Thursday, June 6, 2019

ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဗီယက်နမ်နှင့် အီတလီ သဘောတူ
Image may contain: 2 people, people smiling, people standing and suit
ဟနွိုင်း ဇွန် ၅
ဗီယက်နမ်နှင့် အီတလီဝန်ကြီးချုပ်တို့သည် ဇွန် ၅ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ထိတွေ့ဆက်သွယ်မှု၊ အပြန်အလှန်သွားရောက်လည်ပတ်မှုနှင့် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက် မှုတို့ကို တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုနှင့် ဗီယက်နမ်နိုင်ငံသို့ တရားဝင် ခရီးအဖြစ် ရောက်ရှိနေသော အီတလီဝန်ကြီးချုပ် ဂျီယာဆေပီကွန်တေတို့ တွေ့ဆုံစဉ် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လေ့ကျင့်မှု၊ သိပ္ပံ၊ နည်းပညာ၊ လုံခြုံရေး၊ အမျိုးသားကာကွယ်ရေး၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်မှုနှင့် ဒေသတွင်း ချိတ်ဆက်မှု အစရှိသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ထို့အပြင် ဗီယက်နမ်နှင့် အီတလီဝန်ကြီးချုပ်တို့သည် ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် အီတလီကုမ္ပဏီများအတွက် ပိုမိုသင့်လျော်သော အခြေအနေ ဖန်တီးပေးရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကို လာမည့် ၂၀၂၀ ပြည့် နှစ်တွင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနှင့် နောက်လာမည့်နှစ်များတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်း အားထုတ်ကြရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။
အီတလီဝန်ကြီးချုပ်သည် ဇွန် ၆ ရက်တွင် ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံ-အီတလီ စီးပွားရေးဖိုရမ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ် နိုင်ငံမှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။ ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ

No comments:

Post a Comment