Sunday, July 7, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်စို့
===========================

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ဆုံးဖြတ်သတ်မှတ်လိုက်ပါသည်။


ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေသည် သာသနိက အမွေအနှစ်များ၊ သမိုင်းအမွေအနှစ်များ၊ ယဉ်ကျေးမှု အမွေ အနှစ်များဖြင့် ပြည့်စုံကြွယ်၀လှသော နယ်မြေအဖြစ် မြန်မာလူမျိုးတို့ ၏ ဂုဏ်ယူရသော အမျိုးသားအမွေအနှစ် ဒေသကြီးဖြစ်ပါသည်။ ပုဂံ၏ သာသနိကအဆောက်အအုံများ၏ ဗိသုကာလက်ရာများက အံ့မခန်း ထည်ဝါတင့်တယ်ပြီး လူမျိုးမရွေး နှစ်လိုလေးစားကြ၏။


ယခုအခါတွင်မူ ပုဂံသည် အမျိုးသားအမွေအနှစ်အဖြစ်သာမက ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ချေပြီ။ အမွေအနှစ် ဟူ၍ သတ်မှတ်ခြင်း၏ ရင်းမြစ်အဓိပ္ပာယ်ကား တန်ဖိုးထားမှု ဖြစ်၏။ ယဉ်ကျေးမှုမြင့်မားခြင်းဟု တန်ဖိုးထားခြင်း၊ အမျိုးသားအမွေများအဖြစ် တန်ဖိုးထားခြင်းတို့တွင် ထပ်ဆင့်တိုးကာ ကမ္ဘာကပါ တန်ဖိုးထားခြင်း ဖြစ်ပါသည်။


တန်ဖိုးထားတတ်ကြခြင်းဖြင့် အမွေအနှစ်များကို မပျက်မစီး ရအောင် ထိန်းသိမ်းစောင့်ရှောက်ကြ၏။ အမျိုးသားအမွေအနှစ်များကို အမျိုးသားရေး တန်ဖိုးထားမှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ သကဲ့သို့ ကမ္ဘာ့အမွေအနှစ်အဖြစ် ကမ္ဘာကပါ တန်ဖိုးထားကာ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပါသည်။ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တန်ဖိုးထားတတ်ကြရန် အမျိုးသားရေးတာဝန်သာမက ကမ္ဘာ့တာဝန်ပါရှိလာခြင်းဟု ဆိုလျှင် လည်း ဆိုနိုင်မည် ဖြစ်ပါသည်။


မိဘ ဘိုးဘွားတို့၏ အမွေများကို တန်ဖိုးထားကာ ထိန်းသိမ်း စောင့်ရှောက်ခြင်းတွင် စိတ်စေတနာတစ်ခုတည်းဖြင့်မရ။ စည်းစနစ် တကျ မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့်ရှောက်ရန်လည်း လိုအပ်ပါသည်။ ဤနေရာတွင် အဓိကကျသည့် သော့ချက်မှာ ဘာကို ဘာကြောင့် ဘယ်လို တန်ဖိုးထားမလဲ ဆိုသည်ကို နားလည်ရန် ဖြစ်ပါမည်။


ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အခြေခံ ရခြင်းဖြစ်သည့်အားလျော်စွာ စနစ်တကျဖြစ်ရေးက လွန်စွာအရေးပါ ပါသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များဆိုသည်က မိမိတို့၏ ဘိုးဘွားများ ဖန်တီးခဲ့ကြ၊ အစဉ်အဆက် တည်တံ့အောင် မပျက်စီးအောင် ထိန်းသိမ်းခဲ့ကြသည့် ရလဒ်များဟု ဆိုရပါမည်။


ဘိုးဘေးဘီဘင်တို့၏ ဖန်တီးတည်ဆောက်ခဲ့သည့် စေတီပုထိုး ဘုရားများ၊ နန်းတော်၊ ဘုန်းတော်ကြီးကျောင်း စသည့် အဆောက်အအုံ များကလည်း ပုဂံဒေသတွင်သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ ရှိနေသည်။


ရှေးအတီတေက စတင်ရိုးစွဲလာခဲ့ကြသည့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည့် ချစ်မြတ်နိုးဖွယ် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကလည်း အများအပြား။ ထိုထိုသော အမွေအနှစ်များကို ဂုဏ်ယူ မြတ်နိုးတန်ဖိုးထားရင်း ပညာဉာဏ်နှင့် ယှဉ်သော ထိန်းသိမ်းမှု မျိုးဖြင့် စောင့်ရှောက်ကြရမည်မှာ ယနေ့ အမွေဆက်ခံထားသူတို့၏တာဝန်ဖြစ်ချေ၏။


ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့်အတူ မြန်မာ့အမျိုးသား အမွေအနှစ်များအဖြစ် တန်ဖိုးထားကြရမည့် ရွှေတိဂုံစေတီတော်ကြီး၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ အင်းလေးကန်၊ ကျိုက်ထီးရိုး၊ ကုသိုလ်တော်၊ ရွှေကျောင်းကြီး၊ ဗားဂရာကျောင်းကြီး၊ ကျုံးမြို့ရိုး၊ ဦးပိန်တံတား အစရှိသည့် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်က အမွေအနှစ် များ၊ ရန်ကုန်တက္ကသိုလ်၊ အင်းလျားကန်၊ သစ်ပုပ်ပင်၊ အတွင်းဝန်ရုံး၊ အစရှိသည့် မြန်မာနိုင်ငံတစ်ဝန်းရှိသော ကြွယ်၀ပေါများလှသည့် အမွေအနှစ်များကို တန်ဖိုးထားစိတ်ဖြင့် ရှုမြင်ကြရင်း ဉာဏ်ပညာနှင့် ယှဉ်သော ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုကြပါစို့ဟူ၍ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်တန်ဖိုးထားမှု အမှတ်တရအဖြစ် ဂုဏ်ပြုနှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment