Wednesday, July 24, 2019

ဒီမိုကရေစီတိုးတက်မြင့်မားရေး မီဒီယာများနှင့် ရွေးကောက်ပွဲ



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် ရွေးကောက်ပွဲဆိုသည်က အရေးပါ သော မှတ်ကျောက်တစ်ခုဖြစ်ပါသည်။ ရွေးကောက်ပွဲများကို မည်မျှ လောက် လွတ်လပ်ငြိမ်းချမ်းစွာ ကျင်းပနိုင်သည်လဲ၊ ထိုရွေးကောက်ပွဲများ သည် မည်မျှလောက် ပွင့်လင်းမြင်သာရှိသည်လဲ၊ ပြီးတော့ မည်မျှလောက် တရားမျှတမှုရှိသည်လဲ၊ ထိုရွေးကောက်ပွဲများက ပေါ်ထွက်လာသော ရွေးချယ်ခံကိုယ်စားလှယ်များနှင့် မည်မျှလောက် ကိုက်ညီပါဝင်သော လွှတ်တော်များကို ဖွဲ့စည်းနိုင်သည်လဲ စသည့်မေးခွန်းများ၏ အဖြေများပေါ် မူတည်၍ ထိုနိုင်ငံ၏ ဒီမိုကရေစီရင့်ကျက်ခိုင်မာမှုကို မှန်းဆနိုင်ပါမည်။
ထို့ကြောင့် ပထမအဆင့်အနေဖြင့် လွတ်လပ်တရားမျှတကာပြည်တွင်း ပြည်ပက ပွင့်လင်းမြင်သာစွာ ကြည့်မြင်နိုင်မှုက အလွန်အရေးကြီးသည် ဆိုခြင်းက ဒီမိုကရေစီ အမှန်တရားပဲဖြစ်ပါသည်။
ယနေ့ မြန်မာနိုင်ငံ၏ ယေဘုယျအနေအထားက ဒီမိုကရေစီ အကူး အပြောင်းကာလ၊ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နေရ သည့် ကာလ၊ ဒီမိုကရေစီရေရှည်တည်တံ့ခိုင်မြဲအောင် အပြင်းအထန် ကြိုးပမ်းအားထုတ်နေရသည့်ကာလဟု ညွှန်းဆိုရမည့် အခြေအနေဖြစ်ပါ သည်။
တပ်မတော်အာဏာသိမ်းမှုအောက်တွင် ဒီမိုကရေစီ ပျောက်ဆုံးရ၊ ဆိတ်သုဉ်းကွယ်ပျောက်ရဖြင့် နှစ်ပေါင်းများစွာ နေခဲ့ရသည့် နိုင်ငံဖြစ် သောကြောင့် ဒီမိုကရေစီအလေ့အထများက နိုင်ငံတွင်း၌ ပျက်ယွင်းနေ သည်ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်လျှင် မဲပေးရာတွင် မိမိ ရွေးချယ်လိုသည်ကို စနစ်တကျ မဲပေးတတ်ဖို့ပင် အနိုင်နိုင်။ မဲစာရင်း မှန်မှန်ကန်ကန် ပြုစုနိုင်မှုဟူသည်ပင် မရေမရာ မသေမချာ။ မဲပေးခွင့် ရှိကာမျှဖြင့် မဲပေးလို့မရသေးသည့် အခြေအနေ။
နိုင်ငံသားဖြစ်လျှင်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်လျှင် မဲပေးခွင့် ရရှိပြီဟုဆိုသော်လည်း အမှန်တကယ်မဲပေးနိုင်ရန်မှာ မဲစာရင်းတွင် မိမိ အမည်ပါနေဖို့ လိုသည်ဆိုတာကို တော်တော်များများက မသိကြသေး။ မဲရုံများတွင် မဲပေးခွင့်ရှိသူများ စာရင်းများကပ်ထားသည်နှင့် မိမိအမည် ပါမပါ၊ အခြားသော အချက်အလက်များ မှန်မမှန် စသည်တို့ကို လူတိုင်း ကိုယ်စီမှာတာဝန်ရှိသည် ဟူသော စိတ်ဓာတ်ဖြင့် စစ်ဆေးကြရန်လိုသေး ၏။ မှားယွင်းပါနေသည်များကို သိလျှင်ကန့်ကွက်ရန်၊ လိုနေသည်ကို တိုးပေးရန်၊ အချက်အလက်မှားကို ပြင်ဆင်ရန် အကြောင်းကြား အသိပေး ရန် လိုသေး၏။ ထိုအသိပေးခဲ့သည့်အတိုင်း ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းတို့ လုပ်ထားမထားဆိုသည်ကို နောက်တစ်ကြိမ် စာရင်းထုတ် ပြန်ချိန်တွင် ပြန်လည်စိစစ်ရန်လည်း လိုသေး၏။
နိုင်ငံသားတိုင်းက ဒီမိုကရေစီရေးတာဝန်ရှိသည်ဟူသော အသိစိတ် ဖြင့် ဤသို့ဤနှယ် ပါဝင်ကြပါမှ မဲစာရင်းမှန်ကန်တိကျမှုနှင့် နီးစပ်လာပေ လိမ့်မည်။ မဲစာရင်းထဲတွင် မိမိနာမည်ပါပြီဆိုလျှင် မဲပေးသည့်နေ့တွင် မဲရုံကိုသွားကာ မည်သို့မဲပေးရမည်၊ မဲစာရွက်ပေါ်တွင် မည်သို့မဲပေးရမည်၊ မိမိ၏ တန်ဖိုးရှိလှသော မဲတစ်မဲ ပယ်မဲ ဖြစ်မသွားရေး ဘာတွေကို သတိ ထားရမည် အစရှိသည့် မဲပေးပုံနည်းစနစ်များကိုလည်း သိရှိကြရန် လိုသေး၏။
ဒီမိုကရေစီ အခြေကျနေသည့် နိုင်ငံများအတွက်မူ ဤသည်တို့က သာမန်ကိစ္စများသာဖြစ်ကောင်းဖြစ်ပါမည်။ သည်လို အခြေခံကိစ္စများမှ စလို့ ဘယ်လိုလူကို မိမိကနှစ်သက်သည်၊ ဘယ်လိုမူဝါဒမျိုးကို အကောင် အထည်ဖော်မည့် အင်အားစုကို မိမိလိုလားသည် စသည့် အချက်အလက် မျိုးစုံတို့ကို သိရှိကြ၊ လေ့လာကြရန်လည်း လိုအပ်သည်ပဲ ဖြစ်ပါသည်။
သည်လို မဲပေးခွင့်ရှိသူတို့ သတိပြုလုပ်ဆောင်ရန် တာဝန်များ၊ သတင်းနှင့် အချက်အလက်များကို သိရှိနိုင်ကြရန်အတွက် မီဒီယာများ၊ သတင်းနှင့် စာနယ်ဇင်းများ၏ အကူအညီများစွာလိုမည်ပဲဖြစ်ပါသည်။ ထို မီဒီယာများ၊ သတင်းနှင့်စာနယ်ဇင်းများက လိုအပ်သည့် သတင်းနှင့် အချက်အလက်များကို ရနိုင်ရေးကလည်း အရေးကြီးပါသည်။ လွတ်လပ် စွာ သတင်းရယူနိုင်ခွင့်၊ သတင်းဖြန့်ချိနိုင်ခွင့်တို့ပေါ်မူတည်ကာ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဟု ပေါ်ထွန်းနိုင်မည် ဖြစ်ပါသည်။
ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍအပေါ် ပူးပေါင်း ဖော်ဆောင်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲဟူသည့် ခေါင်းစဉ်ဖြင့် နေပြည်တော် တွင် ၂၃ ဇူလိုင် ၂၀၁၉ နေ့က ကျင်းပသည်ဟု သိရှိရပါသည်။ ထိုသို့သော ဆွေးနွေးမှုများသည် ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေး ဖြစ်စဉ်တွင် အထူး အရေးပါပါသည်။ ထိုသို့သော ဆွေးနွေးမှုများကတစ်ဆင့် ရေရှည်တည်တံ့ ခိုင်မာသည့် ဒီမိုကရေစီ တည်ဆောက်ရေးတွင် မီဒီယာတို့၏ အခန်း ကဏ္ဍက ပိုမိုကျယ်ပြန့်စွာ ပါဝင်လာနိုင်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း။ ။

No comments:

Post a Comment