Thursday, July 4, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
Image may contain: 1 person, standing, child and flower
နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင် ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၏ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပ ဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၏ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှ သိန်း၏ ဇနီး ဒေါ်အေးသီတာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၏ဇနီး၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ သံတမန်များနှင့် ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေး အသင်း၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်၊ မြန်မာ နိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ ကျား၊မ ရေးရာတန်းတူညီမျှရေး ကွန်ရက်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားကို တေးသံရှင် ပိုးမီက "မြန်မာအမျိုးသမီးများနေ့"တေးသီချင်းအား သီဆိုဖွင့်လှစ်သည်။
ဆန်းသစ်တဲ့နည်းလမ်းများကို ဖော်ထုတ်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ ဖွဲ့စည်း ခဲ့တဲ့နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုအတွက် ဆန်းသစ် တီထွင်စို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်လို့ အဲဒီ ဆောင်ပုဒ်နဲ့အညီ ကျား၊ မ ရေးရာတန်းတူညီမျှမှုနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ် စောင့်ရှောက် ရေးစနစ်များ၊ လူမှုရေးရာဝန်ဆောင်မှုများနဲ့ လုပ်ထုံး လုပ်နည်းယန္တရားများအတွက် ဆန်းသစ်တဲ့ နည်းလမ်း များကို ဖော်ထုတ်ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ညီညီညွတ်ညွတ်နဲ့ စုပေါင်းဆောင်ရွက်
"ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုး သမီးများနေ့လို့ သတ်မှတ်ထားပါတယ်။ ကမ္ဘာ့အမျိုးသမီးများနေ့ လည်းရှိပါတယ်။ ဒီကနေ့မှာ ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေကို အမျိုးသမီးများကနေ ဘယ်လိုဖြည့်ဆည်း ပေးနိုင်သလဲဆိုတာကို အလေးထားပြီး စဉ်းစားရမယ့်နေ့လို့ မြင်ပါတယ်။ ကမ္ဘာလုံး ဆိုင်ရာအမျိုးသမီးများရဲ့ လိုအပ်ချက်တွေ လည်း ရှိတယ်။ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက် တွေလည်းရှိတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စကတော့ စံနှုန်းထားတွေ ပဲဖြစ်ပါတယ်။ ဒီလိုစံနှုန်းထားတွေ မြင့်မား ကောင်းမွန်ဖို့ ကျွန်မတို့အမျိုးသမီးများက ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစား စေချင်ပါတယ်။
"ဆက်သွယ်ရေးမြန်ဆန်လာတဲ့ခေတ်မှာ ဆိုရင် ပြင်ပ တစ်က္ဘာလုံးက စံနှုန်းထားတွေ ဟာ ကျွန်မတို့ အိမ်ထဲအထိ ရောက်လာနေပါ တယ်။ ကျွန်မတို့ရဲ့ ကလေးငယ်များဆီကို ရောက်လာနေပါတယ်။ ကျွန်မတို့ဆီကို တစ်ကမ္ဘာ လုံးကနေ ရောက်လာနေတဲ့ စံနှုန်း ထားတွေထဲမှာ ဘယ်စံနှုန်းထားတွေကို ကျွန်မ တို့က အားပေး သင့်သလဲ၊ ဘယ်စံနှုန်းထား တွေက ကျွန်မတို့နိုင်ငံအတွက် တကယ့်ကို တန်ဖိုးရှိသလဲဆိုတာကို အမျိုး သမီးတွေအနေ နဲ့ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ စဉ်းစားနိုင်ရမယ်၊ ဆင်ခြင်နိုင်ရမယ်။ ဘယ်လိုအရာ မျိုးဟာ၊ ဘယ်လို တန်ဖိုးတွေဟာ ကျွန်မတို့လို ဖွံ့ဖြိုးစနိုင်ငံတစ်ခု၊ ငြိမ်းချမ်းရေးအင်မတန်မှလိုအပ်နေတဲ့ နိုင်ငံတစ်ခု၊ အမျိုးသား ပြန်လည် စုစည်းနိုင်ရေးကို မျှော်မှန်းနေရတဲ့နိုင်ငံ တစ်ခုအတွက် အကောင်းဆုံးလဲဆိုတာ အမျိုးသမီး တစ်ဦးချင်းကနေ စဉ်းစားပြီး ဆောင်ရွက်စေချင်ပါတယ်။
"စည်းလုံးညီညွတ်မှု အင်အားကို ဘယ်သူမှ ယှဉ်လို့မရပါဘူး။ တကွဲတပြားစီ၊ တစ်ဦးတစ်ယောက်စီ၊ အဖွဲ့ တစ်ဖွဲ့စီ ကိုယ့် အတွက်ပဲ လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တိုးတက်ရေးကို ပံ့ပိုးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးများက ရှေ့က ဦးဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ စုပေါင်း ဆောင်ရွက်တဲ့ စံနှုန်းထားတွေကို ချပေးလိုက် မယ်ဆိုရင် ဒီနေ့တစ်နေ့အတွက်၊ တစ်နှစ် အတွက်တင်မဟုတ်ဘူး၊ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးပါမှာ ဖြစ်ပါတယ်။
စံနှုန်းထားတွေကို ကျင့်သုံ

"ကျွန်မတို့ စံနှုန်းထားတွေရွေးဖို့ ကိုယ်တိုင် ကလည်း ဒီစံနှုန်းထားတွေကို ကျင့်သုံးမှဖြစ်မှာ ပါ။ အခု ရုပ်ပိုင်း ဆိုင်ရာတိုးတက်မှုကို အင်မတန်မှ ဦးစားပေးနေတဲ့ခေတ်ကြီးမှာ တခြား စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုရော ဘာတွေ လိုအပ်နေသေးလဲဆိုတာ အဓိကထားပြီး စဉ်းစားစေချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက မရှိမဖြစ်ဘူးဆိုတာ ကျွန်မတို့ အားလုံး လက်ခံပါတယ်။ ဒီကမ္ဘာကြီးမှာ ဓန အင်အားက အရေးကြီး တယ်ဆို တာကလည်း ဘယ်သူမှငြင်းလို့မရပါဘူး။ သို့သော်ငြားလည်း ဓနအင်အား တစ်ခုတည်းနဲ့လည်း မလုံ လောက်ပါဘူး။ ဒီဓနအင်အားကို မှန်မှန် ကန်ကန်လုပ်နိုင်မှ ကျွန်မတို့နိုင်ငံဟာ တန်ဖိုး ရှိတဲ့နိုင်ငံဖြစ်လာမှာပါ။ ဒီလိုတန်ဖိုးရှိတဲ့နိုင်ငံ ဖြစ်ဖို့အတွက် ကျွန်မတို့ရဲ့ အမျိုးသမီးတွေက ဦးဆောင်ပြီး လုပ်စေချင်ပါတယ်။ အခွင့်အရေး ကို စဉ်းစားရင် တစ်ခါတည်း တာဝန်ယူမှုကိုပါ စဉ်းစားပါ။ အခုခေတ်ကြီးမှာ အခွင့်အရေးဆိုတာ အများကို အကျိုးပြုဖို့ဆိုတဲ့ တာဝန်နဲ့ ထိန်းထားရမှာဖြစ်ပါတယ်။ တာဝန်နဲ့ ဒွန်တွဲပြီး တော့ အခွင့်အရေးကို ကိုင်ထားမှ ကျွန်မတို့ နိုင်ငံက တကယ်ကိုတန်ဖိုးရှိတဲ့ နိုင်ငံဖြစ်လာ မှာပါ။
"ကလေးများကို ငယ်စဉ်ဘဝကတည်းက ပြုစုပျိုးထောင်သွားဖို့ အမျိုးသမီးများအနေနဲ့ ကလေးတွေကို စိတ်ထဲမှာ ဘယ်လိုစံနှုန်းထား တွေ စွဲသွားစေချင်တယ် ဆိုတာကို သေသေ ချာချာ စဉ်းစားပြီး ပြုစုပျိုးထောင်ပေးစေချင် ပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးကဏ္ဍမှာဆိုရင် ဆရာတွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသမီး တွေဖြစ်နေပါတယ်။ ကျွန်မတို့က တော့ အမျိုးသားတွေ ပိုပြီးဝင်လာတာကို မြင်ချင်ပါတယ်။ အမျိုးသမီး တွေရဲ့လုပ်နိုင်စွမ်းကို လျှော့တွက်လို့ မရပါဘူး။ ပညာရေးလောကမှာ ဦးဆောင် နေတာဟာ အမျိုးသမီး တွေဖြစ်တယ်ဆိုရင် မမှားပါဘူး။ ဒီလိုပြောခြင်းဟာ ကျွန်မအနေနဲ့ တက္ကသိုလ်ပါမောက္ခတွေကို ဆိုလိုတာ မဟုတ် ပါဘူး။ မူလတန်းကျောင်း ဆရာ ဆရာမတွေကို ပြောတာပါ။ မူလတန်းကျောင်း ဆရာ ဆရာမ တွေရဲ့ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ကျွန်မတို့ အမျိုးသမီးများဟာ မိသားစု အတွင်းမှာ တင်မဟုတ် ဘူး။ ပညာရေးလောက အတွင်းမှာ၊ လူမှုအသိုင်းအဝိုင်းအတွင်းမှာ အင်မတန်မှ အရေးပါတဲ့ကဏ္ဍရှိနေပါပြီ။ ဒီအရေးပါတဲ့ ကဏ္ဍမှာရှိနေတဲ့ အခြေအနေကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် လုပ်စေချင်ပါတယ်။
စိန်ခေါ်မှုတွေ အမျိုးမျိုးရှိ
"ကျွန်မတို့ အခုကမ္ဘာကြီးဟာ တိုးတက် လာတာနဲ့အမျှ စိန်ခေါ်မှုတွေကလည်း အမျိုးမျိုးရှိပါတယ်။ တိုးတက် လာတာနဲ့အမျှ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တကယ်ပွားလာ တယ်ဆိုရင် ကောင်းပါတယ်။ ဒါမှ တကယ့် စစ်မှန်တဲ့တိုးတက်မှုလို့ ပြောလို့ရမှာပါ။ ဒီလို မဟုတ်ဘဲနဲ့ ဒေါသ၊ မောဟတွေ ပွားလာမယ် ဆိုရင် ဒါက စစ်မှန်တဲ့တိုးတက်မှု ဟုတ်ရဲ့လား ဆိုတာ စဉ်းစားစေချင်ပါတယ်။ အမျိုးသမီး တွေအနေနဲ့ မြန်မာနိုင်ငံ အမျိုး သမီးများနေ့မှာ ကျွန်မတို့နိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲ ဆိုတာကို အလေးအနက်ထားပြီး စဉ်းစား စေချင်ပါတယ်။ ကျွန်မတို့ရဲ့ သားသမီး၊ မြေး၊ မြစ်တွေကို ဘယ်လို လူ့အသိုင်းအဝိုင်းမှာ ကြီးပြင်းလာစေချင်သလဲ။ ဘယ်လို လှူအသိုင်း အဝိုင်းမှာ နေထိုင်သွားစေချင်သလဲ။ ကျွန်မတို့ ကိုယ်တိုင် အသက်ကြီးလာတာနဲ့အမျှ ဘယ်လိုလူ့အသိုင်းအဝိုင်းကို ထားခဲ့စေချင် သလဲဆိုတာကို လေးလေးနက်နက် စဉ်းစား စေချင်ပါတယ်။ ကိုယ်က ဘာကိုရည်ရွယ်လဲ ဆိုတာကို သေချာသိမှ ရည်ရွယ်ချက် အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကို ကျွန်မတို့ နည်းလမ်းရှာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ တကယ်ကိုတန်ဖိုးရှိပြီးတော့ လုံခြုံ တဲ့နေရာ တစ်ခုဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ။ ဘာတွေ လုပ်သင့်သလဲဆိုတာကို စဉ်းစားပါ။ ဘယ်လို တန်ဖိုးထားပြီး ဖြန့်ချိပေးသင့်သလဲဆိုတာ စဉ်းစားပါ။ ဘယ်လိုပုံစံတွေနဲ့ ထိထိ ရောက် ရောက် ဖြန့်ချိပေးသင့်သလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒါက အမျိုးသမီးတွေ တင်မဟုတ်ဘဲ အမျိုးသား တွေလည်း လုပ်ရ မယ့်ကိစ္စဖြစ်ပါတယ်။
တန်းတူညီတူလက်တွဲသွားနိုင်ဖို့ ဦးတည်
"ဒီနေ့က မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အဓိက ဦးတည်ပြီး ပြောတာ ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေး လုပ်တဲ့အခါ ရန်သူတွေသဖွယ် တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး လုပ်တာမဟုတ်ဘဲနဲ့ မိတ်ဆွေတွေလို၊ မောင်နှမအရင်းအချာတွေလို လုပ်စေချင်ပါတယ်။ အားလုံး တန်းတူညီတူ လက်တွဲပြီးသွားနိုင်ဖို့ ဦးတည်ရမှာဖြစ်ပါတယ်။ အမျိုးသမီးအချင်းချင်း စာနာနား လည်နိုင်မှ၊ ကျွန်မတို့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ကြားထဲမှာ စာနာနားလည်နိုင်မှ ကျွန်မတို့ အနာဂတ် မျိုးဆက်တွေရဲ့ အကျိုးကို ထမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
"ဒီနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ကစပြီး နောက်နှစ်ပေါင်းများစွာ ကမ္ဘာတည်ရှိ သရွေ့ ကျွန်မတို့နိုင်ငံရဲ့ အကျိုးကိုသယ်ပိုးနိုင်တဲ့ အမျိုးသမီးတွေဖြစ်ကြပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ်"ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ဒုတိယဝန်ကြီး များ၊ ဒုတိယဝန်ကြီး များ၏ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ထူးချွန် ဆုရရှိကြသူများ၊ Parallel Session တွင် ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များနှင့်လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ လက်အောက်ရှိ အဖွဲ့ခုနစ်ဖွဲ့မှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မြေညီထပ်၌ ပြသထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ အမျိုးသမီးအဖွဲ့ အစည်းများကွန်ရက်၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင် ရှင်များအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျား၊ မ တန်းတူ ညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်းတို့၏ လူမှုအကျိုး ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များကို လိုက်လံကြည့်ရှုအားပေးကြသည်။
သတင်းစဉ်

No comments:

Post a Comment