Sunday, July 14, 2019

ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား ကြိုဆိုအားပေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်


Image may contain: 12 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၁၃
ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင် များအား ကြိုဆိုအားပေးခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကရင်ပြည်နယ် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ်ပြန် တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးစသည့် ရည်မှန်းချက် သုံးခု ချမှတ်ထားပါကြောင်း။
နည်းဥပဒေများကိုဖော်ဆောင်
ထိုရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာလုပ်ငန်း တာဝန်များအလိုက် ဝန်ကြီးဌာနများက တာဝန်ယူ၍ ဆောင်ရွက်နေကြပါ ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တရားဥပဒေစိုးမိုးမှုရရှိစေ ရန် တရားသောဥပဒေ၊ နည်းဥပဒေများကို ဖော်ဆောင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပေါင်းစည်းလာ ကြသည့် တိုင်းရင်းသားပြည်သူများသည် မိမိတို့၏ ဘ၀ရပ်တည်မှုအာမခံချက် ရှိအောင် ကြိုးစားခွင့်ရကြမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်နိုင်ရန် လတ်တလောစားဝတ်နေရေးကိစ္စများကို ကူညီထောက်ပံ့မည်ဖြစ်ပါကြောင်း၊ သင့်တော်မည့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ပြည်နယ်အစိုးရနှင့်ညှိနှိုင်း၍ သက်မွေးဝမ်းကျောင်းသင်တန်း များ ဖွင့်လှစ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့်အတူ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခု နေရပ်ပြန်လည်ဝင်ရောက်လာကြသူများသည် မိမိတို့တိုင်းရင်းသားပြည်သူ များဖြစ်ကြ၍ မိမိတို့ပိုင်ဆိုင်သည့် ပြည်နယ်၊ မိမိတို့ပိုင်ဆိုင်သည့် ပြည်ထောင်စု နိုင်ငံအတွင်း အေးချမ်းလုံခြုံစွာနေထိုင်နိုင်ကြပြီဖြစ်၍ ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ သားစဉ်မြေးဆက် အေးချမ်းလုံခြုံသော လူနေမှုစနစ်ကို လက်ဆင့်ကမ်း ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ စားဝတ်နေရေး အဆင်ပြေစေရန် လိုအပ် သော ပံ့ပိုးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေရပ်ပြန်တိုင်းရင်းသား ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်ရာ အိမ်ထောင်စု ၁၀၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် စားနပ်ရိက္ခာဖိုး သုံးလစာအပါအဝင် ငွေကျပ် ၁၂၅၀၀ဝ နှုန်းနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်းကောင်း၊ ကရင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ပစ္စည်း ၂၂ မျိုးပါဝင်သော Family Kit တို့ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နေရပ်ပြန်တိုင်းရင်းသားပြည်သူများကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ယူဆောင်ရွက်နေသည့် ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment