Wednesday, July 24, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲတက်ရောက်





နေပြည်တော် ဇူလိုင် ၂၃





ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာ စားပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှပညာရှင်များ၊ ပုဂံဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်၀ပြီး ယင်းယဉ်ကျေးမှုအမွေအနှစ်များမှာ ရှေးယခင်ကတည်းက မြန်မာနိုင်ငံ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မြင့်မားထည်ဝါမှုကို ဖော်òန်းပြသနေပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များဟု ဆိုရာတွင် ဗိသုကာလက်ရာအရည်အသွေးမြင့်မားသည့် ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း၊ တန်ဆောင်း၊ အထိမ်းအမှတ် အဆောက် အအုံများနှင့် မြို့ပြနန်းတော် စသည့် ဒြပ်ရှိယဉ်ကျေးမှုများနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေများ စသည့်
ဒြပ်မဲ့ယဉ်ကျေးမှုများလည်း ပါဝင်ပါကြောင်း၊ ပုဂံဒေသရှိ စေတီ ပုထိုးများတွင် ယဉ်ကျေးမှုမြင့်မားသည့် နံရံဆေးရေးပန်းချီများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုသုခုမလက်ရာများကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အံ့ဖွယ်ဒေသဖြစ်ပါကြောင်း၊ ယင်းယဉ်ကျေးမှုအမွေအနှစ်များ၏ ဆွဲဆောင်မှုများကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်နေကြသည်ကို တွေ့မြင်နိုင်ပါကြောင်း။
မြန်မာ၏ဂုဏ်သိက္ခာမြင့်တက်လာ
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသများထဲမှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူရှေးဟောင်းမြို့ များကို ၂၀၁၄ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားထဲတွင် အထင်ကရရှိသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံသူ နိုင်ငံသား များအားလုံး အထူးဂုဏ်ယူ ဝမ်းမြောက်ကြရပါကြောင်း၊ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာက သိရှိ ခွင့်ရပြီး ကမ္ဘာတွင် မြန်မာ၏ဂုဏ်သိက္ခာ မြင့်တက်လာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသ များဖြစ်သည့် မြောက်ဦးရှေးဟောင်းဒေသ၊ ရွှေတိဂုံစေတီတော် နှင့် ပြဒါးလင်းဂူ အစရှိသည့် ရှေးဟောင်းနေရာဒေသများကိုလည်း မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရ အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း။
အသစ်ပြန်လည်ပြဋ္ဌာန်းနိုင်ခဲ့
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဆောင်ရွက်သည့်နေရာတွင် ယဉ်ကျေးမှုအမွေ အနှစ် အဆောက်အအုံများ၊ နေရာများကိုသာမကဘဲ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မှု အလားအလာ များကိုလည်း ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခင်က ရေးဆွဲခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုလည်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်နိုင်မှု၊ လူမှု စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မှု စသည့်အချက်များကို အလေးထား ထည့်သွင်းရေးဆွဲကာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ခေတ်ကာလအခြေအနေနှင့်အညီ အသစ်ပြန်လည် ပြဋ္ဌာန်းနိုင်ခဲ့ ပါကြောင်း။
စီမံခန့်ခွဲမှုနည်းစနစ်တစ်ခု
ထို့အတူ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတွင်ရှိသည့် အဆင့်အတန်း အလွန်မြင့်မားသည့် ယဉ်ကျေးမှုအမွေအနှစ် များ၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အစီအစဉ်များ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များ၊ မြို့ပြလူမှုဘ၀ဖွံ့ဖြိုးမှုအစီအစဉ်များ စသည့် အစီအမံများကို ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှု နည်းစနစ်တစ်ခုကိုလည်း ဥပဒေနှင့်အညီ ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်ပါကြောင်း။
လက်ဆင့်ကမ်းထိန်းသိမ်း
ထို့ပြင် မြန်မာနိုင်ငံ ပုဂံဒေသတွင်ရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံ ကသာမက ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်ပါ ကြောင်း၊ သို့မှသာ ပုဂံယဉ်ကျေးမှုအမွေအနှစ်များကို နောင် မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂံဒေသကို လူသိပိုများလာပြီး နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လာမည် ဖြစ်ပါ ကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ဒေသခံပြည်သူ များ စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၏တန်ဖိုး ကို မြတ်နိုးကြပြီး က္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ကိုယ်စီ ရှိကြပါကြောင်း။
ဆက်လက်ဆောင်ရွက်
ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ် ခံရပြီးနောက်ပိုင်း နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံ နှင့် နေရာဒေသများကောင်စီ (ICOMOS ) က မေးမြန်းထား သည့် အချက်အလက်များကိုBAGAN COM အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပေါင်းစပ်ညှိနှိုင်းပြီး ရေရှည်၊ ရေတို စီမံကိန်းများ၊ နည်းဗျူဟာများ ပေါင်းစပ်ညှိနှိုင်းမှုများ၊ ဖြေလျှော့ ဆောင်ရွက်မှုများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏
ပူးပေါင်းဆောင်ရွက်ညှိနှိုင်းမှုများနှင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားနိုင်ကြမည်ဟု ယုံကြည်ပါ ကြောင်း။
ပူးပေါင်းပါဝင်ပံ့ပိုးကူညီ
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းနိုင်ရေး ဆောင်ရွက် ရာတွင် ပါဝင်ခဲ့သည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် ကြိုးပမ်းအားထုတ် ပူးပေါင်းပါဝင် ပံ့ပိုးကူညီခဲ့ကြသူများအားလုံး ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
နောင်မျိုးဆက်တွေအတွက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ''ဒီနေ့ ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်ဖို့အတွက် ကူညီတဲ့သူများအားလုံးကို ကျေးဇူးတင်ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ အမွေအနှစ်ဆိုတာဟာ ကျွန်မတို့ နောင်လာ နောက်သားများ အတွက် ချန်ခဲ့သင့်တဲ့အရာတွေလို့ ပြောလို့ရပါတယ်။ က္ဘာ့ အမွေအနှစ်ဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နောင်မျိုးဆက်တွေ အတွက် ချန်ခဲ့သင့်တဲ့ကိစ္စ၊ ချန်ခဲ့ထိုက်တဲ့ကိစ္စဆိုပြီး ဒီလိုမှတ်ယူ လို့ရပါတယ်။
ကမ္ဘာ့အမွေအနှစ်အဖြစ်ရွေးချယ်
ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုဒေသတစ်ခုဟာ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံးအတွက် ထိုက်တန်တဲ့ အမွေအနှစ်ဆိုပြီး သတ်မှတ်ခြင်းခံရတာ ဂုဏ်ယူစရာဆိုတာ အထူးပြောစရာ မလိုပါ ဘူး။ ဒီလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သတ်မှတ်လိုက်တဲ့ အခါမှာ ကျွန်မတို့နိုင်ငံတစ်ခုတည်းအတွက်သာ မဟုတ်ပါဘူး၊ကမ္ဘာ့ လူသားအားလုံးအတွက် ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒီလို ကမ္ဘာ့အမွေအနှစ်အဖြစ် ရွေးချယ်သတ်မှတ်တဲ့အခါမှာ လူသား များအားလုံးအတွက် တန်ဖိုးရှိတာတွေကို ရွေးတယ်ဆိုတဲ့ မူအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ကြပါတယ်။
ကျေးဇူးတရားတစ်ခုဖြစ်
လူသားများအားလုံး ပိုမိုပြီးတော့ နီးစပ်လာရေးအတွက် ကိုလည်း ဆောင်ရွက်တယ်လို့ သတ်မှတ်တဲ့အဖွဲ့အစည်းများက ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားများအားလုံးဟာ တူညီတဲ့အရာတွေရှိတယ်၊ တူညီတဲ့အတွေးအခေါ်တွေရှိတယ်။ တူညီတဲ့အတွေးအခေါ်တွေကို စုပေါင်းပေးခြင်းဟာ ကမ္ဘာတစ်ခု လုံးအတွက် ကျေးဇူးတရားတစ်ခုဖြစ်တယ်၊ ကမ္ဘာတစ်ခုလုံး အတွက် အကျိုးဖြစ်တယ်ဆိုပြီး ယူဆခြင်းပဲဖြစ်ပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ရုပ်ပိုင်းဆိုင်ရာ သက်မဲ့ပစ္စည်းတွေဟာ တကယ်ပဲ သမိုင်းကို မှန်မှန်ကန်ကန် သက်သေထူတယ်လို့ ဆိုခဲ့ပါတယ်။ ဥပဒေအမြင်အရဆိုရင် သက်မဲ့သက်သေများဟာ သက်ရှိသက်သေများထက်ပိုပြီး အားကိုးရတယ်၊ ပိုပြီးယုံကြည်ရတယ်ဆိုတဲ့အတိုင်း သက်မဲ့ပစ္စည်း အရာဝတ္ထုများဟာ အရင်တုန်းက သမိုင်းဖြစ်ရပ်ကို ဖြစ်ရပ် အတိုင်းကို ပြနေပါတယ်။
အမွေအနှစ်တွေကို ကြည့်ရှုလေ့လာ
ဒါပေမယ့် ဖြစ်ရပ်အတိုင်းကို ပြတယ်ဆိုပေမယ့် ဒီပစ္စည်းတွေ ကို၊ အရင်တုန်းက အမွေအနှစ်တွေကို ကြည့်ရှုလေ့လာတဲ့သူတိုင်း ဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့ အမြင်လေးနဲ့ ကဗျာဆန်ဆန်နဲ့ ပြန်လည်ပြီး အတိတ်ကိုဖန်တီးနိုင်ပါတယ်။ ဒီလိုဖန်တီးနိုင်ခြင်း စွမ်းအားကိုပေးတဲ့ အမွေအနှစ်တွေဟာ ကျွန်မတို့အတွက် တန်ဖိုး အရှိဆုံးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်လာနောက်သားများ ဟာလည်း ပုဂံဒေသကို ကြည့်ခြင်းအားဖြင့်၊ တခြားကမ္ဘာတစ်ဝန်း မှာရှိတဲ့ကမ္ဘာ့အမွေအနှစ်တွေကို ကြည့်ခြင်းအားဖြင့် အရင်တုန်း က လူသားတွေဟာ ဘယ်လိုရုန်းကန်ခဲ့ရတယ်၊ ဘယ်လိုနေထိုင် ခဲ့တယ်၊ ဘယ်လို ဘ၀ကိုရင်ဆိုင်ခဲ့တယ်၊ နောင်လည်း ရင်ဆိုင် သွားကြရမယ်၊ ရပ်တည်သွားရမယ်ဆိုတဲ့ အသိဉာဏ်တွေ ဖြစ်စေပါတယ်။
တန်ဖိုးရှိတဲ့ အမွေအနှစ်တွေကို ထားပစ်ခဲ့
ကျွန်မတို့ရဲ့ လူသားများဟာ တစ်ဦးကို တစ်ဦးလေးစားဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီလိုလေးစားနိုင်ဖို့အတွက် ကမ္ဘာ့ အမွေအနှစ်များဟာ ကျွန်မတို့ကို လမ်းပြနေတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အမွေအနှစ်ဆိုတာဟာ ကမ္ဘာကြီး ရဲ့ တစ်နေရာ၊ နှစ်နေရာတင်မဟုတ်ပါဘူး၊ ကမ္ဘာကြီးတစ်ခုလုံးမှာ ပျံ့နှံ့ပြီးတော့ ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာတင်မက တခြားနိုင်ငံ တွေမှာရှိပါတယ်။ ဥရောပ၊ အမေရိက၊ အာဖရိက၊ အာရှ စတဲ့ တိုက်ကြီးများ အသီးသီးမှာ ကမ္ဘာ့အမွေအနှစ်တွေ ရှိပါတယ်။ လူသားအားလုံးဟာ နောင်လာနောက်သားတွေအတွက် တန်ဖိုး ရှိတဲ့ အမွေအနှစ်တွေကို ထားပစ်ခဲ့နိုင်တယ်ဆိုတာကို သက်သေထူတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီလိုကမ္ဘာ့အမွေအနှစ်များရွေးချယ်ပြီး စာရင်း ဝင်အောင် ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်တာဟာ ကျွန်မတို့နိုင်ငံအတွက် လုပ်ပေးလို့တင် မဟုတ်ဘူး။ ကျွန်မတို့ကမ္ဘာမှာရှိတဲ့ လူသားများအားလုံး ယဉ်ကျေး မှုအပေါ်မှာ အခြေခံပြီးတော့၊ သမိုင်းဖြစ်ရပ်တွေအပေါ်မှာ အခြေခံပြီးတော့ တစ်ဦးအပေါ်တစ်ဦး ပိုပြီးနားလည်မှုရှိလာဖို့ အတွက်၊ နီးစပ်မှုရှိလာဖို့အတွက် ကူညီတယ်လို့မြင်တာကြောင့် ကျေးဇူးတင်တယ်လို့ ပြောချင်တာပါ။
အမွေဆက်ခံခွင့်ပေးခဲ့
ဘာဖြစ်လို့လဲဆိုတော့ ပုဂံဒေသကိုကြည့်မယ်ဆိုရင် ကျွန်မ တို့ဟာ အတိတ်နဲ့ ပစ္စုပ္ပန် ဘယ်လိုဆက်နွှယ်နေသလဲဆိုတာ မြင်ရပါတယ်။ ကျွန်မတို့ရဲ့ ပုဂံဒေသဟာ အရင်တုန်းက ဂူပုထိုး တွေ ရှိရုံသာမက အခုလည်း ကျွန်မတို့ရဲ့ပြည်သူများ နေထိုင် နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်မအထူးဂုဏ်ယူ ပါတယ်။ တချို့ကမ္ဘာ့အမွေအနှစ်နေရာတွေဆိုရင် ပြတိုက်သဖွယ် အရင်တုန်းက သမိုင်းကို သက်သေထူပြီး အခုပစ္စုပ္ပန်ဘ၀တွေနဲ့ ဆက်နွှယ်မှုနည်းနေတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ပုဂံဒေသ ဟာဆိုရင် ရှေးအမွေအနှစ်တွေလည်းရှိတယ်၊ လက်ရှိပြည်သူတွေ လည်း နေထိုင်လှုပ်ရှားနေတာကြောင့် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု ဟာ အဆက်မပြတ်ဘဲနဲ့ ယဉ်ကျေးမှုတည်ခဲ့နိုင်တယ်၊ မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ ပေါက်ဖွားလာတဲ့ ဒီယဉ်ကျေးမှုကြီးဟာ နှစ်ပေါင်းများစွာ ဆက်ကာ၊ ဆက်ကာ အခုခေတ် ကျွန်မတို့ခေတ် အထိ အမွေဆက်ခံခွင့်ပေးခဲ့တယ်ဆိုတာကို ကျွန်မတို့ကို ထောက်ပြနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီလိုဖြစ်န်ိုင်ဖို့ အတွက်ကမ္ဘာပေါ်မှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့လူမျိုးတွေ၊ မတူညီတဲ့ အတွေးအခေါ်တွေကို စုစည်းပေး ဖို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင်လို့ ကူညီပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
UNESCO, JICA ၊ World Bank ၊ အလှူရှင်နိုင်ငံများ ဖြစ်တဲ့ အီတလီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ပံ့ပိုးကူညီပေးခဲ့ကြတဲ့သူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်''ဟု ပြောကြားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သတ်မှတ်ခံနိုင်ရေး ရှင်းလင်း
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ပပညာရှင်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံမှ Ms. Monitora Unakul၊ အင်္ဂလန်နိုင်ငံမှ Ms. Elizabeth Moore ၊ ဩစတြေးလျနိုင်ငံမှ Ms. Charlotte Galloway ၊ UNESCO မှ မြန်မာနိုင်ငံ တာဝန်ခံ Ms. Min Jeong Kim ၊ JICAမှ မြန်မာနိုင်ငံ တာဝန်ခံMr. Masayuki Karasawa နှင့် ကမ္ဘာ့ဘဏ်မှMr. Gevorg Sargsyan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ပ ပညာရှင်များ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ကြီးချုပ်များဖြစ်ကြသည့် ဩစတြေးလျနိုင်ငံမှMr. Duncan Marshall ၊ ဆွစ်ဇာလန်နိုင်ငံမှ Mr. Kaiweise ၊ အမေရိကန် နိုင်ငံမှMr. Richard Engelhardt ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယဉ်ကျေးမှုသံမှူး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေကမန္တလေးတိုင်း ဒေသကြီးဝန်ကြီးနှင့် ပြည်တွင်းပညာရှင်များဖြစ်ကြသည့်မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊Bagan Techa-nical Expert Team, Advisory Chairman ဒေါက်တာ အောင်မြတ်ကျော်၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနာယက ဒေါက်တာကျော်လတ်၊ ရှေးဟောင်းသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးညွန့်ဟန်နှင့် ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာစန်းဝင်းတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြည်တွင်းပညာရှင်နှင့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ကြိုင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးစော၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် ဦးမြင့်စိန်တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နှလုံးသားထဲကပုဂံ ဓာတ်ပုံအဖွဲ့နှင့် ပရဟိတအဖွဲ့များကိုယ်စား တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဗီဒီယိုမှတ်တမ်းကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရရှိသူများ ကိုယ်စား နှလုံးသားထဲမှပုဂံဓာတ်ပုံအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း အဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြ သူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။
ပုဂံခေတ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်
ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ပုဂံခေတ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်

No comments:

Post a Comment