Sunday, July 14, 2019

တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတန်ဖိုးအလှည့်အပြောင်းဆွေးနွေးပွဲ ကျင်းပ


Image may contain: one or more people, people sitting and indoor
ရန်ကုန် ဇူလိုင် ၁၃
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ မြန်မာရေးရာလေ့လာရေး အဖွဲ့ (Centre for Myanmar Affairs Studies)က ကမ္ဘာရေးရာ ဆွေးနွေးပွဲများကို အပတ်စဉ် ကျင်းပပေး လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာတန်ဖိုး အလှည့်အပြောင်းခေါင်းစဉ်ဖြင့် ဦးဇော်အောင်က ဆွေးနွေးသည်။
ပြည်သူများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်
ယင်းဆွေးနွေးပွဲအစီအစဉ်များသည် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာ လေ့လာရေးအဖွဲ့က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများတွင် ပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးလျက် ရှိသော အစီအစဉ်များဖြစ်သည်။
ဆွေးနွေးပွဲတွင် ဦးဇော်အောင်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုနှင့်ဆိုင်သော စိန်ခေါ်မှုများ၊ အစိုးရသစ်လက်ထက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာများ၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မူဘောင်များ၊ ရေရှည်ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံချက်များနှင့် အလွှာစုံ ချိတ်ဆက်ဆောင်ရွက် မှုများ၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းမ (China- Myanmar Economic Corridor –CMEC) ကို နှစ်နိုင်ငံအကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာတန်ဖိုး အလှည့်အပြောင်းကို ဆောင်ကြဉ်းပေးနိုင်မှု အခွင့်အလမ်း၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းကြောင်းမဟာဗျူဟာစီမံကိန်း (Belt and Road Initiative -BRI) ဖော်ဆောင်မှုနှင့် မြန်မာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတို့ တိုက်ဆိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့မှ နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ အကြောင်းကို ဆွေးနွေးသည်။
သတင်းအချက်အလက်တွေ စုစည်းဆွေးနွေး
ဦးဇော်အောင်က “သုတေသီတစ်ယောက်အနေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းလမ်းကြောင်း မဟာဗျူဟာစီမံကိန်းကို ၂၀၁၇ ခုနှစ်လောက်ထဲက စိတ်ဝင်တစားလေ့လာဖြစ်တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်တွေမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို နားထောင်ဖြစ်တယ်။ နှစ်နှစ်တာကာလ အတွင်း နေရာမျိုးစုံမှာ ပြောင်းလဲတိုးတက်လာတဲ့ သတင်းအချက်အလက်တွေကို နားထောင်တယ်။ ဖတ်မှတ်တယ်။ လေ့လာတယ်။ နိုင်ငံတကာက BRI နဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးသုတေသနစာတမ်း တွေကို လေ့လာတယ်။
"မြန်မာရေးရာမှာ ပင်တိုင်ဆောင်းပါးတွေ ရေးဖြစ် တယ်။ ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုးတွေ ထုတ်ပြန်နေတာဖြစ်တယ်။ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး ကွဲလွဲနေတယ်ဆိုတာကို တွေ့ရတယ်။ ဒါတွေနဲ့ပတ်သက် ပြီး လူထုကို ပြောပြချင်တယ်။ နိုင်ငံစုံပါဝင်တဲ့ စီမံကိန်း ဆိုတာကိုလည်း ပြောပြချင်တယ်။ အခြေခံအဆောက်အအုံ တွေ တည်ဆောက်တဲ့အပိုင်းနဲ့ ကုန်သွယ်မှုအပိုင်း နှစ်မျိုး မတူညီဘူးဆိုတာကိုလည်း သိစေချင်တယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ လက်လှမ်းမီတဲ့ သတင်းအချက်အလက်တွေ စုစည်းပြီး လူထုကို ဒီကနေတစ်ဆင့် ပြည့်ပြည့်စုံစုံ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးတာပါ" ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်လာကြသူများက လည်း သိရှိလိုသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
မြန်မာရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်း သုတေသနမှူး ဦးအေးမောင်ကျော်က "တရုတ်-မြန်မာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် နားမလည် သေးတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပိုပြီးနားလည် စေဖို့အတွက် ဒီလို ကမ္ဘာရေးရာဆွေးနွေးပွဲတွေလုပ်ပြီး အသိပညာဖလှယ်တာပါ။ နိုင်ငံတိုင်းမှာ နှစ်နိုင်ငံ ချစ်ကြည် ရေးခိုင်မြဲအောင်၊ စီးပွားရေးဖွံ့ဖြိုးအောင် ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လူထုနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်ပုံဖော်မှုတွေက အနည်းငယ် ကွဲလွဲမှုရှိတယ်။ ဒါတွေကို ဘယ်လိုတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ သွားသင့်တဲ့လမ်းကြောင်းကို သွားနိုင်ဖို့အတွက် ဒီလိုဆွေးနွေးပွဲတွေ နားထောင်ပြီး ဝေဖန်သုံးသပ်နိုင်ဖို့ ကျင်းပတာဖြစ်ပါတယ်။ အကျိုး သက်ရောက်မှု တစ်စုံတစ်ရာရှိပါလိမ့်မယ်"ဟု ဆိုသည်။
ဇွန် ၁၆ ရက်က တရုတ်-အမေရိကန်ကုန်သွယ်ရေး စစ်ပွဲ၊ ယီမင်စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာများ ခေါင်းစဉ်ဖြင့် ကမ္ဘာရေးရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကမ္ဘာတွင် လတ်တလောဖြစ်နေသည့် အကြောင်းအရာ များပေါ်မူတည်ပြီး ကမ္ဘာရေးရာဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သုတေသနစာပေများကို ရေးသား
ဆွေးနွေးသူ ဦးဇော်အောင်သည် ထိုင်းနိုင်ငံ ချူလာ လောင်ကွန်းတက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးရေးဘာသာရပ် ဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး မြန်မာရေးရာစာအုပ်တွင် သုတေ သနဆောင်းပါးများ ရေးသားလျက်ရှိကာ လက်ရှိတွင် ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနစာပေများကို ရေးသားလျက် ရှိသည်။
ယနေ့ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ တာဝန် ရှိသူများ၊ စာပေချစ်မြတ်နိုးသူများ၊ ကမ္ဘာရေးရာ လေ့လာ သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရတီ

No comments:

Post a Comment