Saturday, July 27, 2019

ဘက်မလိုက်တရားမျှတစွာဖြင့်ဖြေရှင်း

အယ်ဒီတာ့အာဘော်
----------------------
Image may contain: text

ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့၌ ဇူလိုင်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရို ဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံပေါင်း ၇၈ နိုင်ငံ၊ လေ့လာသူ လေးနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခုနစ်ခု၊ အထူးဖိတ်ကြားထားသည့် ဧည့်နိုင်ငံ နှစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ စုံစုံညီညီတက်ရောက်ကြပြီး ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ဘက်မလိုက် သောနိုင်ငံများ၊ ဘက်လိုက်သောနိုင်ငံများ၊ ကြားနေနိုင်ငံများဟူ၍ နိုင်ငံအလိုက် ၎င်းတို့၏မူဝါဒ၊ ယုံကြည်ချက်၊ ခံယူချက်ကိုယ်စီဖြင့် ရပ်တည် လှုပ်ရှားလျက်ရှိကြသည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒပါအခြေခံမူများဖြစ်သည့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ အခြေခံမူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်၊ ဘက်မလိုက်မှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အလေးထားမှု၊ နိုင်ငံရေးနှင့်စီးပွားရေးစနစ်များ ခြားနားစေကာမူ အပြန်အလှန်လေးစား ခြင်းနှင့် တန်းတူညီတူရှိမှုတို့ကိုအခြေခံကာ ကမ္ဘာ့နိုင်ငံအသီးသီး အထူး သဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုကို အစဉ်တစိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်အဖွဲ့ကြီး စတင်ဖွဲ့စည်းစဉ် ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ အဖွဲ့ကြီးသည် စစ်အေး ကာလ အရှိန်မြင့်တက်နေစဉ်တွင် ဘန်ဒေါင်းမူဝါဒများကိုအခြေခံ၍ စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်း၍ သာယာ၀ပြောသောကမ္ဘာကြီး ပေါ်ပေါက် လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၎င်းတို့၏ကံကြမ္မာအား လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်နိုင် စေရေးတို့ကို မျှော်မှန်းခဲ့သည်။
ယင်းနောက် ကမ္ဘာ့နိုင်ငံများ၏အခြေအနေသည် ပြောင်းလဲ လာခဲ့ပြီး ဘက်လိုက်မှုများ လွှမ်းမိုးလာသောအခြေအနေတွင် ဘက်မလိုက် လှုပ်ရှားမှု၏ အခြေခံမူများနှင့် မူလရည်မှန်းချက်များမှာ ဆီလျော် မှန်ကန်စွာဖြင့် သမာသမတ်ကျကျ ရပ်တည်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ တရားမျှတမှု၊ သာတူညီမျှရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှုရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရေး စသည့် အခြေခံမူဝါဒများကို အစဉ်အမြဲလေးစားလိုက်နာ လျက်ရှိသည်။
ယနေ့ကမ္ဘာကြီးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်နှင့် မိမိတို့၏ ပြည်တွင်းရေးပြဿနာများကို နိုင်ငံ၏ပကတိအခြေအနေ၊ ပကတိအနေအထားနှင့် အသင့်တော်ဆုံးနည်း လမ်းဖြင့် ဖြေရှင်းခွင့်ရရှိရေးမှာ အင်အားကြီးနိုင်ငံအချို့၏ တရားမျှတမှုမရှိ သော စွက်ဖက်မှုများကြောင့် အမှန်တရားများ ပျောက်ကွယ်အလှမ်းဝေး နေသည်။ အချို့ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြဿနာအား ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းပေးခြင်းထက် ဝေဖန်အပြစ်ပေးအရေးယူ ရေးကိုသာ အာရုံစိုက်နေကြသည်ကို ဝမ်းနည်းဖွယ်မြင်တွေ့ ကြားသိနေ ရသည်။
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ဘာသာရေး၊ လူမျိုးရေး ပြဿနာတစ်ရပ်အဖြစ် မှားယွင်းစွာပုံဖော်ရေးသား ထုတ်လွှင့် လျက်ရှိသော ဘက်လိုက်သတင်းလှုံ့ဆော်မှုများကြောင့် မမှန်ကန်၊ မကောင်းသည့်ရှုထောင့်အမြင်ဖြင့် ဘက်လိုက်နိုင်ငံများက အာရုံစိုက် လျက်ရှိသည်ကို မြင်တွေ့ရသည်။ အမှန်စင်စစ် ရခိုင်ပြည်နယ်အရေးမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေသော ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမို ကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များအနက် မိမိတို့ကိုယ်တိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခုသာ ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment