Wednesday, July 3, 2019

စိုက်ပျိုးရေးအတွက် အသုံးပြုရမယ့် မြေတွေပေါ်မှာ လူနေထိုင်ဖို့နဲ့ အခြားနည်းအမျိုးမျိုးအသုံးပြုမှုတွေ တိုးတက်များပြားလာနေ

Image may contain: plant, tree, outdoor, nature and water
မျိုးဝင်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကြီးရဲ့ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဇွန်လ ၇ ရက်နေ့မှာ အောင်မြင်စွာနဲ့ပဲ ပြီးဆုံးခဲ့ပြန်ပါပြီ။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ပူးပေါင်းကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာပါ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ကျွန်တော့်အဖို့တော့ နေပြည်တော်ကနေ မိုင် ၄၀၀ လောက် ဝေးကွာတဲ့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ် ရေးမြို့ဆီကို မပြန်နိုင်သေးဘဲ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို နောက်ထပ် ရက်သတ္တတစ်ပတ် ထမ်းရွက်ရဦးမှာဖြစ်လို့ တက်ကြွရွှင်လန်းစွာနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်အသီးသီးကို ပြန်သွားတဲ့ ကိုယ်စားလှယ်တော်ကြီးများကို နှုတ်ဆက်ရင်းနဲ့ပဲ နေပြည်တော်မှာ ဆက်လက်ကျန်နေရစ်ခဲ့ရပါတယ်။

တာဝန်တွေပြီးဆုံးတဲ့ ဇွန်လ ၁၅ ရက် နေ့ရောက်မှပဲ တစ်ကိုယ်တည်း ကားမောင်း ရင်း မိမိရဲ့ မဲဆန္ဒနယ်ကို ပြန်လာခဲ့ပါတယ်။ နေပြည်တော်မှာ   မိုးက   ရွာတစ်ချက်… မရွာတစ်ချက်   ဆိုပေမယ့်    ကိုယ့်ရဲ့ မွန်ပြည်နယ်တံခါး၀ စစ်တောင်းတံတားကို ကျော်လွန်လာတာနဲ့ မိုးရိပ် မိုးသားတွေနဲ့ စတင်ထိတွေ့လာရပါတော့တယ်။  ဘီးလင်း မြို့မှာ မိုးခိုရင်း နံနက်စာစားအပြီး မိုးဖွဲဖွဲ ကြားမှာ ပြန်ထွက်လာပေမယ့် သထုံကို လွန်လာတာနဲ့ မိုးကတဖြည်းဖြည်း ပြန်သည်း လာလိုက်တာ မော်လမြိုင်သံလွင်တံတား ဖြတ်တဲ့အခါမှာတော့  မြစ်ကို  ဖြတ်သန်း လာတဲ့ လေကြမ်းနဲ့အတူ တဝေါဝေါအော် မြည်နေတဲ့ မိုးသည်းသည်းအကြား ကားကို သတိထားမောင်းနှင်ရင်း     မွန်တို့ဌာနေ ရာမညမြေရဲ့မြို့တော် မော်လမြိုင်မှာ မိုးအစဲ ကိုစောင့်ရင်း  ခရီးတစ်ထောက်နားခဲ့ရပြန် ပါတယ်။

မော်လမြိုင်ကနေ  နောက်ထပ်  မိုင် ၁၀၀ လောက်ဆို    ကိုယ့်ရဲ့မွေးရပ်မြေကို ရောက်ရှိတော့မှာဆိုတော့ သိပ်ပြီးစိုးရိမ်ပူပန် မနေတော့ပါဘူး။ မိုးလေး နည်းနည်းစဲလာ တာနဲ့  ကားကို မှန်မှန်လေး မောင်းထွက်ခဲ့ ပါတယ်။ လွှတ်တော်တက်နေတဲ့  နှစ်လတာ ကာလအတွင်း   ပြောင်းလဲခဲ့တဲ့   ပတ်ဝန်း ကျင် အခြေအနေတွေကို လေ့လာကြည့်ရှု ရင်းနဲ့ပဲ မုဒုံ၊ သံဖြူဇရပ်မြို့နယ်တွေကို ဖြတ်ကျော်လာ ခဲ့ပြီးတဲ့နောက် ကိုယ့်မြို့နယ် ရဲ့အစ ကရင် တိုင်းရင်းသားအများစုနေထိုင်ရာ ဘေးလမိုင်း ကျေးရွာမှာ  စိုက်ထူထားတဲ့  ရေးမြို့နယ်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင်း ကိုယ့်ဒေသ ပြန်ရောက် ခဲ့ရပြန်ပေါ့ဆိုတဲ့  စိတ်ကြည်နူးမှုအာရုံလေးကို  ခံစားလိုက်ရပါတယ်။

ကိုယ့်ဒေသရောက်လာပြီဆိုတော့လည်း ခရီးသွားဟန်လွဲနဲ့ ကျန်နေသေးတဲ့ မိုင် ၃၀  ကျော်ခရီးကို ဘေးဘီဝဲ၊ ယာ လေ့လာကြည့်ရှု ရင်း ကားကို ဖြည်းဖြည်းမှန်မှန် မောင်းလာခဲ့ ပါတယ်။ မိုးက တော်တော်ရွာထားတာကြောင့် လမ်းဘေးလယ်ကွက်တွေမှာ       မိုးရေတွေ အတော်အတန်ပြည့်နေပြီး  မိုးရေစီးကြောင်း အသစ်တွေကြောင့် လမ်းပျက်စီးနိုင်မယ့်နေရာ တွေကို လေ့လာမှတ်သားရင်း လာခဲ့တာမို့ ခရီးက သိပ်မတွင်ပါဘူး။ အချို့နေရာတွေမှာ လွှတ်တော်မတက်ခင်တုန်းက    မြင်ခဲ့ရတဲ့ လယ်ကွက်အချို့ဟာ မြေဖို့ထားတဲ့ မြေကွက် ကြီးတွေအဖြစ် ပြောင်းလဲသွားတာ တွေ့ရပြီး ရော်ဘာခြံအချို့တွေထဲမှာလည်း ခုတ်လှဲထား တဲ့ ရော်ဘာပင်တွေ၊  ရော်ဘာခြံအဖြစ်ကနေ ကွန်ကရစ်တိုင် ထိုးထိုးထောင်ထောင်နဲ့ အိမ် ကွက်ရောင်းရန်ရှိသည် ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုကြည့်ပြီး သက်ပြင်းတွေချရင်း ဖြည်းဖြည်း ချင်း မောင်းလာလိုက်တာ ကိုယ့်မြို့ကို ရောက် တော့ မှောင်စပျိုးနေပြီဖြစ်ပါတယ်။

လွှတ်တော်ပိတ်ရက်ထက်   နောက်ကျ ပြီးမှ အိမ်ပြန်ရောက်လာခဲ့တဲ့အတွက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေနဲ့ အများနဲ့သက်ဆိုင်တဲ့      မြေတွေအပေါ်က ဥပဒေမဲ့လုပ်ရပ်တွေကို      မျက်နှာချင်းဆိုင် တွေ့ဆုံပြောပြလိုသူတွေဟာ နောက်နေ့မနက် စောစောမှာပဲ တစ်ဦးပြီးတစ်ဦး ရောက်ရှိလို့ လာပါတော့တယ်။ ပြဿနာအများစုကတော့ ကျေးလက်တွေမှာဆိုရင် မြေယာပြဿနာက အများစုဖြစ်ပြီး မြို့ပြမှာတော့ စည်ပင်သာ ယာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့    ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေအပါအဝင် နိုင်ငံ တော်ဘဏ္ဍာနဲ့တည်ဆောက်ထားတဲ့ လုပ်ငန်း တွေကို လိုက်လံကြည့်ရှုရင်း လာရောက်ပြောဆို ထားကြတဲ့အကြောင်းအရာတွေနဲ့ ပတ်သက် တဲ့ မြေပြင်အခြေအနေကိုပါ လေ့လာကြည့်မိ ပါတယ်။ နေပြည်တော်ကလာရာလမ်းတစ် လျှောက် တွေ့ခဲ့ရသလိုပါပဲ။ လယ်မြေ၊ ခြံမြေ တွေကို ဖြစ်သလို အိမ်ကွက်ဖော်ဖို့ လုပ်ဆောင် နေကြတာတွေ၊    အများပြည်သူနဲ့ဆိုင်တဲ့ မြေတွေအပေါ် ကျူးကျော်မှုတွေ၊  အချို့ဆို ရေနုတ်ချောင်း၊ မြောင်းတွေထဲအထိ ကျူးကျော် မှုတွေဟာ မမြင်ချင်မှ အဆုံးပါပဲ။ တကယ်လို့ များ ဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်း ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်လာတဲ့  အခါမှာ ဥပဒေကို မသိနားမလည်ဘဲ ကိုယ် မှန်တယ်ထင်ပြီးလုပ်မိလို့    အရေးယူခံရမယ့် ပြည်သူတွေအတွက်လည်း စိတ်ပူမိပါတယ်။

ဒီလိုအခြေအနေတွေ   ဖြစ်ပေါ်နေလို့ လည်း ဒီလိုကိစ္စတွေ လျော့နည်းစေဖို့အတွက် ရည်ရွယ်ပြီး  အမျိုးသားလွှတ်တော်မှာ အဆို တစ်ခုတင်ခဲ့ဖူးပါတယ်။ အဆိုလည်း အောင်ခဲ့ ပါတယ်။ အဆိုမှာ ပါဝင်တဲ့အကြောင်းအရာကို အနှစ်ချုပ်ပြောရရင်တော့   မြန်မာနိုင်ငံမှာ အခုလို မြေယာနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာတွေကြောင့် နောင် တစ်ချိန်မှာ   အသုံးလိုရင်ရအောင်  ချန်လှပ် ထားတဲ့မြို့ပြနဲ့ကျေးလက်က  မြေလွတ် မြေ လပ်တွေ    လျော့နည်းပျောက်ဆုံးကုန်တာ၊ အစိုးရပိုင်မြေနဲ့    အဆောက်အဦတွေဟာ အင်မတန်နည်းပါးတဲ့ ငွေကြေးပမာဏလေးနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူတို့နဲ့ နီးစပ်သူ လုပ်ငန်းရှင်တွေရဲ့ လက်ထဲ သက်ဆင်းကုန်တာကြောင့်  နိုင်ငံနဲ့  ပြည်သူ တွေအတွက်   မြောက်မြားစွာသော  ဆုံးရှုံး နစ်နာမှုတွေ ဖြစ်စေတာ၊    စိုက်ပျိုးမြေတွေ လျော့နည်း          ပျောက်ဆုံးကုန်တာတွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုအများဆုံးနဲ့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့   ကော်(၃)ကော်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ အားနည်းချက် တွေနဲ့  အဂတိတရားမကင်းတဲ့ လုပ်ဆောင် ချက်တွေအပေါ် ထိန်းညှိပေးနိုင်မယ့် အစီအမံ တစ်ရပ်ကို အမြန်ဆုံးရေးဆွဲချမှတ် အကောင် အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းထား တဲ့အဆိုပဲ ဖြစ်ပါတယ်။

ဒီအဆိုကို ကျွန်တော်လွှတ်တော်တင် တော့ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးခဲ့သူ ၂၈ ဦးအထိရှိခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံ တစ်ဝန်း ဒေသအသီးသီးက ကိုယ်စားလှယ် တွေ ပါဝင်ဆွေးနွေးကြတဲ့အတွက် တောရော မြို့ပါမကျန် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေ တဲ့ မြေယာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုအလွဲ များနဲ့ အကျင့်ပျက်မှုများအပေါ် ပီပီပြင်ပြင် မီးမောင်းထိုးပြပေးနိုင်ခဲ့တယ်လို့  ထင်မိပါ တယ်။  အစိုးရက စီမံခန့်ခွဲမှုရှိတဲ့မြေတွေကို လက်သင့်ရာ     ချထားပေးတာတွေဟာ လက်ရှိအစိုးရလက်ထက်မှာ   အများကြီး လျော့ကျသွားတာတွေ့ရပါတယ်။ တစ်ဖက်မှာ ဒီလိုလျော့ကျသွားပေမယ့် အခြားတစ်ဖက် မှာတော့ စိုက်ပျိုးရေးအတွက် အသုံးပြုရမယ့် မြေတွေပေါ်မှာ လူနေထိုင်ဖို့နဲ့ အခြားနည်း အမျိုးမျိုးနဲ့ အသုံးပြုမှုတွေဟာ ဥပဒေအရ ရော ဥပဒေပြင်ပမှာပါ တစ်စတစ်စ တိုးတက် များပြားလာတာကို တွေ့မြင်နေရပါတယ်။ အထူးသဖြင့် မြို့ချင်း၊ ရွာချင်း ချိတ်ဆက် ထားတဲ့   လမ်းဘေးတစ်ဖက်တစ်ချက်က စိုက်ခင်းတွေကို လူနေအဆောက်အဦအဖြစ် နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြောင်းလဲ သုံးစွဲလာတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေ တာတွေကို သက်ဆိုင်ရာ အစိုးရဌာနတွေက ဖိဖိစီးစီး မတားဆီးနိုင်ကြဘူးဆိုရင်တော့ ကားလမ်းနံဘေးတွေမှာ ရွာတန်းရှည်ကြီး တွေဖြစ်ပြီး ယာဉ်တိုက်မှုတွေ တိုးတက်များ ပြားလာမယ့်အပြင် မော်တော်ယာဉ်များနဲ့ ခရီးသွားရာမှာလည်း     ခရီးတွင်တော့မှာ မဟုတ်ပါဘူး။      

ဒီနေရာမှာ ဥပဒေကို အကောင်အထည် ဖော်လုပ်ဆောင်ရမယ့်       အဖွဲ့တွေရဲ့ အားနည်းမှုက  အဓိကကျတယ်လို့ ထင်မိပါ တယ်။  လက်ရှိပြဋ္ဌာန်းထားတဲ့  မြေလွတ် မြေလပ်နဲ့ မြေရိုင်းများဥပဒေဟာ ပြီးပြည့်စုံ တဲ့ဥပဒေတစ်ရပ် မဟုတ်သေးပါဘူး။ ဒါကို တောင်    အပြည့်အဝလိုက်ပါအကောင် အထည်မဖော်နိုင်သေးတာ   တွေ့နေရပါ တယ်။  ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို လက်တွေ့ဖော်ဆောင်ပေးကြရမယ့် အစိုးရ အင်စတီကျူးရှင်းရဲ့     လိုက်ပါအကောင် အထည်ဖော်ဆောင်ပေးနေတဲ့ ဝန်ထမ်းတွေ အကြားမှာလည်း  ရိုးသားသူတွေရှိသလို မရိုးမသားနဲ့  ဥပဒေကို  လက်တစ်လုံးခြား လုပ်ပြီး ဆောင်ရွက်နေကြသူတွေကိုလည်း မြင်တွေ့နေရပါတယ်။

ဥပဒေကို ချိုးဖောက်ဆောင်ရွက်မိရင် အရင်ဆုံးခံရမှာက ဥပဒေကို အကျွမ်းတဝင် မရှိလှတဲ့ ကျွန်တော်တို့ပြည်သူတွေပဲ ဖြစ်တဲ့ အတွက် တည်ဆဲ ၂၀၁၂ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများဥပဒေနဲ့ ၂၀၁၂ လယ်ယာမြေ ဥပဒေထဲက  သိလွယ်မြင်လွယ်   ဥပဒေပုဒ်မ အချို့ကို   အနည်းငယ်ရှင်းပြလိုပါတယ်။ ပထမဆုံး သိထားသင့်တာက ဒီဥပဒေအရ  မြေလွတ်မြေလပ်ကို  လျှောက်ထားရာမှာ သီးနှံစိုက်ပျိုးဖို့အတွက်သာ လျှောက်ထား ရယူနိုင်တယ်ဆိုတာကိုပဲ   ဖြစ်ပါတယ်။လျှောက်ထားရယူထားသူများဟာ    မိမိ လျှောက်ထားတဲ့မြေကို အခြားနည်းသုံးစွဲခွင့် လုံး၀မရှိပါဘူး။ အခြားနည်းသုံးစွဲခွင့်ဆိုတာ ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာသာ ပါဝင် တာဖြစ်ပါတယ်။ မြေလွတ်မြေလပ်နဲ့ မြေ ရိုင်းများဥပဒေအရ မိမိလျှောက်ထားရယူ ထားတဲ့ မြေကနေ တည်ငြိမ်တဲ့ သီးနှံထွက် ကုန်တွေ   ထွက်ရှိလာပြီဆိုတဲ့အခါမှသာ အဲဒီမြေကို လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ အရ  လယ်ယာမြေအဖြစ်  ပြောင်းလဲသတ် မှတ်ခွင့်ရှိပါတယ်။  အဲဒီလို  လယ်ယာမြေ ဖြစ်သွားတဲ့အခါမှသာ လယ်ယာမြေ ဥပဒေ ပုဒ်မ  ၃၀  အရ  အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားနိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

ဒါကိုလည်း မြေလွတ်မြေလပ် လုပ်ပိုင် ခွင့်ရရှိထားသူ  လိုက်နာရမယ့်   စည်းကမ်း ချက်များထဲက ပုဒ်မ  ၁၆၊  ပုဒ်မခွဲ(က)မှာ "ခွင့်ပြုထားတဲ့     လုပ်ငန်းအမျိုးအစားနဲ့ ဆက်စပ်လုပ်ငန်းများကိုသာ ဆောင်ရွက်ရ မယ်"ဆိုပြီး  အတိအလင်းဖော်ပြထားပါ တယ်။ ဆိုလိုတာကတော့ မြေလွတ်မြေလပ် နဲ့ မြေရိုင်းတွေကို စိုက်ပျိုးဖို့ကလွဲပြီး အခြား ကိစ္စတွေသုံးဖို့ ဒီဥပဒေအရ လျှောက်ထား ရယူခွင့်ပြုမထားပါဘူး။  ဒါပေမယ့် အချို့သူ တွေဟာ ခွင့်ပြုချက်စတင်လျှောက်ထားလာ ကတည်းက အခြားရည်ရွယ်ချက်အတွက် လျှောက်ထားကြတာဆိုတော့ အပင်စိုက်ဖို့ မြေပြင်သလိုလိုနဲ့      အိမ်ကွက်တွေအဖြစ် ကြိုစိတ်ထားပြီး ရောင်းဖို့ကြော်ငြာနေတာ မျိုးတွေဟာ ဥပဒေကို ချိုးဖောက်လုပ် ဆောင်နေ တာဖြစ်တဲ့အတွက် ဥပဒေအရ အရေးယူလာ ရင် မိမိသာခံရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ချပေးတဲ့ အဖွဲ့အစည်း အဆင့်ဆင့် အနေနဲ့လည်း ဒီလိုကိစ္စတွေအပေါ် ဥပဒေ နဲ့မညီတာမျိုးကို  ပြန်လည်စိစစ်ကြပ်မတ် စေလိုပါတယ်။

ဒီဥပဒေရဲ့ ပုဒ်မခွဲ(ဂ)မှာ ဆိုရင်လည်း "ခွင့်ပြုထားတဲ့မြေကို  အစိုးရရဲ့  ခွင့်ပြုချက် မရှိဘဲ ပေါင်နှံတာ၊ ပေးကမ်းတာ၊ ရောင်းချ တာ၊ အငှားချတာ၊ ခွဲစိတ်တာတွေနဲ့ အခြား နည်းနဲ့ လွှဲပြောင်းတာမပြုလုပ်ရ" လို့ အတိ အကျ ပြဋ္ဌာန်းထားပါတယ်။   ဆိုလိုတာက မိမိရဲ့မြေဟာ  လယ်ယာမြေအဖြစ်  အမည် မပေါက်သေးဘဲ ပုဒ်မပါအချက်တွေကို လုပ်မိ ရင် ဥပဒေကို ချိုးဖောက်မိသလို ဖြစ်သွားနိုင် ပါတယ်။ ဒီလိုဖြစ်ရပ်အတွက် ၂၀၁၈ ခုနှစ် ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေပုဒ်မ ၂၉-က ပုဒ်မခွဲ(က)အရ   အရေးယူခံရမယ်ဆိုရင် နေရင်းထိုင်ရင်းနဲ့ ထောင်ဒဏ် (၂)နှစ် (သို့မဟုတ်) ဒဏ်ငွေ(၁၀)သိန်း၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး     ကျခံရနိုင်တဲ့အတွက် သတိပြုရမှာ ဖြစ်ပါတယ်။  ဒီလိုလုပ်ရပ်တွေ မလုပ်မိစေဖို့ ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် အဖွဲ့အစည်းတွေက        ပြည်သူတွေကို အသေအချာ ရှင်းပြသင့်ပါတယ်။

အချို့တွေကျတော့လည်း   ဒီဥပဒေ မထွက်ခင်ကတည်းက ခြံစိုက်ထားပြီးသားဖြစ် ပေမယ့် အိမ်ခြံမြေတွေ ဈေးကောင်းလာတာ ကြောင့် အိမ်မြေကွက် စိတ်ရောင်းတဲ့အခါမှာ တရားဝင်ဖြစ်အောင်ဆိုပြီး မြေလွတ်မြေလပ် ပြန်လျှောက်နေကြတာတွေလည်း ရှိနေတာ  တွေ့မြင်နေရပါတယ်။ ဒါဟာလည်း ပြစ်ဒဏ် ကို လက်ယပ်ခေါ်သလို  ဖြစ်နေတဲ့အတွက် အထူးသတိပြုကြစေလိုပါတယ်။

နောက်တစ်ခုက ပုဒ်မခွဲ(စ)ဖြစ်ပါတယ်။ ဒီပုဒ်မမှာ ပါတာက   "ခွင့်ပြုချက်ရယူထား သော လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ အခြားသယံဇာတပစ္စည်းများကို ထုတ်ယူခြင်း မပြုရ"ဆိုပြီး ဖြစ်ပါတယ်။    ကျွန်တော်တို့ တောင်သူအများစုက   ကိုယ့်ခြံထဲက ပစ္စည်း အားလုံး ကိုယ့်ပစ္စည်းပဲလို့ လွယ်လွယ်တွေးပြီး လွယ်လွယ်လုပ်နေကြတာတွေကို တွေ့နေရ ပါတယ်။  မိမိခြံထဲမှာ ဂဝံမြေရှိတော့ အဲဒီ ဂဝံမြေကို ကိုယ်ပိုင်ပစ္စည်းအမှတ်နဲ့ တူးရောင်း နေတာ၊ ကျောက်မိုင်းလုပ်ပြီး ကျောက်ထုတ် နေကြတာတွေကိုလည်း သွားရင်းလာရင်း  တွေ့နေရတော့ ဒီဥပဒေ ပြဋ္ဌာန်းထားတာကို လည်း သိဟန်မတူဘူးလို့ ထင်မိသလို တစ်ဖက် ကလည်း   သက်ဆိုင်ရာတာဝန်ရှိသူတွေက တားဆီးပညာပေးတာတွေလည်း မတွေ့ရပါ ဘူး။ ဒီနေရာမှာ သယံဇာတဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဒီဥပဒေထဲမှာ မတွေ့ရပေမယ့် သယံဇာတဆိုတာဟာ လူသားတွေ  ဖန်တီး လုပ်ယူထားတဲ့အရာမဟုတ်ဘဲ က္ဘာမြေကြီးရဲ့ သဘာ၀ဖြစ်စဉ်နဲ့အတူ  ဖြစ်ထွန်းပေါ်ပေါက် လာတဲ့အရာလို့ ယေဘုယျ သတ်မှတ်ထားလေ တော့  ဒါတွေဟာ  တန်ဖိုးမကြီးမြင့်ပေမယ့် သယံဇာတလို့ အဓိပ္ပာယ်သတ်မှတ်လို့ ရနေ ပါတယ်။ တကယ်လို့များ အဲဒီလို သတ်မှတ်ခဲ့ မယ်ဆိုရင်  ဒီလိုဖြစ်ရပ်မျိုးအတွက် ထောင် ဒဏ် ၇ နှစ်အထိ  ကျခံရနိုင်ပြီး   ငွေဒဏ် လည်း အရိုက်ခံရနိုင်တဲ့အတွက် ဒါဟာလည်း အထူးသတိထားရမယ့်ပုဒ်မ   ဖြစ်ကြောင်း တင်ပြလိုပါတယ်။

လက်တွေ့မြေပြင်မှာ တကယ် ဖြစ်နေ တာတွေက ဒီကဏ္ဍတစ်ခုတည်း မဟုတ်ဘဲ သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ကျောက် မျက်သယံဇာတတူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်း စတာတွေမှာလည်း  ဥပဒေနဲ့  လုပ်ပိုင်ခွင့် ရှိသူတွေအကြား     ဒီသဘောအတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။  တစ်ခါတစ်ရံမှာ ဥပဒေကို အကောင်အထည်ဖော်ပေးရမယ့် ဝန်ထမ်းကိုယ်တိုင်က ဥပဒေကို မလိုက်နာဘဲ ဥပဒေကို  လက်တစ်လုံးခြားလုပ်ပြီး  အဂတိ တရားနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ကိုလည်း တွေ့နေရပါတယ်။

အခုချိန်မှာ    မြန်မာနိုင်ငံတစ်လွှား အလုပ်အကိုင်   အခွင့်အလမ်းကောင်းတဲ့ နေရာကိုရှာဖွေပြီး      သွားလာနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စီးပွားရေးလုပ် ငန်းတွေ တိုးချဲ့လုပ်ကိုင်မှု များပြားလာတာ ကြောင့်  မြေလွတ်မြေလပ်တွေဟာ  အဲဒီ ဒေသတွေမှာ တစ်နေ့တခြား ရှားပါးလာနေ ပါတယ်။ အထူးသဖြင့် လမ်းဘေးနားကပ် နေတဲ့မြေတွေဟာ   စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်းသာတဲ့အတွက်  မြေတန်ဖိုး တွေဟာလည်း တစ်နေ့တခြား မြင့်တက် လျက်ရှိတာကို တွေ့ရပါတယ်။ ဒီအခါမှာ ဒီလမ်းဘေးမြေတွေကို မရမက လိုချင်နေတဲ့ စီးပွားရေးသမားတွေနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ အကြား  ပူးပေါင်းမိသွားကြပြီး  ဥပဒေကို မလှိမ့်တပတ်နဲ့ ချိုးဖောက်ဖို့ ကြိုးစားနေ တာတွေလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

အားလုံးကို   ခြုံငုံပြီးပြောရရင်တော့ မူလကတည်းက မြေယာကိစ္စတွေဟာ ကြီးမား ကျယ်ပြန့်လှတဲ့အပြင်       မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ၊    ရိုးရာဓလေ့ ထုံးစံပေါင်းစုံတွေအားလုံးနဲ့   လိုက်လျော ညီထွေရှိမယ့် မြေယာမူဝါဒတွေ၊ ဥပဒေတွေ ဖြစ်ပေါ်လာစေဖို့အတွက်ဆိုရင်   လက်ရှိ ဥပဒေတွေကို ပြင်ဆင်ရန် လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဥပဒေများဟာ တည်ဆဲဖြစ်နေ တယ်ဆိုရင် လိုအပ်ချက်တွေ ရှိနေသော်ငြား လည်း လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ဥပဒေ ကို ချိုးဖောက်မိရင်   မသိနားမလည်လို့ဆို ပြီး ဥပဒေက လွတ်ငြိမ်းခွင့်ပေးတာမျိုးမရှိ တာကြောင့် မြေယာနဲ့   ဆက်စပ်ပတ်သက် လုပ်ကိုင်နေရသူများအနေနဲ့     မိမိတို့နဲ့ ပတ်သက်တဲ့    ဥပဒေတွေကို  တတ်နိုင် သလောက်   လေ့လာထားသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။     ။


No comments:

Post a Comment