Friday, July 12, 2019

၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့် အမှာစကား ပြောကြား
Image may contain: one or more people, crowd and indoor
နေပြည်တော် ဇူလိုင် ၁၁
၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ် အေး၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ(INGOs)နှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ(INGOs)များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လျင်မြန်စွာတိုးပွားလာ
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၇၀ဝ ကျော်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း ၈၅၀ဝ ခန့်ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဆင်းရဲသည့်နိုင်ငံ များတွင် လူဦးရေ လျင်မြန်စွာတိုးပွားနေသောကြောင့် နောက်ဆက်တွဲ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင် နေကြရပါကြောင်း၊ လူဦးရေ လျင်မြန်စွာ တိုးပွားလာခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အရောက်လှမ်းနိုင်ရန် အဟန့်အတားများထဲမှ တစ်ခုဖြစ်ပါ ကြောင်း။
မိသားစုစီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အခွင့် အရေးများကို မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲနွမ်း ပါးမှုကို လျှော့ချနိုင်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ကျား၊ မ သာတူညီမျှရှိစေရေးစသည့် လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာစေရန်အတွက် များစွာ ထိရောက်စေမည်ဖြစ်ပါကြောင်း။
လက်ရှိကမ္ဘာ့နိုင်ငံများတွင် လူဦးရေဆုလာဘ်ရရှိ နေသည့် နိုင်ငံများရှိသကဲ့သို့ လူဦးရေတိုးပွားမှု နည်းလွန်း ခြင်းကြောင့် သက်ကြီးလူဦးရေများပြားလာပြီး လုပ်သား အင်အားရှားပါးလာမှု၊ လူမှုကာကွယ်စောင့် ရှောက်ရေး ဆိုင်ရာ ငွေကြေးခွဲဝေသုံးစွဲမှု စသည့် ပြဿနာများကို ရင်ဆိုင်နေရသည့် နိုင်ငံများလည်းရှိနေပါကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးနိုင်
လူဦးရေဆုလာဘ်ကို အကျိုးရှိစွာ အသုံးချနိုင်မည် ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးနိုင်ပါ ကြောင်း၊ ထို့ပြင် ရွှေ့ပြောင်းသွားလာနေထိုင် အလုပ် လုပ်ကိုင်မှု မြင့်မားနေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ ပြောင်းလဲမှုတွင် အဓိကကျသည့် အကြောင်းအရာတစ်ခု ဖြစ်ပါကြောင်း။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် က္ဘာလုံးဆိုင်ရာ အနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့်ဖြစ်စေ အရေးတကြီး ဦးစားပေး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ အကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လာစေ ရန် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ကျင်းပကြပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် အကြိမ်(၃၀)မြောက် ဖြစ်ပါကြောင်း။
ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်
ကမ္ဘာလူဦးရေသန်း ၅၀ဝ၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပြီး ၁၉၈၉ ခုနှစ်မှစပြီး ယခု လို အခမ်းအနားများ ကျင်းပလာခဲ့ပါကြောင်း၊ ကမ္ဘာနဲ့ အဝန်း ကျင်းပနိုင်ရန်အတွက် ကမ္ဘာလူဦးရေနေ့ ဆောင်ပုဒ် များကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က နှစ်စဉ် သတ်မှတ်ပေးခဲ့ရာ ယခုနှစ် ဆောင်ပုဒ်သည် ကတိကဝတ် များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅)နှစ်မြောက် ICPD ကို ဂုဏ်ပြုစို့ (25 years of the ICPD: 25 years of the ICPD: Accelerating the promise) ဖြစ်ပါကြောင်း။
အဆိုပါဆောင်ပုဒ်သည် ယခုနှစ် နိုဝင်ဘာလတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ကျင်းပပြုလုပ်မည့် (၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်လည်း ဖြစ်ပါကြောင်း။
ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်၏ အဓိက ဦးတည်ချက်သည် ၁၉၉၄ ခုနှစ်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံ (International Conference International Conference on Population and Development -ICPD) က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ညီလာခံကျင်းပပြီး ခဲ့သည့် (၂၅)နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်နိုင်မှုနှင့်ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန်နှင့် အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများသည် မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြှင့် တင်ရေးနှင့် ကျား၊ မ တန်းတူ ညီမျှမှုရရှိရေးတို့ပင်ဖြစ်ပါကြောင်း။
၅၈ ရာခိုင်နှုန်းအထိ တိုးတက်
မျိုးဆက်ပွားကျန်းမာရေးကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များအရ ၁၉၉၄ ခုနှစ်တွင် ခေတ်မီ သားဆက်ခြားနည်းလမ်းသုံးစွဲမှုနှုန်းသည် ၅၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းအထိ တိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း။
ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများတွင်ရှိသည့် အမျိုးသမီးများ၏ ခေတ်မီသားဆက်ခြားနည်းလမ်း အသုံး ပြုမှု သည် ၁၉၉၄ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာ သည့်အတွက် ကောင်းမွန်သည့် တိုးတက်မှုတစ်ခုပင် ဖြစ်ပါကြောင်း။
ထို့ပြင် ကလေးမွေးဖွားမှုနှုန်းတွင်လည်း ကမ္ဘာပေါ်တွင် ၁၉၉၄ ခုနှစ်က အမျိုးသမီးတစ်ဦးလျှင် ကလေး ၂ ဒသမ ၉ ဦးနှုန်း မွေးဖွားခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကလေး ၂ ဒသမ ၅ ဦးနှုန်းအထိ ကျဆင်းလာခဲ့ပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၁၉၉၄ ခုနှစ်၌ အမျိုးသမီးတစ်ဦးလျှင် ကလေး ၅ ဒသမ ၆ ဦးနှုန်း မွေးဖွားခဲ့ရာက ၂၀၁၉ ခုနှစ် တွင် ၃ ဒသမ ၉ ဦးနှုန်းအထိ သိသိသာသာ ကျဆင်း လာခဲ့ပါကြောင်း။
ထို့အတူ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း ကိုလည်း လျှော့ချနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၌ အရှင်မွေး ကလေးတစ်သိန်း တွင် ကိုယ်ဝန်ဆောင်မိခင် ၃၆၉ ဦး သေဆုံးခဲ့ရာမှ ၂၀၁၅ ခုနှစ်၌ ကိုယ်ဝန်ဆောင်မိခင် ၂၁၆ ဦးခန့်သာ သေဆုံး သည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံပြီး လူဦးရေ ခန့်မှန်း တွက်ချက်မှုအရ ၂၀၁၉ ခုနှစ်တွင် လူဦးရေ ၅၄ သန်း ကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ သန်းကျော်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ လက်ရှိတွင် လူဦးရေ ဆုလာဘ်ကို ရရှိနေသည့်အတွက် ထိထိမိမိ အသုံးချနိုင် ရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိရောက်ရောက် ထည့်သွင်း အသုံးချရန် လိုအပ်သကဲ့သို့ အနာဂတ်တွင် သက်ကြီးလူဦး ရေ များပြားလာမည်ဖြစ်သည့်အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် အားကောင်း လာ စေရန် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
အလေးထား အကောင်အထည်ဖော်
မြန်မာနိုင်ငံသည် ICPD တွင် စတင်လက်မှတ် ရေးထိုးချိန်မှစပြီး လုပ်ငန်းလမ်းညွှန်ချက်များကို အလေး ထား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိခင်သေဆုံးမှု လျော့ကျစေရေး ဆောင်ရွက်မှုအနေဖြင့် ၁၉၉၀ ပြည့်နှစ်က အရှင်မွေးကလေးတစ်သိန်းတွင် မိခင် သေဆုံးမှု ၄၅၃ ဦး၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အရှင်မွေးကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု ၂၈၂ ဦးရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ အရှင်မွေး ကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု ၁၇၈ ဦးအထိ ကျဆင်းသွားသည်ကို တွေ့ရှိရပြီး ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုန်းအနေဖြင့် မြင့်မား နေဆဲ ဖြစ်သည်ကို တွေ့ရ ပါကြောင်း။
မူဝါဒများ ပြင်ဆင်ရေးဆွဲ
မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို လက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများ (Sexual and Reproductive Health and Rights) နှင့် စပ်လျဉ်းပြီး မူဝါဒများ
ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် သားဆက်ခြားကျန်းမာရေး စောင့်ရှောက်မှုနှင့် အမျိုးသမီးများ၏ ဘဝအဆင့်အတန်း မြှင့်တင်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင် ရွက်သည့် မိသားစုကျန်းမာရေးစီမံကိန်း ၂၀၂၀ (Family Planning 2020) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကတိကဝတ်ပြုခဲ့ပါကြောင်း၊ အိမ်ထောင်သည်အမျိုးသမီး များအတွင်း သားဆက်ခြားဆေးဝါး သုံးစွဲမှုနှုန်းသည် ၁၉၉၁ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းအရ ၅၁ ရာခိုင်နှုန်းအထိ တိုးတက် လာသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပါကြောင်း။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းများကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ယခုလက်ရှိ ၂၀၁၃ - ၂၀၂၂ စီမံကိန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW)ကိုလည်း ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ တွင် ကျား၊ မနှင့် အမျိုးသမီးအခွင့်အရေး များ ထည့်သွင်းထားသည်ကို ထင်ထင်ရှားရှားတွေ့ရမည် ဖြစ်ပါကြောင်း။
ဖိတ်ခေါ်ဆောင်ရွက်
မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှမှု ရရှိရေး စသည့်ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်နေသည့်မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေသစ်များ ပေါ်ပေါက်လာနိုင်စေရန်နှင့် ရှိပြီးသည်များကိုလည်း လက်ရှိအခြေအနေနှင့် လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ဆက်စပ်အဖွဲ့ အစည်းများ ပါဝင်လာစေရေးအတွက် ဖိတ်ခေါ်ဆောင်ရွက် နေသကဲ့သို့ မိမိတို့အစိုးရဝန်ကြီးဌာနများကလည်း အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့် မှတ်ယူဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကတိကဝတ်များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅) နှစ်မြောက် ICPD ကို ဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် အချက်အလက် များကို ဏသတနမ ဏသငညအ ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မိသားစုစီမံကိန်းနှင့်ပတ်သက်သည့် ဗီဒီယို နှင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် ကတိကဝတ်များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅) နှစ်မြောက် ICPD ကိုဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဆောင်ပုဒ်နှင့်ပတ်သက်သည့် Animation Video Clip ကို ပြသသည်။
ယင်းနောက် Association of FrancoisXavier Bagnoud ( AFXB Myanmar ) လူငယ် အဖွဲ့က ငွေရတု သဘင်ညီလာဆင်ကဗျာကို ရွတ်ဆိုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက် လာကြ သည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်ပြခန်းငယ် များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက် ကျင်းပပြီး လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံ မတိုင်မီ အခြေအနေနှင့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြောင်းလဲသွားသော အခြေအနေများနှင့်ပတ်သက်၍ အမျိုးသမီးများ၊ လူငယ်များ၏ သဘောထားအမြင်များကို ဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment