Saturday, July 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်၊ ဝန်ထမ်းမိသားစုဝင် ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

Image may contain: 1 person, standing and flower


နေပြည်တော် ဇူလိုင် ၂၆


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဩဝါဒစကားပြောကြားပြီး ဝန်ထမ်းမိသားစုဝင် ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် ၊ ဦးတင်မြင့်၊ ဦးမောင် မောင်ဝင်း၊ ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) တို့မှ အဖွဲ့ဝင်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူ များ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


ဝန်ထမ်းများအားလုံးရဲ့ စွမ်းဆောင်မှု

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဩဝါဒစကားပြောကြားရာ၌ ''ကျွန်မ တို့ နှစ်ပတ်လည်အခမ်းအနားတွေကို လေ့လာလိုက်ရင် အချိန်ရဲ့ လှည့်ဖြားပုံကို သတိပြုမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ကြည့်လိုက်ရင် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနရှိခဲ့တာ အကြာကြီးလို့ ကျွန်မတို့ထင်ရပါတယ်။ တကယ်တော့ သုံးနှစ်ပါပဲ။ သုံးနှစ်ဆိုတာ ကြာတဲ့အချိန် မဟုတ်ပါဘူး။ ဒီသုံးနှစ်က အကြာကြီးလို့ ထင်ရတာက တစ်နည်းအားဖြင့်ပြောရင် ဝန်ကြီးဌာနရဲ့ ပီပြင်မှုကြောင့်လို့ ကျွန်မတို့ သုံးသပ်လို့ရပါတယ်။ ဝန်ကြီးဌာနက ဘယ်လိုပဲပြောပြော အမြစ်တော်တော် တွယ်သွားပြီ၊ အခြေတော်တော်ခိုင်သွား ပြီ။ သုံးနှစ်အတွင်းမှာ ဒီလောက် အခြေခိုင် ပြီးတော့ လည်ပတ်မှုရှိတယ်ဆိုတာ ဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းများအားလုံး ရဲ့ စွမ်းဆောင်မှုကြောင့်လို့ပဲ ကျွန်မတို့ ယူဆပါတယ်။


အရေးအကြီးဆုံးအလုပ်

''နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာနနဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအလုပ်ဟာ ဆက်နွှယ်နေပါ တယ်။ ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ အရေးအကြီးဆုံး အလုပ် လည်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အရေးအပါဆုံး ကိစ္စတစ်ခုလည်းဖြစ်ပါ တယ်။


ကျွန်မတို့ အစိုးရတာဝန်ယူတဲ့အချိန်က စပြီးတော့ နိုင်ငံအတွက် အဓိက လိုအပ်ချက်တစ်ခုကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ပဲဆိုပြီး အဲဒီလိုအသိနဲ့ တာဝန်တွေကို ထမ်းဆောင်တာပါ။ ဒါကြောင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဘယ်လောက်ထိ လုပ်နိုင်ပြီလဲဆိုတာ ကို ပြန်ပြီးတော့ သုံးသပ်ချင်ပါတယ်။


ငြိမ်းချမ်းရေးရနိုင်ဖို့

''အစိုးရအနေနဲ့ တာဝန်ယူပြီးတဲ့ ၂၀၁၆ ခုနှစ်မှာ အားလုံးသိတဲ့အတိုင်း မထင်မှတ်ဘဲ ရခိုင်ကိစ္စ ပေါ်လာပါတယ်။ ကျွန်မတို့ NRPC ကို စပြီးထူထောင် လိုက်တဲ့အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထားပြီးတော့ ဆောင် ရွက်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ရခိုင် ပြဿနာကတော့ ၂၀၁၂ ခုနှစ်ကတည်းက စတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စကိုလည်း ကိုင်တွယ်ရမယ်ဆိုတာ သဘောပေါက်ပါ တယ်။ သို့သော်လည်း ၂၀၁၆ ခုနှစ်မှာ ARSA နဲ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့အခါ ဒီပြဿနာက ကြီးကျယ်သွားပါတယ်။ စိန်ခေါ်မှုတွေ ပိုပြီးတော့ ကြီးထွားသွား ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ငြိမ်းချမ်း ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကို နှစ်ခုလုံး ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ နှစ်ခုလုံးကို ကိုင်တွယ်ရတဲ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ ရေးဆိုတာ ကျွန်မတို့စပြီးလုပ်တဲ့အခါမှာ အဓိကအားဖြင့် ပြည်တွင်းရေးပဲဖြစ်ပါ တယ်။ ကျွန်မတို့အချင်းချင်းအကြားမှာ ရင်ကြားစေ့ဖို့အတွက်၊ ငြိမ်းချမ်းရေးရနိုင် ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မထင်မှတ်ဘဲ အများကြီး ပိုပြီးတော့ ရုန်းကန်ရပါတယ်။ အများကြီး ပိုပြီး အားထုတ်ရပါတယ်။ မထင်မှတ်တဲ့ဘက် တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ရတဲ့အခြေအနေတစ်ခုကို ရောက်လာပါ တယ်။ ဒီလိုလုပ်တဲ့အခါမှာ ကျွန်မတို့ ရုံးရဲ့ ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုအရည်အချင်း ဟာ အင်မတန်မှ အရေးကြီးပါတယ်။


ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု

''ဒီလိုအခမ်းအနားမှာ ဝန်ထမ်းတွေ ကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဌာနတစ်ခုလည်ပတ်ဖို့ဆိုတာ ဟာ ဦးဆောင်သူများ ထိရောက်ဖို့၊ အရည်အချင်းပြည့်စုံဖို့ အရေးကြီးပေမယ့် ဦးဆောင်သူများရဲ့ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ အမြော်အမြင်ကြီး မှုတွေကို အကောင်အထည်ဖော်ပေးရ တာကတော့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိ ဘဲနဲ့ ဌာနတစ်ခုဟာ ချောချောမွေ့မွေ့နဲ့ လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။


''ကျေးဇူးတင်တယ်လို့ ပြောတဲ့ တစ်ချိန်တည်းမှာဘဲ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက် တစ်ခုဖြစ်တဲ့ ပီပြင်တဲ့ ဝန်ထမ်းလုပ်ပုံ၊ လုပ်နည်း၊ လုပ်ထုံး အဆောက်အအုံတွေ အခြေခိုင်အောင် လုပ်ဖို့လည်း လိုတယ်ဆိုတာ ပြောချင်ပါ တယ်။ ဝန်ထမ်းတွေဟာ ကျွန်မတို့ နိုင်ငံကို ပြန်ပြီးတော့ ရောင်ပြန်ဟပ်တာပါပဲ။ ဝန်ထမ်းတွေကို မွေးထုတ်လိုက်တာက ဒီနိုင်ငံရဲ့ ပညာရေးစနစ်ပဲဖြစ်တယ်။ ဒီနိုင်ငံရဲ့ လူမှုရေးစနစ်ဖြစ်တယ်။ ဒီနိုင်ငံရဲ့ နိုင်ငံရေး စနစ်လည်းဖြစ်တယ်။ ကျွန်မတို့ နိုင်ငံဝန်ထမ်းတွေဟာ နောက်ဆုံးတော့ နိုင်ငံသူ နိုင်ငံသားတွေပါပဲ။ နိုင်ငံသူ နိုင်ငံ သားတွေအနေနဲ့ နိုင်ငံရဲ့ အခြေအနေ၊ နိုင်ငံရဲ့သမိုင်း၊ နိုင်ငံရဲ့ အတွေ့အကြုံတွေကို ရောင်ပြန်ဟပ်ပါတယ်။ အဲဒီဟာတွေက လည်း ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည် ပေါ်မှာ ပြန်ပြီးတော့ သက်ရောက်မှုရှိပါ တယ်။ ဝန်ထမ်းတွေရဲ့ အရည်အချင်း မြှင့်တင်ရေးကို အင်မတန်မှ အလေးထား ပါတယ်။ ဝန်ထမ်းများဟာ မိမိတို့တာဝန် တွေကို သေသေချာချာပြည့်ပြည့်၀၀ ထမ်းဆောင်နိုင်ဖို့ဆိုတာဟာ အရေး အကြီးဆုံးကတော့ လေ့ကျင့်မှုပါပဲ။ လေ့ကျင့်မှုက ဘာကိုအခြေခံသလဲဆိုရင် တတ်ထားတဲ့ပညာတွေ သင်ထားတဲ့ ပညာတွေကို အခြေခံပါတယ်။


ခေတ်နဲ့ညီတဲ့အတွေးအခေါ် ပျိုးထောင်

''ဝန်ထမ်းတွေရဲ့ အရည်အချင်း မြှင့်တင်ဖို့ဆိုတာ အခြေခံကတော့အခြေခံ ပညာကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ခဲ့တဲ့ပညာဟာ အင်မတန်မှ အရေး ကြီးပါတယ်။ အရင်တုန်းက စနစ်ကိုဖြတ် ကျော်ခဲ့တဲ့ အကြီးပိုင်းက ဝန်ထမ်းတွေ ဆိုရင် ပြန်ပြီးတော့ သင်ယူဖို့မလွယ်တော့ ပါဘူး။ လူငယ်ပိုင်းအတွက်တော့ အများ ကြီး ဖြည့်ဆည်းပေးနိုင်တဲ့အရည်အချင်း တွေ ပိုပြီးတတ်အောင်လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ လူကြီးတွေ အတွက်ကလည်း ပညာရေးစနစ်ကြောင့်၊ အရင်က သင်ပုံသင်နည်းကြောင့် ဖြစ်ခဲ့တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တာ ကတော့ အလေ့အကျင့်ပါ။ အတွေ့ အကြုံ အလေ့အကျင့်ကရတဲ့ သင်ခန်းစာအနေနဲ့ ကျော်လွှားလို့ရပါတယ်။ အရင်တုန်းက ဘယ်လိုပညာရေးစနစ်မျိုးနဲ့ပဲ ကြည့်ခဲ့ ကြည့်ခဲ့၊ ကိုယ့်ရဲ့အတွေ့အကြုံ၊ သုံးသပ်မှု အရ ဒီဟာတွေကို ကျော်လွှားပြီးတော့ ခေတ်နဲ့ညီတဲ့အတွေးအခေါ်တွေကို ပြုစု ပျိုးထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

''ကျွန်မတို့ကလေးတွေ အခြေ အနေက အင်မတန်မှ အားရစရာ ကောင်းပါတယ်။ အားရစရာကောင်း တယ်လို့ ပြောခြင်းဟာ ပထမဦးဆုံးက ကျွန်မတို့ ကလေးတွေကို ဂုဏ်ယူလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက အားပေး ချင်လို့ ဖြစ်ပါတယ်။ သူတို့က တော်တယ်၊ တက်လမ်းတွေအများကြီးရှိတယ်။ ဒီဟာ တွေကို သူတို့သိရင် ပိုပြီးတော့ ကြိုးစား ချင်တဲ့ စိတ်၊ ယုံကြည်တဲ့စိတ်တွေ ဖြစ်စေ ချင်တယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ၊ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်မျှော်လင့်ချက် တွေနဲ့ ပြည့်နေတယ်ဆိုတာကိုလည်း သိစေချင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာဟာ အကောင် အထည်ဖော်မှ အဓိပ္ပာယ်ရှိတာပါ။ ထိုင်ပြီးမျှော်လင့်ရုံနဲ့တော့ မပြီးပါဘူး။ အလုပ်ကြိုးစားမှုနဲ့ ကျွန်မတို့မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ မျှော်လင့်ချက်တွေ ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်မတို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ အင်မတန်မှ အဓိကကျတဲ့နေရာက ပါနေတယ်ဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့နိုင်ငံမှာ အလိုအပ်ဆုံးကိစ္စတွေ၊ ကျွန်မတို့နိုင်ငံ အတွက် အရေးကြီးဆုံးကိစ္စတွေကို ဖြစ်မြောက်အောင်၊ အောင်မြင်အောင် လုပ်ပေးနေတာဟာ နိုင်ငံတော် အတိုင်ပင်ခံရုံးပဲ ဖြစ်ပါတယ်။


ပူးပေါင်းဆောင်ရွက်တဲ့ အရည်အချင်း

''ဒီလိုပြောခြင်းအားဖြင့် တခြား ဝန်ကြီးဌာနတွေက အရေးမကြီးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံရုံးက တခြားဌာနတွေကို လည်း အားကိုးရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အားကိုးရတယ်၊ စီမံ၊ ဘဏ္ဍာကို အားကိုးရတယ်၊ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေချုပ်ရုံး စသည်ဖြင့် အားလုံးပါတယ်။ နောက်ဆုံးမှာ နိုင်ငံ တစ်နိုင်ငံ အောင်မြင်ဖို့ဆိုတာ ဒီနိုင်ငံ အပေါ်မှာ စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိရပါလိမ့်မယ်။ တစ်ယောက် ချင်း တစ်ယောက်ချင်း တော်နေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်း ဆောင်ရွက်မှုမရှိဘူး၊ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားခြင်း မရှိဘူး ဆိုရင် ဘယ်လိုပဲ တစ်ယောက်ချင်း တစ်ယောက်ချင်းတော်တော် တကယ့် ပြည့်စုံတဲ့အောင်မြင်မှု ရနိုင်မှာ မဟုတ် ပါဘူး။


''ဒါကြောင့် အမျိုးသားရင်ကြားစေ့ ရေးဆိုတာ နောက်ဆုံးမှာ လူတိုင်း လူတိုင်းဟာ ကိုယ့်စိတ်ကိုယ်နဲ့ မွေးလာ ကြတယ်။ ကိုယ့်စိတ်ကိုယ်နဲ့ ကြီးလာကြ တယ်။ ဒီမတူတဲ့ အတွေးအခေါ်တွေကို ပေါင်းစည်းပြီး မတူတဲ့အတွေးအခေါ် တွေကနေ အင်မတန်မှ ကောင်းတဲ့ အင်အားဖြစ်အောင် လုပ်ခြင်းဟာ အမျိုးသားရင့်ကြားစေ့ခြင်းပါပဲ။ ဒါဟာ ကျွန်မတို့နိုင်ငံအတွက် အဓိက လိုအပ် ချက်ပါပဲ။ ငြိမ်းချမ်းရေးဆိုတာလည်း ဒါပါပဲ။ ရခိုင်ပြည်နယ်က ပြဿနာဆိုတာ လည်း ဒါပါပဲ။ မတူညီတဲ့ သဘောထား တွေ၊ မတူညီတဲ့ဆန္ဒတွေ၊ မတူညီတဲ့ လိုအပ်ချက်တွေ ဒီဟာတွေကို ပေါင်းစပ် ပြီး အများအတွက် အကောင်းဆုံးတွေ ဘယ်လိုရှာမလဲဆိုတာကြိုးစားပြီးတော့ လုပ်နေရတာ ဖြစ်ပါတယ်။


ကိုယ်ဘာပေးနိုင်သလဲစဉ်းစားပါ

''ကျွန်မ ခဏခဏ ပြောပါတယ်။ ကိုယ်ဘာရနိုင်မလဲဆိုတာထက် ကိုယ် ဘာပေးနိုင်မလဲဆိုတာကို အားလုံး စဉ်းစားရင် ဒီနိုင်ငံကြီးဟာ မတိုးတက်စရာ အကြောင်း မရှိပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် မှာလည်း ကျွန်မ ဒီလိုပဲပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်လာတဲ့သူတွေ အားလုံးဟာ ကိုယ်ဘာပေးနိုင်သလဲဆိုတာကို ပထမ စဉ်းစားပါ။ ကိုယ်ဘာရနိုင်မလဲဆိုတာကို မစဉ်းစားပါနဲ့။ အဲဒီလိုမာနမျိုး ရှိသင့် တယ်။ တချို့မာနက တစ်မျိုးပါ။ ငါတို့ ရနိုင်သလောက်ရအောင် လုပ်တယ် ဆိုတာကို ဂုဏ်ယူစရာလို့ ထင်ကြတယ်။ ငါတို့ပေးနိုင်သမျှ ပေးတယ်ဆိုတာက တကယ့်ဂုဏ်ယူစရာ ဖြစ်မှန်းကို သဘောမပေါက်ကြဘူး။ ဒီလိုစိတ်တွေ ဖြစ်အောင်လို့ လုပ်ပေးရတယ်ဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အင်မတန်အဓိကကျတဲ့ တာဝန်ဖြစ် ပါတယ်။ ဒါကြောင့် ကျွန်မတို့ဝန်ထမ်း များ အချင်းချင်းလည်း ဒီလိုစိတ်တွေ မွေးစေချင်ပါတယ်။


နိုင်ငံရဲ့ကံကြမ္မာပြောင်းနိုင်တဲ့ အခွင့်အရေး

''ကျွန်မတို့ ဝန်ထမ်းတွေရဲ့ အခြေ အနေကို ပိုပြီးကောင်းအောင်လို့ အများ ကြီး ကြိုးစားပါတယ်။ ဝန်ထမ်းများက လည်း ကျွန်မတို့နိုင်ငံရဲ့ အခြေအနေပိုပြီး တော့ ကောင်းအောင် ကြိုးစားကြပါ။ အပြန်အလှန် ကျွန်မတို့ ကြိုးစားမှသာ မြန်မြန်တိုးတက်နိုင်မယ်။ ဒီတိုးတက်မှု ကြောင့်လည်း ကျွန်မတို့ အများကြီး ကျေနပ်မှုရနိုင်ပါတယ်။ တချို့ကတော့ အင်မတန် ဖွံ့ဖြိုးတိုးတက်ချမ်းသာတဲ့ နိုင်ငံတွေမှာ ဝန်ထမ်းလုပ်ရတာကို အားကျရင်လည်း အားကျပါလိမ့်မယ်။ သို့သော်လည်း တကယ်လုပ်ပေးနိုင်တာ ကျွန်မတို့နိုင်ငံလို အခြေအနေမျိုးမှာ လုပ်ပေးနိုင်တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အခြေ အနေဆိုတာဟာ မျိုးဆက်တိုင်း မျိုးဆက် တိုင်းမှာ ရတဲ့အခွင့်အရေးမဟုတ်ပါဘူး။ ကျွန်မတို့ အခုမျိုးဆက်မှာ ကျွန်မတို့ ခေတ်မှာသာ ဒီနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းပေးနိုင်တဲ့ အခွင့်အရေးကို ရတာ ပါ။ အဲဒီအခွင့်အရေးကို ကောင်းကောင်း မွန်မွန်သုံးကြပါ။ နိုင်ငံ့ရဲ့ ကံကြမ္မာကို ကောင်းတဲ့ဘက်ကိုဖြစ်အောင် ပြောင်း ပေးခြင်းဖြင့် ကိုယ့်ရဲ့စိတ်တွေလည်း ပိုပြီး ကျေနပ်မှုရှိပြီးတော့ ကိုယ့်ရဲ့ကံကြမ္မာ လည်း ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ရောက်သွားနိုင်မှာ ဖြစ်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။


ပညာသင်စရိတ်ထောက်ပံ့

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် တက္ကသိုလ်အဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်တို့တွင် ပညာသင်ကြားနေကြ သည့် ဝန်ထမ်းမိသားစုဝင် ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာ များအား တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စု ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီး များ၊ UEHRD နှင့် ICOE အဖွဲ့ဝင် များနှင့် လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ညွန်ကြား ရေးမှူးချုပ်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဝန်ထမ်းများနှင့် လည်းကောင်း၊ မူဝါဒရေးရာ ဦးစီးဌာန မှ ဝန်ထမ်းများနှင့် လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်လာသူများနှင့် အတူ ညစာသုံးဆောင်သည်။

သတင်းစဉ်

No comments:

Post a Comment