Thursday, July 4, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်


အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင်
============================

နှစ်စဉ် ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့် နေ့ကို အထိမ်းအမှတ်ပြုခဲ့ခြင်းဖြစ်၏။


နိုင်ငံတကာ အမျိုးသမီးများနေ့၏ ယခုနှစ်ဆောင်ပုဒ်များမှာ ခွင့်တူ ညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုအတွက် ဆန်းသစ်တီထွင်စို့ ဟူ၍ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အမျိုးသမီးများ အတွက်လည်း ကျား၊ မ တန်းတူရေး၊ အမျိုးသမီးထု၏ စွမ်းဆောင်ရည် မြင့်မားစေနိုင်မည့် လူမှုဝန်းကျင်များ ဖန်တီးထူထောင်နိုင်မှုများ လိုအပ် ပါသည်။


အမျိုးသမီးတို့၏ လူမှုရေးရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများ စနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အမှန်တကယ် အကောင် အထည်ဖော်နိုင်မည့် စီမံခန့်ခွဲမှုဆိုင်ရာ ယ္တရားတို့အခိုင်အမာ တည်ဆောက် ထားနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။


အမျိုးသမီးတို့၏ အခန်းကဏ္ဍက ယနေ့မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ မည်မျှလောက် လွှမ်းမိုးဩဇာကြီးမားနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ဤကဲ့သို့ အမျိုးသမီးတို့၏ အခန်းကဏ္ဍ မြင့်မား ကာ လွှမ်းမိုးနိုင်သည်က အမျိုးသမီးတို့၏ လူမှုအဖွဲ့အစည်းအတွင်း ပါဝင် လှုပ်ရှားဆောင်ရွက်နိုင်သည့် စွမ်းအားမြင့်မားမှုကြောင့်ဟု ယုံကြည်ပါ သည်။


အမျိုးသမီးများအပေါ်ထားရှိသော မြန်မာလူမှုအဖွဲ့အစည်း၏ မူလ ဘူတ သဘောထားမှာ လွန်စွာ ဂရုစိုက်ညှာတာသည့် အခြေခံရှိသည်။ နှိမ်ချသည့်သဘောမျိုးမဟုတ်ဘဲ ဦးစားပေးမှုကို ဦးတည်ပါသည်။ မိခင်ကို တန်ဖိုးထားမြတ်နိုးတတ်သည့် ယဉ်ကျေးမှုကို မြန်မာ့ရိုးရာဓလေ့အဖြစ် မြင်တွေ့နိုင်သည်က မြန်မာလူမှုအဖွဲ့အစည်း၏ အခြေခံတစ်ခုဟု နားလည် ပါသည်။


အမျိုးသမီးများပေါ်ထားရှိသည့် ယဉ်ကျေးမှုစံနှုန်းများအရ လွန်စွာ မြင့်မားလှသည့် သဘောထားအချို့မှာ ကာလရွေ့လျောလာမှုနှင့်အတူ ပြောင်းလဲလာသည်တို့ကိုလည်း ယခုအခါ သတိပြုမိလာပါသည်။
ပညာရေးအဆင့်အတန်း မြင့်မားမှုနှင့် စီးပွားရေးပြေလည် ချောင်ချိ မှုတို့က ယေဘုယျအားဖြင့် ယဉ်ကျေးမှုစံနှုန်းများကို ပြောင်းလဲတတ်သည့် အားလျော်စွာ ကာလရှည်ကြာ ဖြတ်သန်းခဲ့ရသော မြန်မာ့စီးပွားရေးနှင့် ပညာရေးအဆင့်အတန်းနိမ့်ပါးလာသည့် ဖြစ်စဉ်များနှင့်ယှဉ်လျက် အထက်ပါ ယဉ်ကျေးမှုစံနှုန်းများ ပြောင်းလဲလာသည်တို့ ရှိလာခြင်းဟု ယူဆရပါသည်။
နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု၏ ဘေးထွက်ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးများ အလွန်သိသာစွာ တိုးပွားများပြားလာမှုနှင့် အရက်သေစာ အလွန်အကျွံသောက်သုံးမှု စသည်တို့ကလည်း မြန်မာအမျိုးသမီးတို့၏ ဘ၀များကို ခြိမ်းခြောက်လာနေရင်း၊ ယဉ်ကျေးမှုစံနှုန်းများကလည်း လျော့နည်းနိမ့်ကျလာသည်တို့ရှိပါသည်။


အထူးသဖြင့် အမျိုးသမီးကလေးငယ်များအပေါ် ကျရောက် အရိပ် ထိုးလာသည့် သက်ငယ်မုဒိမ်းမှုကဲ့သို့သော အမှုများက အမျိုးသမီးထု တစ်ရပ်လုံးအတွက် စိုးရိမ်စိတ်ပူစရာ ဖြစ်လာပါသည်။
အမျိုးသမီးများသည် မိမိတို့ကမ္ဘာလောကကြီးအတွက် မည်မျှ လောက် အရေးပါသည်ဆိုခြင်းကို မိခင်နှင့်တန်းတူ သဘောထားလေ့ ရှိသော၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ခုအဖြစ် လက်ခံခဲ့ကြသော မြန်မာလူမျိုးအများစုအဖို့ သည်လို အဓမ္မမှုများက အလွန်ပင် အရုပ်ဆိုး အကျည်းတန်လှသော ဖြစ်ရပ်များပါပေ။


သည်လို အဓမ္မမှုဖြစ်ရပ်များ လုံး၀ရပ်တန့်သွားရေး၊ အမျိုးသမီးတို့၏ အခွင့်အရေးကို နိုင်ငံအနာဂတ်နှင့် ယှဉ်လျက် တန်ဖိုးထားစောင့်ရှောက် ရေးတို့အတွက် နိုင်ငံ၏ ဘက်ပေါင်းစုံမှ အထူးပြု ဆောင်ရွက်ကြရန် လိုပါမည်ဟု မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် နှိုးဆော်လိုက်ရ ပါသည်။ ။

No comments:

Post a Comment