Friday, July 12, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



ဂုဏ်သိက္ခာ ကြီးမြင့်ကြဖို့ . . .
==================

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကား မြန်မာနိုင်ငံသားတို့အတွက် ကြီးမြင့်လှပါသည်။ ထိုဂုဏ်ကျေးဇူးတို့အတွက် နိုင်ငံသားတို့ကလည်း အစဉ်လို အမှတ်ရ ကြည်ညိုမိကြပါသည်။


ဤသို့ ကြည်ညိုလေးမြတ်ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာရှိမှုကို အထူးတလည် ဖော်ထုတ်ကြလေ့ရှိ၏။ ဗိုလ်ချုပ်က တစ်ခေတ်တစ်ယောက်ဆိုသလို ခေါင်းဆောင်ကောင်းဖြစ်ခဲ့သူ ဖြစ်ပါ သည်။
ယေဘုယျအားဖြင့် လောကလူ့ရွာတွင် လူတို့၏ ဂုဏ်ဟူသည် မိမိတာဝန်ယူဆောင်ရွက်သည့် အလုပ်ပေါ်မှာတည်၏။ မည်ရွေ့မည်မျှ သော အလုပ်တာဝန်ကြီးကြီးကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင် သည်လဲ ဟူသည့်ပေါ်တွင် မူတည်၍ ထိုသူတွင် ဂုဏ်ရှိ၏။ လိုတိုရှင်းဆိုရလျှင် အလုပ်ကို မှန်မှန်ကန်ကန်လုပ်သူ ဂုဏ်ရှိ၏။


ရာထူးအာဏာ တာဝန်ယူထားသူ ဆိုကာမျှနှင့် ဂုဏ်ကြီးသူ မဖြစ် သေး။ ထိုရာထူးအာဏာ တာဝန်တို့ကို မည်မျှ မှန်မှန်ကန်ကန် ကျေကျေ ပွန်ပွန် ဆောင်ရွက်သလဲဆိုသည့် အပေါ်မူတည်ကာ ဂုဏ်ကြီးသူ ဂုဏ်မြင့်သူအဖြစ် လူတို့က လေးစားရိုသေကြချေသည်။


အများသူငါအကျိုးငှာ လုပ်ငန်းတာဝန်ကြီးကြီးများကို ကျေပွန် အောင် ထမ်းဆောင်နိုင်သူများသည် ပို၍မြင့်မြတ် ကြီးကျယ်သော ဂုဏ်ရှိသူများ ဖြစ်လာလေသည်။ နိုင်ငံအကျိုး၊ အများပြည်သူအကျိုး ကမ္ဘာသူ ကမ္ဘာသားတို့၏အကျိုးကို ဆောင်ရွက်နိုင်သူများ၊ နိုင်ငံတကာ နှင့်ယှဉ်သည့် လုပ်ငန်းလုပ်ဆောင် အောင်မြင်သူများသည် ဂုဏ်ကြီးသူ များ ဖြစ်လာကြသည်။ ထိုသို့ဆောင်ရွက်နိုင်သူတို့ကို လူမှုဝန်းကျင်က ဂုဏ်ပြုကြ၏။ ထိုသို့သော ဂုဏ်ကြီးသူများအတွက် ဂုဏ်ယူကြ၏။ ဗိုလ်ချုပ်သည် ကျောင်းသားခေါင်းဆောင်ဘ၀၊ သခင်နိုင်ငံရေးသမားဘ၀၊ တပ်မတော်သားတပ်မတော်ခေါင်းဆောင်ဘ၀၊ နိုင်ငံရေးခေါင်းဆောင်ဘ၀ အမျိုးသားခေါင်းဆောင်ဘ၀ ဖြတ်သန်းခဲ့ရသမျှကာလများတွင် လွန်စွာ တာဝန်ကျေပွန်ခဲ့သူ။


သူက သည်လို ဂုဏ်ကြီးမြင့်သည်သာမက ကျင့်ဝတ်ကို ကျကျနန စောင့်ထိန်းသည့် သိက္ခာအလွန်ရှိသူလည်းဖြစ်၏။ လူမှုအဖွဲ့ အစည်းတွင် သာမန်လူတို့ထက်များစွာပိုမိုကာ သိက္ခာတော်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်ကြသူများ၊ ကျင့်ကြံပြောဆိုကြသူများကို သိက္ခာကြီးသူများဟု သတ်မှတ်ကာ လေးစားကြည်ညိုကြကုန်၏။ သိက္ခာသည် စောင့်ထိန်း ကျင့်ကြံမှုပေါ်တွင်တည်၏။ ဝတ်ဖြူစင်ကြယ် ခြုံထားရုံဖြင့် မြင့်မြတ်သည့် သိက္ခာတည်ပြီ ၊ သိက္ခာတော်တို့ဖြင့် ပြည့်၀ပြီဟူ၍ မရှိ။ သူတစ်ပါးကို ထိခိုက်နစ်နာမှုမရှိအောင် သီလကို စောင့်ထိန်းနိုင်ပါမှ၊ သူတစ်ပါးအကျိုး များစေသောငှာ ကျင့်ကြံပြောဆို လုပ်ကိုင်နိုင်ပါမှ၊ လူမှုအဖွဲ့အစည်းက ပြဋ္ဌာန်းသတ်မှတ်ထားသည့် ဓလေ့ထုံးတမ်း လိုက်နာရမည့်ကျင့်ဝတ်တို့ နှင့်အညီ နေထိုင်ရှင်သန်နိုင်ပါမှ သိက္ခာကြီးသူ၊ မြင့်မြတ်သော သိက္ခာ ရှိသူဟု ဆိုရမည် ဖြစ်ပါ၏။ သီလသိက္ခာကြီးသူများသည် အမှန်တရားကို သာ ပြောဆို၏။ မှန်ကန်စွာ သိမြင်ဖို့ ကြိုးစား၏။ မှန်ကန်စွာ တွေးတော ၏။ မှန်ကန်စွာ ကျင့်ကြံဆောင်ရွက်ကြ၏။ ဗိုလ်ချုပ်အောင်ဆန်း က ဤသို့သော သီလသိက္ခာများကို စောင့်ထိန်းကာ နိုင်ငံအတွက် အောင်အောင်မြင်မြင် တည်ဆောက်သွားနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါသည်။


ဦးအောင်ဆန်းကဲ့သို့သော ဂုဏ်ရော သိက္ခာရောရှိသူများ၊ ဂုဏ်သိက္ခာ မြင့်မားသူများ များပြားသည့် လူမှုအဖွဲ့အစည်းသည် အလိုလို ဂုဏ်သိက္ခာ မြင့်မားလာသည်သာဖြစ်၏။ ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ လူမျိုး ဂုဏ်၊ လူမျိုးသိက္ခာဟူ၍ ဂုဏ်ယူကြွေးကြော်နိုင်ရန်အတွက် ထိုလူမျိုး ထိုအဖွဲ့အစည်းတွင် အထက်၌ဆိုခဲ့သော ထိုဂုဏ် ထိုသိက္ခာတို့ အမှန် တကယ် ရှိရန်လို၏။


မိမိတို့ ရောက်ရာနေရာ၊ ယူထားသည့်တာဝန်ကို အမှန်တကယ် ကျေကျေပွန်ပွန် ဆောင်ရွက်ကြသည်လား၊ အမှန်တကယ် အောင်မြင် အောင် အားထုတ်ကြိုးပမ်းကြသည်လား။


မိမိတို့ စောင့်ထိန်းကြရမည့် သီလကျင့်ဝတ်များ ဥပဒေစည်းကမ်း များကို အမှန်တကယ် စောင့်ထိန်းလိုက်နာကြသည်လား၊ အမှန်တကယ် ကျင့်ကြံကြိုးကုတ်ကြသည်လားဟူသည်ကို ဆန်းစစ်ကြရန် လိုပါမည်။ ထိုဂုဏ်သိက္ခာတို့ဖြင့် ညီသောသူ အများစုရှိလာသည့် လူမျိုး၊ လူမှုအဖွဲ့ အစည်းဖြစ်လာပါမှ နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာကြီးမြင့်သော လူမျိုးအဖြစ် တင့်တယ်နိုင်မည်ဖြစ်ပါသည်။


ဂုဏ်သိက္ခာကို အပေါ်ယံ ဟန်ပန်များဖြင့်မရ။ ရိုးဖြောင့်ဖြူစင်စွာ အများအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ သူတစ်ပါးကို နစ်နာမသွားအောင် စောင့်ထိန်းနိုင်ခြင်း၊ အမှန်တရားကို သိမြင် ပြောဆို ကျင့်ကြံခြင်းတို့ဖြင့် မိမိတို့၏ဂုဏ်သိက္ခာကို တိုးတက်ကြီးမြတ် ရိုသေလေးမြတ်ဖွယ်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေသတည်း။ ။

No comments:

Post a Comment