Saturday, June 1, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယဝန်ကြီးချုပ်၏ ဒုတိယအကြိမ် သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
Image may contain: 9 people, people smiling, people standing and wedding
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယ အကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် မေ ၃၀ ရက်မှ ၃၁ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် မေ ၃၀ ရက် နံနက်ပိုင်းတွင် နယူးဒေလီ မြို့ Palam လေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိ ခဲ့ပြီး မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနေအိမ်၌ သံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်သော မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ နှင့် မိသားစုဝင်များအား တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတ သည် အမျိုးသားပြတိုက်နှင့် India Gat တို့သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် နယူးဒေလီမြို့ရှိ အိန္ဒိယသမ္မတအိမ်တော် (Rashtrapati Bhavan) တွင် ကျင်းပသော အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် အိန္ဒိယသမ္မတ၏ ရှေ့မှောက်၌ အိန္ဒိယ ဝန်ကြီးချုပ်နှင့် ၎င်း၏ အစိုးရအဖွဲ့၊ ဝန်ကြီးများ ကောင်စီ အဖွဲ့ဝင်များက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ အခမ်း အနားတွင် နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် အား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်လျက် ရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒုတိယသက်တမ်းကာလတွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်နိုင်ရေးအတွက် ဆုမွန်တောင်းကြောင်း နှုတ်ဆက် စကား ပြောကြားခဲ့သည်။ အခမ်းအနားပြီးနောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်က တည်ခင်းဧည့်ခံသော ညစာစားပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့သည်။ ညစာစားပွဲတွင် နိုင်ငံတော် သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် ဒုတိယသမ္မတ ရှရီအမ်၊ ဗန်ကေ နိုင်ဒူတို့နှင့်လည်း ခင်မင်ရင်းနှီးစွာ တွေ့ဆုံ ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခွင့်ရရှိခဲ့သည်။
ဝန်ကြီးချုပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ကာဂျစ်စတန်သမ္မတနိုင်ငံ သမ္မတ၊ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊ မောရစ်ရှပ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ဘူတန်နိုင်ငံ ဝန်ကြီးချုပ်၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ ဝန်ကြီးတို့ လည်း တက်ရောက်ခဲ့ကြသည်။ ဖော်ပြပါ အခမ်းအနား သို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတို့အား အထူးဧည့်သည်တော်များအဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းအခမ်း အနားသို့ ပြည်ပမှ အထူးဧည့်သည်တော်ခေါင်းဆောင် များ၊ သံတမန်များ၊ အိန္ဒိယအမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (National Democratic Alliance) မှ ခေါင်းဆောင်များနှင့် နိုင်ငံတော်အဆင့် နှင့် ပြည်နယ်အဆင့်တို့မှ နိုင်ငံရေးအဖွဲ့အစည်း ကိုယ်စားလှယ် များအပါအဝင် ကိုယ်စားလှယ် (၇၀ဝ၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် အထူးလေယာဉ် ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါခရီးစဉ်သို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်။

No comments:

Post a Comment