Sunday, July 28, 2019

မှန်ကန်သောစေတနာဖြင့် အောင်မြင်မှုရယူ

ဒယ်ဒီတာ့အာဘော်
----------------------
Image may contain: text
မြန်မာနိုင်ငံသည် ရေခံ၊ မြေခံ၊ အခြေခံအကြောင်းတရားများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ စွမ်းဆောင်ရည်များအရ နိုင်ငံ၏အနာဂတ်အတွက် အောင်မြင်မှုများ၊ မျှော်လင့်ချက်များ ရှိနေပေသည်။ သို့သော် ထိုအလားအလာကောင်းများကို မှန်ကန်သောစေတနာဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မှုကို ရယူနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "နိုင်ငံတစ်နိုင်ငံ အောင်မြင်ဖို့ဆိုတာ ဒီနိုင်ငံအပေါ်မှာ စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိရပါ လိမ့်မယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်း တော်နေပြီးတော့ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားခြင်းမရှိဘူးဆိုရင် ဘယ်လိုပဲ တစ်ယောက်ချင်း တစ်ယောက်ချင်း တော်တော် တကယ့်ပြည့်စုံတဲ့အောင်မြင်မှုရနိုင်မှာ မဟုတ်ပါဘူး"ဟု အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေ အနေအထားမှာ ဤသို့ပင် ဖြစ်ပြီး အလားအလာကောင်းများရှိနေသလို လိုအပ်ချက်များလည်းရှိ နေသည်။ ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး၊ လုပ်ငန်းအောင်မြင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက်ကြသူများမှာ စေတနာနှင့် လက်တွဲပူးပေါင်းနိုင်မှုအပိုင်း၌ အားနည်းချက်များရှိနေသောကြောင့် ပြီးပြည့်စုံသော အောင်မြင်မှုများ ရရှိနိုင်ရေးတွင် လိုအပ်ချက်များရှိနေသည်။
မြန်မာနိုင်ငံအတွက် အရေးကြီးသောလုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတွင် တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစားမှုကိုပြသခြင်းဖြင့် ယုံကြည်မှုကို ဦးစွာတည်ဆောက် နိုင်မှသာ အောင်မြင်မှုကိုရယူနိုင်မည်ဖြစ်သည်။ မတူညီသည့် အတွေး အခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုများကို ပေါင်းစည်းပြီး ကောင်းမွန်သည့် အင်အားများ တည်ဆောက်ခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးဆီသို့ တက်လှမ်းရမည် ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြသူများ ခံယူရမည့် စိတ်ထားများ၊ စေတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏမှာကြားလေ့ရှိသည့် လမ်းòန်ချက်မှာ "ကိုယ် ဘာရနိုင်မလဲဆို တာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကို အားလုံးစဉ်းစားရင် ဒီနိုင်ငံကြီး ဟာ မတိုးတက်စရာအကြောင်းမရှိပါဘူး"ဟူသည့် မှတ်သားစရာ အချက်ဖြစ်သည်။
များသောအားဖြင့် မိမိတို့၏ အတ္တ၊ လောဘ၊ မာနတို့လွှမ်းမိုးမှု ကြောင့် အလုပ်တစ်ခုကို ဆောင်ရွက်ရာတွင် မိမိတို့၏လိုအင်ဆန္ဒများကိုသာ ရှေ့တန်းတင်ပြီး ဆောင်ရွက်မိကြရာ ယုံကြည်မှုနှင့်ပူးပေါင်းဆောင် ရွက်မှုတို့ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် အောင်မြင်မှုနှင့်အလှမ်းဝေးနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိတို့ ဘာရမလဲဆိုခြင်းထက် မိမိတို့ဘာလုပ်ပေးနိုင်မလဲဟု စဉ်းစားခြင်းသည် လုပ်ငန်းအောင်မြင်မှုအတွက် တစ်ဝက်ရပြီဖြစ်သည့်အပြင် မိမိတို့ အတွက်လည်း ဂုဏ်ယူစရာပင်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များဖြစ်စေ၊ ဝန်ထမ်းများဖြစ်စေ အားလုံးတို့သည် ပြည်သူပြည်သားများသာဖြစ်သည်။ တိုင်းရင်းသားပြည်သူအများစုသည် စွမ်းဆောင်ရည်ရှိကြသူများ၊ လုပ်ရည်ကိုင်ရည်ရှိကြသူများ ဖြစ်သည်။ လုပ်လည်း လုပ်ကိုင်ဆောင်ရွက် နိုင်ကြသူများဖြစ်၍ မိမိတို့အကျိုးထက် အများပြည်သူအကျိုးကိုရှေးရှုပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသကဲ့သို့ ကောင်းမွန် သောစိတ်ထားများမွေးမြူကြကာ အသွင်မတူကြသူတစ်ဦးနှင့်တစ်ဦး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ယူကြရမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment