Wednesday, July 24, 2019

အပြုသဘောဆောင်စိတ်ထားများမွေးမြူ


Image may contain: text
ဤကမ္ဘာလောကရှိ လူမှုအသိုက်အဝန်းများကို လေ့လာကြည့်မည်ဆိုပါက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးဦးစားပေး ဆောင်ရွက်ကြ သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လူတို့၏ စိတ်ခံစားမှုသဘောတရားအရ အပြင်ပန်းတင့်တယ်မှုကို လိုလားကြသည်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာ တင့်တယ် ရေးကို အထူးဦးစားပေးကြခြင်း ဖြစ်ပေသည်။ အမှန်တကယ်တွင် ရုပ်ပိုင်း ဆိုင်ရာ မည်မျှပင်တင့်တယ်သော်လည်း စိတ်ပိုင်းဆိုင်ရာ မတင့်တယ်ပါက အချည်းနှီးပင်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် စိတ်ပိုင်းဆိုင်ရာ တင့်တယ်ကောင်းမွန်ရေး အထူးလိုအပ်နေသည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခါအခွင့် သင့်တိုင်း အသိပေးပြောကြားလျက်ရှိသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။ ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်ဆန်းသစ်တီထွင်မှု ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားတွင် "ကျွန်မတို့ ဆန်းသစ်တီထွင်တယ်ဆိုတဲ့ အခါမှာ ပိုပြီးကောင်းမွန်တဲ့စိတ်ဓာတ်တွေ ဘယ်လိုတီထွင်နိုင်မလဲဆိုတာ ထည့်ပြီးစဉ်းစားစေချင်ပါတယ်။ ဒီလိုစဉ်းစားမှသာ ကျွန်မတို့နိုင်ငံက ကမ္ဘာ့အလယ်မှာ တကယ့်ကို စိတ်ရော ကိုယ်ရော ချမ်းသာတဲ့ လူမှုအသိုက် အဝန်းဖြစ်လာမှာပါ" ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အဘက်ဘက်၌ တိုးတက်လာသည်ကို မြင်တွေ့ရ မည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာသလို စိတ်ပိုင်းဆိုင်ရာ များလည်း တိုးတက်လာသည်ဟုဆိုနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ တိုးတက် သည်ဆိုရာ၌ မကောင်းသည့်ဘက်တွင် တိုးတက်သည်က ပိုများနေ သလိုပင်။ လူတိုင်း လူတိုင်း တိုးတက်သည်ဟုဆိုရာတွင် မည်သည့်အနေ အထားဖြင့် တိုးတက်နေသည်ကို စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဘက်တွင် တိုးတက်သည်လော၊ စိတ်ပိုင်းဆိုင်ရာဖြစ်သည့် ဒေါသ၊ မောဟကျဆင်းရေးဘက်တွင် တိုးတက်သည်လော မေးခွန်းထုတ် ရမည်ဖြစ်သည်။
ယခုခေတ်တွင် လူများ၌ အမုန်းစိတ်၊ အာဃာတများ အလွန် တိုးပွားနေပြီး ၎င်းတို့အား လှည့်မကြည့်ကြသည်ကို သတိပြုမိပါသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးထောက်ပြထားသည်။ မှန်ပါပေသည်။ လက်ရှိတွင် လူတို့၏စိတ်သ္တာန်၌ ငါနှင့်မတူ ငါ့ရန်သူ ဟူသည့် သဘောပင်လော၊ မိမိတို့၏ပင်ကိုစိတ်၌ အတ္တ၊ မာနများ ကြီးထွား လာသည့်သဘောပင်လော မသိ၊ အမုန်းစိတ်များ၊ အာဃာတစိတ်များ များလာကြသည်မှာ အမှန်ပင်ဖြစ်သည်။
ကောင်းမွန်သော လူမှုအသိုက်အဝန်းကို တည်ဆောက်ရာတွင်ဖြစ်စေ၊ မိမိတို့၏စိတ်ကို ကောင်းမွန်အောင် တည်ဆောက်ရာတွင်ဖြစ်စေ လူတို့ အနေဖြင့် အတ္တ၊ မာန၊ ဒေါသ၊ မောဟ၊ အာဃာတနှင့် အမုန်းတရားများ ပါးလျားလာအောင် ကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိနှင့်မိမိအသိုက်အဝန်းကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ အကုသိုလ်အမှုကို ဖြစ်စေသော၊ လူ့ဘောင်လောကကို အကျိုးယုတ်စေသော အပြုသဘော မဆောင်သည့် အပျက်သဘောဆောင်သော အပြုအမူစိတ်ထားများ ကျဆင်းအောင် ကိုယ်စီကိုယ်စီ အားထုတ်ရမည်ဖြစ်သည်။
တိုင်းပြည်တစ်ပြည် သို့မဟုတ် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု၊ ဘာသာ စကား၊ ဓလေ့ထုံးတမ်းများကို အကဲခတ်ကြည့်ပါက သက်ဆိုင်ရာဘာသာ တရားများက ယင်းတိုင်းပြည်နှင့်လူမျိုးကို လွှမ်းခြုံထိန်းသိမ်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာတို့သည် များသောအားဖြင့် ဘာသာတရား နှင့် စာပေယဉ်ကျေးမှုတို့ကို အခြေခံထားသည်ဖြစ်ရာ ယင်းတို့မှ အစဉ်အမြဲ လမ်းမှန်ညွှန်ပြလျက်ရှိသည့် လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတများ လျော့ပါးကင်းဝေးစေသည့် ဗြဟ္မစိုရ်တရားများ မတိမ်ကောအောင် သတိမူ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ငြိမ်းချမ်းသာယာသော လူ့ဘောင် လောကကို ဝိုင်းဝန်းတည်ဆောက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment