Thursday, July 4, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Image may contain: 1 person, sitting and indoor
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ၂၀၁၉ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဦးစီးကော်မတီဝင်များဖြစ်ကသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုး၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ ၁၀ ခုမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်လှစ်
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေး ကို ဖွင့်လှစ်သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဇွန် ၂၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၈/၂၀၁၉ ဖြင့် "ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ"ကို ၁၂ ဦးဖြင့်လည်းကောင်း၊ "ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ"ကို ၁၈ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် လေးရပ်ချမှတ်ပေးထားပါကြောင်း၊ ဦးစီးကော်မတီ၏ လမ်းညွှန် ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးနှင့် ဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင် ရန်အတွက် ဦးစီးကော်မတီမှ ဆပ်ကော်မတီ ၁၀ ခုကို လုပ်ငန်းတာဝန်များသတ်မှတ်ကာ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
ဗုဒ္ဓဘုရားရှင်လက်ထက် ဗုဒ္ဓသာသနာအစောပိုင်းကာလတွင် မြတ်စွာ ဘုရားရှင်သည် ရဟန်းသံဃာတော်များအား သုံးထည်သောသင်္ကန်းကိုသာ ဝတ်ရုံသုံးစွဲရန် ခွင့်ပြုတော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် သတ်မှတ်ခွင့်ပြုပေး တော်မူခဲ့သော ဝါတွင်းကာလသည် မိုးတွင်းကာလဖြစ်သဖြင့် ခရီးသွားရင်း မိုးမိခဲ့ပါက ရေစိုသင်္ကန်း လဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်း မရှိသောကြောင့် ရဟန်းသံဃာတော်များ အဆင်ပြေစေရန်အတွက် သာဝတ္ထိပြည် ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါက ဘုရားရှင်ထံ "မိုးရေခံသင်္ကန်း" ဆက်ကပ် လှူဒါန်းခွင့် လျှောက်ထားရာမှ မိုးရေခံသင်္ကန်းသုံးစွဲခွင့်ကို ဘုရားရှင်က ဝိနည်း သိက္ခာပုဒ်နှစ်ခု ပညတ်၍ သုံးစွဲရမည့်ကာလနှင့် အတိုင်းအတာ အရွယ်အစား ပမာဏတို့ကို ခွင့်ပြုပေးတော်မူခဲ့ပါကြောင်း။
အကျိုးထူးများ ခံစားရရှိ
ထိုကဲ့သို့ မိုးရေခံသင်္ကန်း လှူဒါန်းလေ့ရှိခဲ့ကြရာမှ နောင်တွင် ဝါတွင်းသုံးလ ဝါဆိုဝါကပ်တော်မူကြသော ရဟန်းတော်တို့အား လှူဒါန်းကြသည့်အတွက် "ဝါဆိုသင်္ကန်း"ဟူသော အခေါ် အဝေါ်ကို ပြောင်းလဲသုံးစွဲ လာကြပါကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အတွက် ဝါဆိုပွဲတော် တစ်ခုဖြစ်ပြီး ဝိနည်းတရားတော်နှင့်အညီ လှူဒါန်းခွင့်ရသည့် သင်္ကန်းအလှူဖြစ်သောကြောင့် မွန်မြတ်သည့်အလှူ ဟု ခေါ်ဆိုရမည်ဖြစ်ပါ ကြောင်း၊ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်းတို့တွင် သင်္ကန်းလှူဒါန်းကြရသူများသည် "ရွှေရောင် အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစသား၊ ဝတ်ထည် များကို၊ ဆင်မြန်းရခြင်း" စသော အကျိုးထူးများ ခံစားရရှိနိုင်ပြီး မျက်မှောက် ဘဝ၌ပင် သောတာပန်နှယ် ဂုဏ်ရညြွ်ကယ်၍ အပါယ်ဘေးမှ လွတ်ကင်းနိုင် ကြောင်းလည်း ကျမ်းဂန် အဆိုအမိန့်များအရ သိရှိရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သံဃာ့ဦးသျှောင် ဆရာတော် ကြီးများအား နှစ်စဉ်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းသည် မြတ်စွာဘုရားရှင်က ဝိနည်းတော်နှင့် အညီ ခွင့်ပြုပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓအလိုကျ ဆောင်ရွက်ခြင်းလည်းဖြစ်ပါ ကြောင်း။
ပင့်ဆောင်မည်
ယခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီး ၄၇ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီး ကိုးပါး၊ စေတိယဟိ တကာရက (ရွှေသုဝဏ် )ဆရာတော် တစ်ပါး၊ ဥပ္ပါတသ္တိစေတီတော်ဂေါပက အဖွဲ့ သြဝါဒါစရိယ ဆရာတော် ၁၁ ပါး စုစုပေါင်း ၆၈ ပါး ပင့်ဆောင်မည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဆရာတော် ကြီးများသည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့်ကြွရောက် မည်ဖြစ်သည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အထူးလေယာဉ်ရရှိရေး၊ ဆရာတော်ကြီးများ လိုက်ပါစီးနင်းသည့်အခါတွင် အဆင်ပြေချော မွေ့စေရေးတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ သီတင်းသုံးမည့် ကျောင်းဆောင် လေးဆောင်တွင် ဆရာတော် ကြီးများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် သီတင်းသုံးနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်၊ ဝေယျာဝစ္စဆောင်ရွက်မည့် ကပ္ပိယကာရကများကိုလည်း စနစ်တကျတာဝန်ပေးအပ်သွားရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် တင့်တယ်စေရေးတို့ကို ယခင်နှစ်များနည်းတူ စီစဉ်ပေးရန် လိုအပ်ပါကြောင်း။
လစ်ဟာမှုမရှိအောင် အလေးထားဆောင်ရွက်
အခမ်းအနားကျင်းပမည့်နေ့ရက်မတိုင်မီ ဆရာတော်ကြီးများ ကြိုတင် ရောက်ရှိစဉ်၌ အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက် ကပ်ရာတွင်လည်းကောင်း၊ အခမ်း အနားနေ့၌ ဆရာတော်ကြီးများကို ဆွမ်းဆက်ကပ်ပြီး လူပုဂ္ဂိုလ်များကို ဧည့်ခံ ကျွေးမွေးရာတွင်လည်းကောင်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ် အောင် "ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ"နှင့် "ကျန်းမာရေးဆပ်ကော်မတီ"တို့က ပေါင်းစပ်ညှိနှိုင်းစီမံဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ "ကျန်းမာရေးဆပ်ကော်မတီ"အနေဖြင့် ဆရာတော်ကြီး များအား တစ်ပါးချင်းစီ၏ ကျန်းမာရေးကို အထူးဂရုပြုစစ်ဆေးပေးရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆွမ်းကွမ်းချက်ပြုတ်မှုများဖြစ် အောင် စစ်ဆေး ဆောင်ရွက်ပေးစေလိုပါကြောင်း။
အခမ်းအနားကျင်းပနေပုံများကို ယခင်နှစ်များနည်းတူ lLED Boardတပ်ဆင်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးရန်၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ စနစ်တကျစီမံချက်များရေးဆွဲပြီး လစ်ဟာမှုမရှိအောင် အလေးထားဆောင်ရွက် သွားကြရန်နှင့် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း။
နှစ်စဉ်ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသည် နိုင်ငံတော် အဆင့်အခမ်းအနားဖြစ်သည့် အားလျော်စွာ စနစ်တကျကျင်းပနိုင်ရေး စီစဉ်ပေးရန်လိုပါကြောင်း၊ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်၍ သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် လုပ်ငန်းများ ဆောင်ရွက် သည့် အခါ လစ်ဟင်းမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်း စပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်သွားရန်လို အပ်မည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်း အနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြား သည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုနှင့် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ "အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များ၊ "ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထား ရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များနှင့် "လှူဖွယ်ပစ္စည်း များပြင်ဆင်ရေး နှင့် ဆက်ကပ်ရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို သာသနာရေးဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဦးက လည်းကောင်း၊ "သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော် မတီ"ဆိုင်ရာကိစ္စရပ်များ နှင့် "ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက လည်းကောင်း၊ "ဧည့်ခံဖျော် ဖြေရေးဆပ်ကော်မတီ" ဆိုင်ရာ ကိစ္စရပ်များကို အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးက လည်းကောင်း၊ "သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က လည်းကောင်း၊ "ကျန်းမာရေးဆပ် ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များကို ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှက လည်းကောင်း၊ "ဥပ္ပါတသ္တိစေတီတော်မြတ်ကြီး ပရဝဏ် စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်းပြင် ဆင်ရေးဆပ် ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို ဥပ္ပါတသ္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အလှည့်ကျသ ဘာပတိ ဦးထွန်းကြည်က လည်းကောင်း၊ "လုံခြုံရေးဆပ် ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီနာယက ဒုတိယသမ္မတက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment