရေ အတွက်နှင့် ကိုက်ညီစွာ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် အသေးစိတ် စိစစ်တွက် ချက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့သော် ရေကြီးရေလျှံမှုမျိုးကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသုံး စာအုပ်များ ထပ်မံလိုအပ်မှု ဖြစ်ပေါ်လာခဲ့ပါက အချိန်မီ ဖြန့်ဝေနိုင်ရန်အတွက်ကိုလည်း ကြိုတင် ဆောင်ရွက်ထားရပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းနှင့် ကျောင်းသုံး စာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က သက် ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြော ကြားကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၂၀၁၉-၂၀၂၀ ပညာသင်နှစ်) ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် လုပ်ငန်းဆောင် ရွက်ခဲ့မှုများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးမြင့် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းသုံး ပြဋ္ဌာန်းစာ အုပ်များ သတ်မှတ်ချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီ အမံများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ် မှတ်အချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုအတွက် ပညာရေးဝန်ကြီးဌာန၏ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်ထောင် စုဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ထံ ပေးအပ်သည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ် ဝေသူလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment