Sunday, July 14, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘောလခဲ)တွင် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ


Image may contain: 3 people, text
နေပြည်တော် ဇူလိုင် ၁၃
ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးတင်မြင့်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘောလခဲမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘောလခဲ)သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတအား သင်တန်းကျောင်းခန်းမ၌ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို တည်ထောင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်များ အောင်မြင်အောင် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစားသင်ယူကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်ကြပြီး ကျောင်းသားအိပ်ဆောင်အား ကြည့်ရှုသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် ကျောင်းသား ကျောင်းသူ ၁၈၅ ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖားဆောင်း-မယ်စဲ့လမ်းမိုင်တိုင်အမှတ်(၁၁၈)ရှိ View Point သို့ ရောက်ရှိပြီး Ardent Alliance ကုမ္ပဏီကဆောင်ရွက် မည့် သဘာ၀အခြေပြု ကနူးကယက်လှေစီးခရီးသွား အပန်းဖြေစခန်းဆောင်ရွက်မည့်နေရာအား ကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် သံလွင်တံတား(ဖားဆောင်း)သို့ ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က တံတားအထက်နှင့် တံတားအောက်ပိုင်း ရေလမ်းကြောင်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို လည်းကောင်း၊ တံတားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက တံတားစတင်တည်ဆောက်သည့် ၂၀၁၅ ခုနှစ်မှစတင်ပြီး ယနေ့အချိန်ထိ တံတားအောက်ကြမ်းပြင် တွင် မြစ်ရေတိုက်စားမှုမရှိသည့် အခြေအနေနှင့် မြစ်ကြမ်းပြင် နုန်းမြေမြင့်တက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတသည် တံတားကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုပြီး မြစ်ကမ်းပါးရေတိုက်စားမှု မရှိစေရေးအတွက် ကမ်းထိန်းနံရံအား ဆက်လက် ဆောင်ရွက်သွားရန်မှာကြားသည်။
နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်
ယင်းနောက် ဒုတိယသမ္မတသည် မယ်စဲ့ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်သူရက မယ်စဲ့ကုန်သွယ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
မယ်စဲ့ကုန်သွယ်ရေးစခန်းကို ၂၀၁၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၉ သန်းရှိကြောင်း သိရသည်။
ကြည့်ရှု
ထို့နောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် BP -13 သို့ ရောက်ရှိပြီး နယ်စပ် စစ်ဆေးရေးစခန်းတည်ဆောက်မည့်နေရာအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက နယ်စပ် စစ်ဆေးရေးစခန်း တည်ဆောက်ရာတွင် လိုအပ်သည့် မြေထိန်းနံရံတည်ဆောက်ရေးနှင့် သောက်သုံးရေရရှိရေး တို့ကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ တည်ဆောက် ရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် သတ်မှတ် ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လူနာများအား ထောက်ပံ့ ငွေများပေးအပ်ကာ ဆေးရုံအဆောက်အအုံသစ် တည်ဆောက်နေမှုကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့မှ မော်တော် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင်လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment