Wednesday, June 5, 2019

ဂျပန်-အမေရိကန် မဟာမိတ်ပြုမှုတိုးမြှင့်ရန် ရှင်ဇိုအာဘေးနှင့် ရှာနာဟန် သဘောတူ
Image may contain: 3 people
တိုကျို ဇွန် ၄
နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ မဟာမိတ်ပြုမှုတိုးမြှင့်ရန် နှင့် အင်ဒို-ပစိဖိတ်ဒေသတစ်လျှောက် တည်ငြိမ်မှုမြှင့်တင် ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ပတ်ထရက်ရှာနာဟန်နှင့် သဘောတူခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မိမိတို့ မျှော်လင့် ပါကြောင်း တိုကျိုမြို့တော်၌ကျင်းပသည့် အစည်းအဝေး ၌ ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲခဲ့သည့် ဂျပန်နိုင်ငံသားများအရေး ဖြေရှင်းရာ တွင် ပံ့ပိုးကူညီရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် ချထားဆဲဖြစ်ကြောင်း ရှာနာဟန်က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့လာရောက်သည့် ရှာနာဟန်၏ခရီးစဉ်မှာ စင်ကာပူတွင် ကျင်းပသော ဒေသဆိုင်ရာ လုံခြုံရေးအစည်း အဝေး တက်ရောက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရှာနာဟန်သည် ယင်းအစည်းအဝေးတွင် ဂျပန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံကာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး မြောက်ကိုရီးယား နိုင်ငံကို တိုက်တွန်းရန် သဘောတူခဲ့သည်။
ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှာ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့သည်။ ရှာနာဟန်သည် ဂျပန်ကာကွယ်ရေးဝန်ကြီး တာကဲရှိအိုင်ဝါယာနှင့်လည်း တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့ဖွယ်ရှိ ကြောင်း ဂျပန်တာဝန်ရှိသူများက ပြောကြားသည်။ 

သမ္မတ ဒေါ်နယ်ထရန့်က ရှာနာဟန်ကို ကာကွယ် ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်ရည်ရွယ်သော်လည်း အမေရိကန်အထက်လွှတ်တော်၏ အတည်ပြုချက်မရသေး ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment