Sunday, July 14, 2019

ပညာအရည်အသွေး အဆင့်မြှင့်တင်

Image may contain: text

"ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိုပြီးတော့ပြီးပြည့်စုံမယ့် လူသား တွေကိုမွေးထုတ်ပေးနိုင်မယ့် ပညာရေးဌာနကြီး၊ အဆင့်မြင့်ပညာရေး ဌာနကြီးဖြစ်ဖို့ ကျွန်မတို့ ဦးတည်ပါတယ်။ ပညာအရည်အသွေးမြှင့်တင်ရေး ကော်မတီဟာ ပညာအရည်အသွေးဆိုတာ ဘာလဲဆိုတာကို စဉ်းစားပြီး တော့ ပိုပြီးလေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်လိမ့် မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်"ဟု ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသည့် ပညာအရည်အသွေး ဆိုသည်မှာ ပိုမိုပြီးပြည့်စုံမည့် လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနိုင်မည့် ပညာရေးဌာနကြီးကို ရည်ညွှန်းထားပြီး ထိုပညာရေးဌာန ကြီးမှာ အတိတ်တစ်ချိန်က မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားကျော်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးပင်ဖြစ်သည်။ ထိုစဉ် ကာလက ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူ အများစုသည် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ် များဖြစ်ခဲ့ကြသည်။
စတင်တာထွက်သည်မှ အစဉ်အလာကောင်းခဲ့သော ရန်ကုန် တက္ကသိုလ်ကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် မျိုးစေ့ချရာ ဘူမိနက်သန် နေရာမှန်ဖြစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် တို့ကဲ့သို့ ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ခဲ့သည်။ မြကျွန်းညို တက္ကသိုလ်ဟု ဂုဏ်ယူခေါ်တွင်ခဲ့သော ကျောင်းတော်ကြီးမှ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်များပေါ်ထွက်ခဲ့သလို နိုင်ငံတကာမှ ထင်ရှား သောပညာရှင်များလည်း လာရောက်လေ့လာဆည်းပူးခဲ့ကြသည်။
စစ်ကြိုခေတ်နှင့်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ်သည် ကမ္ဘာပေါ်တွင် ထင်ရှားသည့် တက္ကသိုလ်များ၌ အပါအဝင်ဖြစ်ပြီး ပညာရည်အားဖြင့် အရှေ့တောင်အာရှတွင် အကောင်း ဆုံးဖြစ်ခဲ့သည်။ တက္ကသိုလ်ပရိဝုဏ်နှင့်ဥပဓိရုပ်မှာလည်း အရှေ့တောင် အာရှတွင် အလှပဆုံးဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အလယ်တွင် ဂုဏ်ကျက်သရေထွန်းလင်းတောက်ပသော တက္ကသိုလ်အဖြစ် ဂုဏ်မြင့် ခဲ့သည်။
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ တရားဝင်အသိအမှတ်ပြု တက္ကသိုလ်ဖြစ်ခဲ့ပြီး လာမည့်နှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)တိတိပြည့်ပြီဖြစ်သည်။ ဂုဏ်သတင်းပြောင်မြောက်ခဲ့သည့် တက္ကသိုလ်ပညာအရည်အသွေးသည် ခေတ်ကာလအလျောက် နိမ့်ကျသက်ဆင်းခဲ့ရပြီး ကျောင်းပတ်ဝန်းကျင် သည်လည်း သွေ့ခြောက်ခဲ့ရသည်။ ထင်ရှားခဲ့သော တက္ကသိုလ်ကြီးအဖြစ် ပြန်လည်အသက်ဝင်လှုပ်ရှားလာရေးကို နိုင်ငံတော်အစိုးရ၏ ဦးစီးဦး ဆောင်ပြုမှုနှင့်အတူ ပညာရေးဘက်ဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင် သူများက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြတော့မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်၏ ဦးဆောင်ကြိုးပမ်းမှု၊ ရန်ကုန်တက္ကသိုလ်၏ ပညာရင်ငွေ့ကို ခိုလှုံခံစားရရှိခဲ့ကြသည့် အတွေ့အကြုံရှိသော ကျောင်း သားဟောင်းပညာရှင်များ၏ ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ဖြင့် လာမည့် နှစ် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်ကာလတွင် အတိတ်တစ်ချိန်ကကဲ့ သို့ ဂုဏ်သတင်းကျော်စောသော တက္ကသိုလ်ကြီးအဖြစ် ပြန်လည် ပေါ်ထွန်းလာအောင် ကြိုးပမ်းစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါ သည်။
သို့ဖြစ်ရာ သမိုင်းကြောင်းဂုဏ်သတင်းအစဉ်အလာကြီးမားခဲ့ သော ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်ပြီး ရှေးယခင်ကဲ့ သို့ အသက်ဝင်အောင် ကြိုးပမ်းအားထုတ်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေး၊ တန်းတူလိုက်နိုင်ရေး အတွက် ပညာအရည်အသွေးမြှင့်တင်ပေးခြင်း ဖြစ်သည်ဟု ရှင်းရှင်း လင်းလင်း ရှုမြင်ရပါကြောင်း။ ။

No comments:

Post a Comment