Tuesday, July 23, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



ယဉ်ကျေးမှုအမွေအနှစ်များ
မထိခိုက်စေရေး ဝိုင်းဝန်းကာကွယ်
*******************************


ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ရန်အတွက် အဆိုပြုစာတွဲမူကြမ်းကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် အပြီးသတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ စာတွဲပါအချက်အလက်၊ သမိုင်းကြောင်းများမှန်ကန်ခိုင်မာစေရေး စိစစ် ဆွေးနွေးအတည်ပြုခြင်းများပြုလုပ်ပြီးနောက် ပြီးပြည့်စုံသည့် အဆိုပြု စာတွဲကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စင်တာ (World Heritage Center) သို့ တင်သွင်း သွားရမည်ဖြစ်သည်။


၁၉၇၂ ခုနှစ်မှစတင်၍ နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်လျက်ရှိသော ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်ရေး အစီအစဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကမ္ဘာ့အမွေအနှစ်များအဖြစ် အဆိုပြုတင်သွင်းလာသည့် ၎င်းနိုင်ငံအသီးသီးတို့၏ အမွေအနှစ်များကိုOUV (Outstanding Universal Value)ခေါ် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များ၊ စီမံခန့်ခွဲမှုများဖြင့် တိုင်းတာအကဲဖြတ်ပြီး ကိုက်ညီသည့်နေရာဒေသများကို ကမ္ဘာ့အမွေအနှစ်များအဖြစ် သတ်မှတ် ခြင်းဖြစ်သည်။ ဤသို့အမွေအနှစ်စာရင်းတွင် သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီစံတန်ဖိုးများ (Outstanding Universal Value) ရှိခြင်း၊ တိကျသောနယ်နိမိတ်သတ်မှတ်ထားခြင်း၊ ထိန်းသိမ်းမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုတို့ ပြည့်စုံလုံလောက်ခြင်းဟူသော အခြေခံအချက်များရှိနေရမည်ဖြစ်သည်။ ကမ္ဘာ့အဆင့်မီစံတန်ဖိုးကိုဆန်းစစ်ရာတွင် ခိုင်မာမှုရှိ ခြင်း(Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity)၊ စံတန်ဖိုး(၂)(၃)(၄)တို့တွင် ဆိုင်ရာအထောက်အထား လက္ခဏာများကို ကောင်းစွာ ဖော်ထုတ်ပြသနိုင်ခြင်း၊ ရှေးဟောင်းသုတေသန အထောက်အထားများကို ခေတ်မီသိပ္ပံနည်းဖြင့် ဓာတ်ခွဲစမ်းသပ်ရာတွင် တိကျခိုင်မာသော ခေတ်ကာလသက်တမ်းကို သတ်မှတ်နိုင်ခြင်း၊ ဗိသုကာလက်ရာနှင့် စာပေ မှတ်တမ်းအထောက်အထားတို့ကလည်း ခေတ်ကာလသက်တမ်းသတ်မှတ် ချက်ကို ကောင်းစွာ အထောက်အပံ့ပေးနိုင်ခြင်း စသည့် သက်သေပြချက် များနှင့်အတူ ပျူမြို့ဟောင်းများ(ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) တို့သည် ၂၀၁၄ ခုနှစ်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်ခံရပြီး ယခု ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင်ကျင်းပသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်ခံခဲ့ရသည်။


ယခုအခါ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ အဖြစ်စာရင်းသွင်းနိုင်ရန်အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ကုလသမဂ္ဂယူနက်စကိုမှ တာဝန်ရှိသူများကလည်း လေ့လာလျက် ရှိနေသည်ဟုသိရသည်။ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး စစ်မှန် ခိုင်မာသော အထောက်အထားများနှင့်အတူ မြောက်ဦးဒေသ၏အထင် အရှားရှိခဲ့သည့် သမိုင်းမှတ်တမ်းများအရ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အလားအလာကောင်းများရှိနေသည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရခြင်းတွင် က္ဘာတွင်ဂုဏ်သိက္ခာမြင့်မား ခြင်းနှင့် အတူ ကမ္ဘာအရပ်ရပ်မှပညာရှင်များ၊ သုတေသီများ လာရောက်ကြ မည်ဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နည်းပညာများ တိုးတက်ရရှိလာနိုင်ခြင်း၊ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်နှင့်စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိလာ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ပညာရှင်များ က သုံးသပ်ပြောကြားထားသည်များလည်း ရှိသည်။


လက်ရှိအခြေအနေတွင်မူ မြောက်ဦးသည် လက်နက်ကိုင်တိုက်ခိုက်မှု များနှင့်အတူ ငြိမ်းချမ်းမှုပျက်ပြားနေသည့် အခြေအနေတွင် ရောက်ရှိနေ သည်။ စစ်မက်ဘေးကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးနိုင်သည်ကို ရဟန်းရှင်လူတိုင်းရင်းသားပြည်သူများ၏ စိုးရိမ်ပူပန်မှုများလည်းရှိနေသည်ဖြစ်ရာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာမည့် အလားအလာများရှိနေသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များ မထိခိုက်စေရေး ဝိုင်းဝန်းကာကွယ်ပေးကြရပါမည့်အကြောင်း။ ။



No comments:

Post a Comment