Thursday, July 25, 2019

ပလတ်စတစ်ညစ်ညမ်းမှုများ သဘာ၀ပတ်ဝန်းကျင်မှ ရှင်းလင်းဖယ်ရှား



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



လူသားတို့ ကျန်းမာအသက်ရှည်နေထိုင်နိုင်ကြဖို့ သန့်ရှင်းသည့်ပတ်ဝန်းကျင်လိုအပ်သည်။ သန့်ရှင်းသည့်လေကို ရှူရှိုက်ရမည်။ သန့်ရှင်းသည့် ရေကိုသောက်သုံးရမည်။ သန့်ရှင်းသည့်အစားအစာကိုစားသုံးရမည်။ သန့်ရှင်းသည့် ပတ်ဝန်းကျင်၌ နေထိုင်ရမည်။ သို့မှ ကိုယ်ရောစိတ်ပါ ကျန်းမာနိုင်ကြမည်။ သို့ရာတွင် မျက်မှောက်ကာလလူသားတို့ရင်ဆိုင် နေကြရသည်က လှူပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးတစ်ခုလုံးညစ်ညမ်းမှုများ ဖုံးလွှမ်းလာနေခြင်းဖြစ်သည်။ အဆိုပါ ညစ်ညမ်းမှုများအားလုံး၏ လက်သည်တရားခံမှာလည်း လူသားတို့ပင်ဖြစ်သည့်အတွက် ကိုယ်ပြုသည့် ဒဏ်၊ ကိုယ်သာခံစားရခြင်းဖြစ်သည်ဟူ၍ပင် အပြစ်ဖို့ရတော့မည်။
ကမ္ဘာတွင်ရော မြန်မာတွင်ပါ လတ်တလော ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည့် ပြဿနာမှာ ပလတ်စတစ်အမှိုက်ပြဿနာဖြစ်သည်။ အနောက်နိုင်ငံအချို့မှ ကုန်သေတ္တာများဖြင့် ပို့လိုက်သည့် ပလတ်စတစ် အမှိုက်များ အရှေ့တောင်အာရှနိုင်ငံအချို့ သို့ ရောက်လာသည့် ပြဿနာ၊ ပင်လယ်ရေနေသတ္တဝါကြီးငယ်တို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းမျိုးစုံကြောင့် သေကျေပျက်စီးကြရသည့် ပြဿနာများကို နိုင်ငံတကာသတင်းများတွင် ဖတ်ရှုခဲ့ရသလို မြန်မာနိုင်ငံတွင်လည်း ဧရာ၀တီမြစ်ကဲ့သို့သော နိုင်ငံ့ အသက်သွေးကြောမြစ်ကြီးအတွင်း ပလတ်စတစ်အမှိုက်တန်ချိန်ရာနှင့် ချီ၍ နေ့စဉ်စွန့်ပစ်နေသည့် ပြဿနာ၊ ပလတ်စတစ်အမှုန်အစများ ရေထု အတွင်း ပါဝင်နေမှုသည် အိမ်နီးချင်းနိုင်ငံ၏ ကမ်းရိုးတန်းမှာထက် မြန်မာ့ ကမ်းရိုးတန်းတွင် ပိုမိုများပြားနေကြောင်း တွေ့ရှိရသည့် ပြဿနာတို့ကို ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုက လေ့လာဆန်းစစ်တွေ့ရှိသည့် သတင်းတို့ကို လည်း ဖတ်ရှုခဲ့ရသည်။
လူသားတို့၏ နေ့စဉ်သုံးပစ္စည်းများတွင် ပလတ်စတစ်ပစ္စည်းအမျိုး မျိုးတို့ကို လွယ်လွယ်ထုတ်လုပ်၊ လွယ်လွယ်သုံးစွဲ၊ လွယ်လွယ်စွန့်ပစ်နေ ခဲ့ကြသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်း များသည် ပျက်စီးဆွေးမြည့်ရန် နှစ်ပရိစ္ဆေဒများစွာကြာမြင့်နိုင်သည့် အလျောက် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် ကြီးမားသည့်ပြဿနာ တစ်ခုဖြစ်နေပြီဖြစ်သည်။ ဗြဟ္မာကြီးဦးခေါင်းကဲ့သို့ပင် စွန့်ပစ်ရန် ခက်ခဲ သည့် ပြဿနာကြီးသော ပစ္စည်းဖြစ်နေပေပြီ။ မြေမှာမြှုပ်လျှင် မြေဩဇာ ပျက်စီး၍ အပင်များ စိုက်မရနိုင်သောနေရာဖြစ်မည်။ မီးရှို့လျှင် အဆိပ်ငွေ့ များထွက်၍ လေထုညစ်ညမ်းပြီး အန္တရာယ် ကြီးသည်။ ရေမှာ မျှောသည့် ပလတ်စတစ်အမှိုက်တို့က ချောင်းများ၊ မြစ်များမှတစ်ဆင့် ပင်လယ် သမုဒ္ဒရာများဆီသို့ စီးဝင်ကာ ရေနေသတ္တဝါတို့ကိုရော လူတို့ကိုပါ ပြန်၍ဒုက္ခပေးသည်။
ပလတ်စတစ်ပစ္စည်းများတွင် ဘန်ဇင်း၊ စတိုင်ရင်း၊ အက်ဆီတုံး၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်စ်အောက်ဆိုဒ်၊ အီသိုင်လင်း အောက်ဆိုဒ်၊ အငွေ့ပျံလွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများပါဝင်ပြီး ၎င်းတို့သည် လူသားတို့အတွက် ကင်ဆာ၊ နှလုံးသွေးကြောနှင့် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ဗဟိုနာဗ်ကြောစနစ်၊ ဉာဏ်ရည်ဖွံ့ဖြိုး မှုနှင့် မျိုးဆက်ပြန့်ပွားမှုတို့ကို ထိခိုက်စေသည့် အဆိပ်ဓာတ်များပင် ဖြစ်သည်ဟု သိရသည်။
အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏ စည်းကမ်းမဲ့မှု၊ ဆင်ခြင်တုံတရားမဲ့မှု တို့ကြောင့်ပင်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ်ထိန်းချုပ် မှုများကို အချိန်မနှောင်းမီပြုလုပ်ကြရန် လူတိုင်းကိုယ်စီက အသိတရား များဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် အသွယ်သွယ် က ရှောင်လွှဲ၍ လွတ်ဖို့ခဲယဉ်းသည့်အလျောက် အညစ်အကြေးကင်းစင် သန့်ရှင်းသည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြ ပါစေကြောင်း။ ။

No comments:

Post a Comment